Chapter 31

328 34 54
                                    

ပြတင်းပေါက်က ပက်ဖြန်းလာတဲ့ လေအေးက ကျောပြင်တစ်ခုလုံးကို အအေးဓာတ်အဖြစ်လွှမ်းခြုံလာတဲ့ခဏမှာ ကျွန်တော်လန့်နိုးသွားတယ်။ မျက်လုံးကို ပွင့်ပွင့်ချင်းမှာ သော်ညံ့ကုတင်ရှိရာ အရင်ဆုံးလှမ်းကြည့်မိလိုက်တော့ လူကို ချက်ချင်းငုတ်တုတ်ထထိုင်မိသွားအောင် လုပ်လိုက်တာပဲ။ သော်ညံသူ့အိပ်ရာမှာ မရှိတော့ဘူး။ အချိန်က မနက်သုံးနာရီထိုးကြီး။ ယောက်ယက်ခတ်သွားတဲ့ စိတ်နဲ့ အိပ်ရာကနေ ဝုန်းခနဲ ထပြီး ရေချိုးခန်း၊ မီးဖို တစ်နေရာရာမှာ ရှိနေမလားလို့ ပတ်ကြည့်ပေမဲ့ သော်ညံတစ်ယောက် အိမ်ထဲမှာကို မရှိတော့တာပါ။

ဖုန်းဆက်ကြည့်ဖို့ ကြိုးစားလိုက်ပေမဲ့ ဖုန်းကလည်း အိမ်ထဲမှာ။ အပြင်ဘက်ကတစ်နေရာရာမှာပဲ ရှိနေမယ်ဆိုတာ သေချာနေတာမို့လို့ ဓာတ်မီးဆွဲပြီး အပြင်ကိုပြေးထွက်လာတော့ နွေးထွေးမှုတွေအကုန် လွင့်ပျောက်သွားပြီး ညရဲ့အချမ်းဓာတ်က ခန္ဓာကိုယ်ထဲ စိမ့်ဝင်လာတယ်။

ဒီလောက်အေးနေတာကို...ဘယ်များထွက်သွားတာလဲ...

"ဒီလိုနေ့တွေဆို တိုက်နောက်က ရေကန်ဘေးမှာ သွားထိုင်နေကျ"

ညဦးပိုင်းတုန်းကမှ ပြောခဲ့တဲ့စကားကို ရုတ်တရတ်သတိရမိသွားတယ်။ အဲ့ဒီမှာများလား။

တိုက်နောက်ဘက်ကို သွားတဲ့လမ်းကို မသိတာကြောင့် ပါလာတဲ့ ဓာတ်မီးကို အားကိုးပြီး တိုက်ဘေးဘက်မှာ လမ်းရှိမလားရှာတော့ ချုံထူနေတဲ့ သစ်ပင်တွေရဲ့ကြားမှာ လူတစ်ယောက်တိုးလို့ ရရုံ လမ်းသေးသေးလေးတစ်ခုတွေ့လိုက်ရတယ်။ အဲ့ဒီနေရာမှာတော့ သော်ညံရှိနေမှာပါ။ ရှိနေမှ ဖြစ်မယ်။ ညကြီးမင်းကြီး ပျောက်သွားတာမလား။ အရင်က ဘယ်လိုနေခဲ့လဲမသိပေမဲ့ ငေးကြည့်ရင်း အိပ်ပျော်သွားတဲ့ကျောပြင်က မျက်လုံးပြန်ပွင့်လာတဲ့အချိန်မှာ ပျောက်သွားတယ်ဆိုတာ ဒီလောက် စိတ်မောရမှန်း အခုမှသိတယ်။ ကျွန်တော် စိတ်ပူလှပြီ။

တွန်းတိုက်နေတဲ့ အပင်တွေကို လက်နဲ့ဖယ်ပြီး လမ်းကျဉ်းကျဉ်းရဲ့အဆုံးကို တိုးထွက်လိုက်တော့ ဟင်းလင်းပြင်ဖြစ်သွားတဲ့နေရာတစ်ခု။ ကျွန်တော့်ခြေသံကြောင့် ရှဉ့်လား၊ မြွေလားမသိနိုင်တဲ့ အကောင်လေးတစ်ကောင် ကြွေကျနေတဲ့ သစ်ရွက်ခြောက်တွေကြား ကိုယ်ယောင်ဖျောက်ရင်း ခပ်ဝေးဝေးကို ပြေးထွက်သွားတယ်။ စိတ်အေးလက်အေး သက်ပြင်းချမိတယ်။ သစ်ကိုင်းက နွယ်ပင်တွေ တို့လို့တွဲလောင်း ပြိုကျနေတဲ့ အပင်တစ်ခုရဲ့ ရှေ့မှာတော့ လရောင်ဟပ်နေတဲ့ ရေပြင်ငယ်တစ်ခုရှိပြီး အဲ့ဒီဘေးမှာ သော်ညံက ငုတ်တုတ်လေးထိုင်ပြီး အဝေးကြီးကို လှမ်းငေးလို့နေပါတယ်။

Ctrl+Z(Completed)Where stories live. Discover now