နှစ်ခါသုံးခါလောက် မြည်ပြီးတဲ့အထိ မကိုင်တဲ့ ဖုန်းနံပါတ်လေးပါ။ ဒါပေမဲ့ တည်မြဲက ဇွဲမလျှော့ဘူး။ မူးနေတာမို့လို့လည်းပါမယ်။ နည်းနည်းတရွတ်ထိုးဆန်ချင်နေမိတယ်။ တည်မြဲအရက်သောက်ထားမှန်းသိရင် ထွေးငယ်က စိတ်ဆိုးရင်ဆိုးဦးမှာ။ ဒါပေမဲ့လည်း အသံလေးဖြစ်ဖြစ် ကြားချင်နေတာ ဘယ်လိုလုပ်ရမှာလဲ နော့်လေ။
"တည်မြဲ ညဘက်ကြီး ဘာလို့လဲ"
တတီတီဆိုတာကြီးက နားမချမ်းသာအောင် နည်းနည်းအသံထပ်မြည်နေပြီးမှ အေးချမ်းချိုမြနေတဲ့ အသံရှရှလေးတစ်ခုက လေဟာနယ်ကိုဖြတ်ပြီး တည်မြဲ နားစည်ကို ရိုက်ခတ်လို့လာတယ်။
"မဟုတ်ပါဘူး"
"ဘာမဟုတ်ပါဘူးလဲ"
ထွေးငယ်က အသံလေးကအစ ချစ်ဖို့ကောင်းနေရော။ ဟီးခနဲရယ်မိသွားတော့ ထွေးငယ်က တည်မြဲမူးနေတာ သတိထားမိသွားတယ်ထင်တယ်။
"နင်သောက်ထားတာလား"
"ဟုတ်ပါ့"
"အခုဘယ်ကနေဆက်နေတာလဲ"
"အိမ်ကနေ...ငါအိမ်ပြန်ရောက်နေပါပြီဟ"
သက်ပြင်းချသံတစ်ခုထွက်လာတယ်။ ဒါကို စိတ်ပူလို့ချတဲ့ သက်ပြင်းလို့ သတ်မှတ်လို့မရပေမဲ့တည်မြဲမူးနေတယ်ဆိုတာသိသိချင်းမှာ အန္တရာယ်ကင်းရဲ့လား အရင်ဆုံးစစ်ဆေးတာဆိုတော့ တည်မြဲက သူမစိတ်ထဲ နည်းနည်းတော့ရှိတဲ့ပုံပါပဲ။
"သော်ညံနဲ့ ဟိုကောင် စစ်နေရည်တို့ ပြေလည်တဲ့ အထိမ်းအမှတ်နဲ့လေ"
"ပြေလည်တယ်လို့မပြောပါနဲ့။ စစ်နေရည်ကဖြင့် သော်ညံ့ကို လက်တောင်တင်ဖူးတာမဟုတ်ဘူး။ သူများကြားရင် နှစ်ယောက်ရန်ပြိုင်သတ်နေလို့ဆိုပြီး ထင်ဦးမယ်"
"ဘာပဲဖြစ်ဖြစ် ပြေလည်တာပဲပေါ့ဟ။ သော်ညံက စစ်နေရည်ကို အမြင်ကပ်နေတဲ့ပုံပေါက်နေတုန်းပဲ ဆိုပေမဲ့ မနှိပ်စက်တော့ဘူးနော်။ ငါ့ကိုယ်တွေ့"
"ငါတော့မထင်ပါဘူး"
ဘာစကားရှာပြီး ထပ်ပြောရမလဲတွေးပေမဲ့ တွေးမရတော့တာမို့လို့ တည်မြဲဘက်က အသံတိတ်သွားတယ်။ တည်မြဲနဲ့ထွေးငယ်နဲ့မှာဆို အမြဲတမ်း တည်မြဲကပဲ ဦးဆောင်ပြီးစကားပြောရတာမို့လို့ တည်မြဲတိတ်သွားတာနဲ့တစ်ပြိုင်နက် ထွေးငယ်ဘက်ကလည်း တိတ်သွားပါတယ်။