Chapter 46

316 30 41
                                    

ကျွန်တော် အိပ်ရာကနေကြည်ကြည်လင်လင် နိုးလာတဲ့အချိန်မှာ မနက်ဆယ့်တစ်နာရီခွဲနေပြီ။ စာမေးပွဲဖြေပြီး နောက်ရက်တွေမှာ အမြဲဒီအချိန်မှပဲ အေးအေးလူလူထတတ်တာဆိုပေမဲ့ ဒီနှစ်ကတော့ အရင်နှစ်တွေနဲ့ ပြဒါးတစ်လမ်းသံတစ်လမ်းနည်းနဲ့ အိပ်ပျော်နေခဲ့တာမို့လို့ နိုးလာတာနဲ့ မျက်မှောင်က အလိုအလျောက်စနစ်နဲ့ ကြုံ့ပြီးသားပဲ။

ဟိုမသာဘယ်ရောက်သွားလဲ။

ကုတင်ပေါ်မှာ မရှိတော့တဲ့ စစ်နေကို ရှာဖို့ စောင်ကိုဆွဲဖယ်လိုက်တော့မှ သူ ကျွန်တော့်ကို သေချာသန့်ရှင်းပေးထားပြီး အောက်ပိုင်းကိုလည်း ဘောင်းဘီတစ်ထည်ပြန်စွပ်ပေးထားတာ သတိထားလိုက်မိတယ်။

"နိုးပြီလား"

အိပ်ခန်းဝင်ပေါက်ကနေ ထွက်လာတဲ့အသံကြောင့် ဗိုက်ပေါ်က ခရမ်းရင့်ရောင်အမှတ်ကြီးကို မယုံနိုင်သလို ငုံ့ကြည့်နေမိရာကနေ မော့ကြည့်လိုက်မိတယ်။ မီးဖိုထဲက ထွက်လာပုံရတဲ့ စစ်နေပုံစံကို မြင်တော့မှ ကျွန်တော့်ဗိုက်ထဲက အလိုအလျောက်အချက်ပြလာတော့တာ။ ညကတော့ အူလမ်းကြောင်းတစ်ခုလုံးကို ထိုးဖောက်ပြီး ပါးစပ်က ပြန်ထွက်လာတော့မလို ခံစားချက်ကြောင့်ပဲ ဗိုက်ပြည့်နေခဲ့တာလားမသိဘူး။ အခုက သိသိသာသာကို ဆာလောင်လာတယ်။ ဒါပေမဲ့ နေဦး။ ဒါက အရေးကြီးသေးတာ မဟုတ်ဘူး။

"နိုးပြီလားတဲ့လား"

ရန်စကားကို တမင်ပြောချင်လို့ကိုထုတ်ပြောလိုက်တာ။

"မင်းငါ့ကို ညက ဘာလုပ်လိုက်လဲရော မှတ်မိ---"

သူနဲ့မျက်နှာချင်းဆိုင် စကားပြောဖို့အတွက် ကုတင်ပေါ်က အဆင်းမှာ ခြေထောက်နှစ်ချောင်းလုံး လေဖြစ်နေသလိုမျိုး အားမရှိတော့ဘဲ ကြမ်းပြင်ပေါ်ကို ပုံခနဲခွေကျသွားတော့တယ်။ ရုတ်တရတ်မို့ လန့်သွားမိပေမဲ့ ဘာလို့ ဒီလိုဖြစ်ရတာလဲဆိုတဲ့အတွေး ခေါင်းထဲကို ချက်ချင်းဝင်လာတဲ့အချိန်မှာတော့ နားရွက်ဖျားတွေအထိ ပူတက်သွားတယ်။ ကျွန်တော်ပုံကျသွားတဲ့ဆီ ပြေးလာပြီး ကျွန်တော့်ရှေ့ဒူးတစ်ချောင်းထောင် ထိုင်ချလိုက်ရင်း ပွေ့ယူပေးလာတဲ့ စစ်နေလက်တွေကို ဒေါသကြောင့်ရော၊ ရှက်စိတ်ကြောင့်ရော ဖယ်ချလိုက်မိတယ်။

Ctrl+Z(Completed)Where stories live. Discover now