အပူပေါ်အပူဆင့်တယ်ဆိုတဲ့ ခံစားချက်ကို ရှင်သန်လာခဲ့တဲ့ ဘဝတစ်လျှောက်လုံး တစ်ခါမှ မကြုံဖူးခဲ့ဖူးဘူး။ ကျွန်တော့်ကို စိတ်ဒုက္ခအပေးနိုင်ဆုံး စစ်နေ ကျွန်တော့်ဘဝထဲကို ရောက်လာပြီး၊ ပျောက်ကွယ်သွားပြီး၊ အခုပြန်ရောက်လာပြီးတာတောင်မှ လူကို ဒီလောက်ထိ နေမထိထိုင်မသာဖြစ်အောင်လုပ်နိုင်တဲ့ ခံစားချက်မျိူး မခံစားဖူးသေးတာ။ အခုက ပထမဆုံးပဲ။
ကျောင်းပြန်တက်ပြီး နှစ်ရက်မြောက်နေ့။ ကျွန်တော့်ခြေလှမ်းတွေက ကျောင်းသားရေးရာက ဆရာမရုံးခန်းကို တက်သုတ်ရိုက်နေတယ်။ မျက်နှာထက် ဘာအမူအရာမှမပေါ်နေလောက်ဘူးဆိုတာ ကိုယ့်ကိုယ့်ကိုယ်သိသလို စိတ်ထဲမှာ ဘယ်လောက် ယောက်ယက်ခတ်နေလဲဆိုတာလည်း ကိုယ့်ကိုယ်ကိုယ်ပဲသိတယ်။
စစ်နေကို နားမလည်နိုင်ဘူး။ နားမလည်နိုင်တာထက် နားမလည်ချင်ဘူး။ သူ ကျွန်တော့်ကို သည်းခံနိုင်တာ၊ ဂရုစိုက်တာကို သိပေမဲ့ ... ဒီလိုအချိန်တိုင်း ကျွန်တော့်ခေါင်းထဲ မေးခွန်းတစ်ခုပဲ ရောက်ရောက်လာတယ်။
"ဘာလို့လဲ" "သူကျွန်တော့်ကို ဘာလို့ ဒီလောက်ကောင်းပေးနေတာလဲ"
ကျောင်းသားရေးရာထဲ လှမ်းဝင်ဝင်သွားချင်းမှာပဲ ဆရာမရုံးခန်းထဲကနေ ခေါင်းငိုက်စိုက်နဲ့ထွက်လာတဲ့ စစ်နေနဲ့ နောက်ထပ် ယောကျာ်းလေးသုံးယောက်ကို တွေ့လိုက်ရတယ်။ ဟိုဘက်ကကောင်တွေမျက်နှာမှာ ပေါက်ပြဲရာတစ်ချို့တစ်လေတောင်ရှိမနေပေမဲ့ စစ်နေ သူတို့ကို ဆိုးဆိုးရွားရွား တစ်ခုခုလုပ်လိုက်လို့သာ ကျောင်းသားတွေ ဒီကိစ္စကို ပြောနေတာ မဟုတ်ဘူးလား။
"စစ်နေ"
သူ့ရှေ့မှာ ပိတ်ရပ်လိုက်တော့မှ မော့ကြည့်လာတယ်။ ကျွန်တော်ဘာလို့လိုက်လာတာလဲဆိုပြီး နားမလည်ဖြစ်သွားပုံလည်းရတယ်။ ဟိုဘက်ကောင်တွေကို တစ်ချက်လှည့်ကြည့်ပြီး အဲ့ဒီကောင်တွေ ကျွန်တော့်ကို မမြင်ရအောင် သူ့ခန္ဓာကိုယ်နဲ့ကွယ်ရပ်တယ်။
"မင်းဒီကို ဘယ်လိုသိပြီးရောက်..."
"မင်းကမှ ဘယ်လိုဖြစ်နေတာလဲ"