Chapter 40

319 32 26
                                    

တည်မြဲ ဖုန်းဆက်ပေးလာလို့ သော်ညံ့ကို သွားကြိုတဲ့အချိန်မှာ သော်ညံက ဆိုင်ထဲကနေအထွက် လမ်းဘေးပလက်ဖောင်းပေါ်မှာ တစ်ယောက်တည်း လမ်းလျှောက်လို့နေတယ်။ ကိုကို့ကို ပြန်တော့မယ်လို့ ခွင့်တောင်းပြီး ဆိုင်ထဲက ကမူးရှူးထိုးပြေးထွက်လာရတာမို့လို့ မောဟိုက်နေပေမဲ့ နားချိန်လေးတောင်မရဘူး။ လမ်းဘေးမှာ တွေ့လိုက်ရတဲ့ သော်ညံ့မျက်လုံးတွေက မြေကြီးထဲ စိုက်နေပြီ။ ဘယ်တော့မှ ယိမ်းထိုးနေအောင် မမူးတတ်တာကို ယိမ်းထိုးနေအောင် မူးတတ်တဲ့သူတွေရဲ့ ရည်းစားတွေကတော့ ကံကောင်းတာပဲလို့ ပြောလေမလား မသိပေမဲ့ ရောက်တတ်ရာရာတွေလုပ်ပြီး သူစိတ်ထဲထင်သလို ပြုမူတတ်တဲ့ သော်ညံ့လိုမူးပုံက ပိုအန္တရာယ်များပါတယ်။

အခုလည်း ဘေးလူကြည့်ရင် မူးနေတယ်လို့ ထင်ရက်စရာမရှိအောင် ခြေလှမ်းတွေက မှန်တယ်။ ဒါပေမဲ့ ပုံမှန်ဆို သာမန်လူတစ်ယောက်လိုက်မမီတဲ့ အမြန်နှုန်းနဲ့ လမ်းလျှောက်တတ်တဲ့သူမို့ အခုလို ​မြေကြီးကိုစိုက်ကြည့်ပြီး တစ်လှမ်းချင်းလှမ်းနေတာဆို သေချာပေါက် သော်ညံမူးနေတာပါပဲ။

သူ့ရှေ့မှာ သွားရပ်လိုက်တော့လည်း မော့ကြည့်နေကျ ပုံမှန်မျက်လုံးမျိုးနဲ့ပဲ မော့ကြည့်တယ်။ ပြီးတော့ ကျွန်တော့်မျက်နှာမြင်တာနဲ့ ထုံးစံအတိုင်း ရေရွတ်တော့တယ်။

"မကောင်းတဲ့ကောင်"

ခေါင်းတစ်ချက်ယမ်းလိုက်မိပြီး ပခုံးထက်က လျှောကျနေပြီဖြစ်တဲ့ သူ့အိတ်ကို ပြန်ဆွဲတင်ပေးလိုက်ရင်း လမ်းမီးရောင်မှိန်မှိန်အောက်က အသက်ရှူသံကို မသိမသာခိုးနားထောင်ကြည့်တော့ သိပ်မမှန်တော့ဘူး။ ဒီတိုင်းဆို သောက်တာ တော်တော်များသွားတဲ့ပုံပဲ။

"ငါမင်းကို မတွေ့ချင်ပါဘူးဆို ပေါ်လာရလား"

"အင်း ပေါ်လာတယ်"

ပြီးပြီးရော တုံ့ပြန်လိုက်ရင်း သူ့လက်ကိုဆွဲကာ ကျောပြင်ပေါ် အသာလေးကုန်းပိုးတင်လိုက်တယ်။ အဲ့ဒီကျမှ သဘောခွေ့သွားသလို ရယ်သံတိုးတိုးနဲ့အတူ ကျွန်တော့်လည်ပင်းကို ညှစ်ဖက်တော့တယ်။

Ctrl+Z(Completed)Where stories live. Discover now