ကျွန်တော် မျက်စိရှေ့က လမ်းသရဲရုပ်တွေကို ကြည့်နေမိတယ်။ ဒီထဲက တစ်ချို့တစ်လေကိုတော့ မြင်ဖူးသလိုလို၊ ဘာလိုလိုရှိပေမဲ့ ရုတ်တရတ်မို့လားမသိဘူး။ ဘယ်သူတွေဆိုပြီး အစဖော်လို့မရဘူး။ သူတို့ရောက်လာတဲ့အချိန်မှာ စားလက်စ ရေခဲချောင်းလေးတောင်လက်ထဲမှာ ရှိနေသေးတယ်။
"မင်းတို့က ဘာကောင်တွေလဲ"
"အံ့ပါ့။ မမှတ်မိဘူးလား"
ရေခဲချောင်းကို ကိုက်လက်စကနေပဲ ခေါင်းခါပြလိုက်မိတယ်။ လူအရိပ်အခြည်ကိုကြည့်လိုက်တော့ လူတော်တော်များတာ သတိထားမိတယ်။ ဆယ်ယောက်ကျော်လောက်။ ကျွန်တော် စိတ်ရှုပ်စရာရှိလာရင် တစ်ယောက်တည်းရောက်လာနေကျ ဒီနေရာကို ဒီလူအုပ်ကြီးက ဘာလာလုပ်တာတုန်း။
"မျိုးမြင့်ထွန်းကသာ မင်းကို လွှတ်ပေးပါဘာညာပြောနေတာ။ ဒီကောင်ကတော့...ဟမ်...ဟိုကောင့်ကို ခေါင်းထဲတောင် ရှိတဲ့ပုံမပေါက်ဘူး။ မျိုးမြင့်ထွန်းသူငယ်ချင်းတွေကိုမမှတ်မိဘူးတဲ့လား"
"သြော"
အခုမှ မှတ်မိသွားတယ်။ ဒါပေမဲ့ သူတို့ ကျွန်တော့်ရှေ့ရောက်နေတာကို အံ့သြတကြီးဖြစ်ရအောင် သူတို့က အိုဘားမားလည်းမဟုတ်ဘူး။ ခရိုနီစစ်တပ်ကြီးလည်း မဟုတ်ဘူး။ ရေခဲချောင်းဝါးလက်စကနေပဲ "သြော"လိုက်တော့ ကျွန်တော့်အပြုအမူက သူတို့အတွက် ရိုင်းသွားတာလားမသိပါဘူး။ အုပ်စုထဲကနေ ခေါင်းဆောင်လိုလို ဘာလိုလို လူတစ်ယောက်က ဆရာကြီးစတိုင်နဲ့ ထွက်လာတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ရာကူဇာကားထဲ ရောက်သွားတယ်ထင်သွားတာပါဆို။
"ငါက ရဲနောင်ဇော်"
"အေး ငါက သော်ညံ"
"ဘာ"
"မင်းနာမည်မိတ်ဆက်တာမဟုတ်ဘူးလား"
"ဘာကွ။ မင်းငါ့ကို မမှတ်မိတာလား၊ ကိုယ့်ကိုယ်ကိုယ် ဘာကောင်ကြီး ထင်နေတာလား"
"မင်းကိုမမှတ်မိတာလည်း ဟုတ်တယ်။ ကိုယ့်ကိုယ်ကိုယ် အကောင်ကြီး ထင်နေတာလည်းဟုတ်တယ်။ အဲ့ကျတော့ ငါ့ဟာငါအေးဆေးနေနေတာကို မနှောက်ယှက်ဘဲနဲ့ ကိုယ့်လမ်းကိုယ် ဆက်သွားကြပါလား"