Chapter 30

334 33 22
                                    

"တကယ် အဆင်ပြေလို့လား"

သူ့သူငယ်ချင်းနှစ်ယောက်ပြန်ပါသွားတဲ့ ကားလေးကို လိုက်ငေးနေတဲ့ ထွေးငယ်ကို လှမ်းမေးလိုက်တော့မှ ထွေးငယ်က သက်ပြင်းတစ်ချက်ချရင်း တည်မြဲဘက်ပြန်လှည့်လာတယ်။

"မပြောတတ်ဘူး။ သူတို့ကတော့ ရပါတယ်ပြောပေမဲ့...မိန်းကလေးတွေရဲ့ စိတ်ကို နင်လည်း သိရဲ့သားနဲ့ဟာ"

ဒါပေမဲ့လည်း အဲ့ဒီအချိန်တုန်းက သော်ညံသာထမပြောလိုက်ရင်လည်း ဒီကောင်မလေးနှစ်ယောက်က စစ်နေရည်ကို ပြန်ပေးဆွဲသွားတော့မလားတောင်မသိဘူး။ တည်မြဲကိုယ်တိုင်လည်း မျက်စိထဲ ကိုးလို့ကန့်လန့်ဖြစ်နေပေမဲ့ အားနာလို့သာ ဘာမှမပြောနိုင်ခဲ့တာ။ ဒါကတော့ ထွေးငယ်ကို ပြောလို့မဖြစ်တဲ့စကားပါ။

"နင်ရော..."

"ဟင်"

"နင်တကယ် ငါနင့်ကို ကြိုးရှည်ရှည်နဲ့ လှန်ထားတယ်လို့ မြင်နေတာလား"

အဲ့ဒီကျမှ ထွေးငယ် အတွေးထဲ ဒီစကားက ရှိနေတုန်းပဲဆိုတာ သိလိုက်တယ်။

"မဟုတ်ဘူး။ မဟုတ်ပါဘူး။ ငါအဲ့လိုမတွေးပါဘူး"

"ဒါပေမဲ့ ငါတို့ကြားထဲကို တစ်ခါမှ ဝင်မပါတဲ့ သော်ညံကတောင် ဒီလိုပြောနေပြီဆိုတော့..."

"ငါက ရပါတယ်"

မျက်နှာလေးညှိုးတာနဲ့ မနေတတ်တော့တာလည်း တည်မြဲပဲမလား။ ရိုးရိုးရှင်းရှင်း ဂျင်းဘောင်းဘီတစ်ထည်နဲ့ ရှပ်အင်္ကျီတစ်ထည်ပဲဝတ်ထားပြီး ဆံပင်ကိုလည်း အရှိအတိုင်းဖြည်ချထားတဲ့ ထွေးငယ်က ထွက်သွားပြီဖြစ်တဲ့ ကောင်မလေးနှစ်ယောက်နဲ့ အဆင်အပြင်အရမ်းကို ကွာခြားနေတယ်ဆိုပေမဲ့ အဲ့ဒီကောင်မလေးတွေလို ကိုယ့်သိက္ခာကိုယ်တောင် မထိန်းနိုင်ဘဲ သိသိသာသာဖြစ်နေမှာမျိုးကျတော့လည်း တည်မြဲက ထွေးငယ်ကို မဖြစ်စေချင်ဘူး။ ထွေးငယ်ရဲ့ မပွင့်လင်းမှုက တည်မြဲကို ဘယ်လောက်ပဲ ဒုက္ခပေးနေတာဖြစ်ဖြစ် အခုလိုလေး အိန္ဒြေရှိတာမျိုးလေးပဲ မြင်ချင်တယ်။ ဒါကလည်း မိန်းကလေးတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို လိုက်ကန့်သတ်မိနေတဲ့ အတ္တလား မပြောတတ်ပေမဲ့။

Ctrl+Z(Completed)Where stories live. Discover now