Chapter 39

275 29 27
                                    

ပြန်တွေ့ရပြီဆိုတာနဲ့ တအီအီငိုပြတော့မယ်လို့ ထင်ထားတဲ့ တည်မြဲက ဒုတိယအကြိမ်ပြန်တွေ့ရတဲ့အချိန်မှာလည်း တည်ငြိမ်လွန်းနေတယ်။ အကြောင်းပြချက်ကိုသိပြီးသား။ သူ့တစ်ဘဝလုံးတောင့်တခဲ့တဲ့ ဆန္ဒကြီးက အခုသူ့လက်ထဲကို ရောက်သွားပြီမလား။ ဒီလောက်အူမြူးပြီး မျောက်အုန်းသီးရနေမယ့်အချိန်မှာတော့ သူငယ်ချင်းတစ်ယောက်ကြောင့် တငိုငိုတရယ်ရယ်ဖြစ်မနေသင့်ဘူးဆိုတာ တည်မြဲကဘက်က ကြည့်ရင်လည်း မှန်တော့မှန်ပါတယ်။

အခုလည်း သူ့မွေးနေ့ကြောင့်သူ့အိမ်ကို ရောက်နေတဲ့ စစ်နေ၊ ကျွန်တော်နဲ့ ထွေးငယ်ငြိမ်းအပြင် သူ့ကျောင်းက လူအုပ်ကြီးထဲမှာ ထွေးငယ်ငြိမ်းကလွဲရင် ကျန်တာကို လူလို့ကိုထင်တဲ့ပုံမပေါက်ဘူး။ သူငယ်ချင်းတွေ သုံးစားမရဘူးဆိုတာ အဲ့ဒါပြောတာ။

"ပြန်ချင်နေပြီလား"

စစ်နေက နံရံထောင့်လေးမှာ အသာလေးရပ်နေတဲ့ ကျွန်တော့်နားကပ်ပြီး တိုးတိုးလေးမေးတယ်။ ကျွန်တော် အခုလို လူအုပ်လိုက်ကြီးနဲ့ ဟီးဟီးဟားဟားလုပ်ရတာမကြိုက်ဘူးဆိုတာ သူသိတယ်။ ပြီးတော့ ကျန်တဲ့လူတွေက အကုန်အချင်းချင်းသိနေကြပြီး ကျွန်တော်နဲ့စစ်နေပဲ ဘေးထွက်နေတာမလား။

"ညအထိနေပေးရမယ်လို့ တည်မြဲပြောထားလို့။ မင်းက ခဏနေရင် ဆိုင်သွားရတော့မှာမလား"

"အင်း မင်းတစ်ယောက်တည်းဖြစ်ရဲ့လား"

မပိုနဲ့ ဆိုတဲ့အကြည့်နဲ့ပဲ တစ်ချက်မော့ကြည့်လိုက်မိတယ်။ စစ်နေ ပြန်ကြည့်လာတဲ့အကြည့်က သိပ်မကျေလည်တဲ့ အကြည့်။ သူက တစ်ခုခုဆို သူ့ကိုအားကိုးစေချင်တယ်။ ကျွန်တော်ကလည်း အဲ့လိုဟာမျိုး လုံးဝမလုပ်နိုင်ဘူး။ အဲ့ဒါ ကျွန်တော်တို့ နှစ်ယောက်ကြားက အကြီးမားဆုံးပြဿနာပဲ။ အခုလည်း သူ့ကို ကျွန်တော် "မသွားနဲ့ ငါနဲ့နေပေး"လို့ တစ်ခွန်းသာပြောလိုက်ရင် ဆိုင်က လှမ်းခေါ်တာကို သေချာပေါက်သွားတော့မှာမဟုတ်ဘူး။ ကျွန်တော်ကလည်း အဲ့လိုလုပ်ကို မလုပ်ချင်တာ။ တစ်စိတ်တစ်ပိုင်းအနေနဲ့ သူ့ကိုအနားနားမှာပဲ အမြဲခေါ်ထားချင်ပေမဲ့ သူ့ကို ကျွန်တော် လိုအပ်နေမိတယ်ဆိုတာကိုလည်း ထုတ်မပြချင်ဘူး။

Ctrl+Z(Completed)Where stories live. Discover now