Chapter 28

320 28 53
                                    

အဲ့ဒီနောက်ပိုင်းမှာ သော်ညံ့ကိုသိတဲ့လူတွေထဲ အုပ်စုနှစ်စုကွဲသွားတယ်။ အရင်လိုပဲ သော်ညံက Bullyကောင်ပါဆိုတဲ့အရာကို တမ်းတမ်းစွဲ ဆွဲကိုင်ထားတဲ့သူတွေနဲ့ ဘာဖြစ်ဖြစ်ရတယ်ဆိုပြီး သော်ညံ့ဘက်က ရပ်တည်ပေးကြတဲ့သူတွေ။ တစ်ချို့နေရာတွေမှာတော့ ကျွန်တော့် နာမည်လည်း ရံဖန်ရံခါ ပါလာတတ်တယ်ပေါ့။

"ငါသိသလောက် သူအနိုင်ကျင့်ဖူးတာ ကျောင်းပြောင်းလာတဲ့ ကျောင်းသားသစ်တစ်ယောက်ကိုပါပဲ"

"အဲ့ကောင်လေးကိုပဲ အမြဲရန်လိုက်စနေလို့ ငါတို့တွေ ပေးတောင်ပေးစားဖူးသေးတယ်လေ"

"ဆယ်တန်းနှစ်တုန်းက သော်ညံ တအားငြိမ်သွားတာပါ။ ဒါကို လူတိုင်းသိနေတာပဲ။ ငယ်ငယ်တုန်းက ကျောင်းမှာ သူက အရှိန်အဝါကြီးလို့ လူတိုင်းကြောက်ခဲ့ရတယ်ထားဦး။ ဆယ်တန်းနှစ်ကျတော့ သူမဟုတ်တော့သလိုဖြစ်သွားတာပဲဟာကို"

"အပိုတွေပါ။ အဲ့ကောင်က လူမိုက်က လူမိုက်ပဲ။ သူ့ဘက်ကလိုက်ပြောပေးနေရအောင် နင်တို့က သူ့ချီးစားနေလို့လား"

"ငါတော့ သော်ညံမှန်တယ်ထင်တယ်။ Videoထဲမှာ တောင်းပန်နေတဲ့ ရဲနောင်ဇော်ဆိုတဲ့ကောင်ကမှ တကယ့်မကောင်းတဲ့ကောင်။ ငါသူနဲ့တစ်ကျောင်းတည်းအတူတူတက်ခဲ့တာ။ တုတ်ဆွဲဓားဆွဲနဲ့ ရန်ပွဲတွေခဏခဏချိန်းနေပြီးတော့ အုပ်စုလိုက်ကြီး ကျောင်းထဲ လျှောက်သွားနေလို့ ငါတို့မှာ မုန့်စျေးတန်းတောင် တစ်ယောက်ထဲမသွားရဲဘူး"

ခဏထလောင်တဲ့ ကောက်ရိုးမီးလိုပဲ မှတ်ချက်တွေအမျိုးမျိုးပေးနေကြပေမဲ့ သော်ညံက သူ့အကောင်းပြောနေတာဖြစ်ဖြစ် အဆိုးပြောနေတာဖြစ်ဖြစ် ဘာမှအရေးစိုက်တဲ့ပုံ မပေါက်ဘူး။ Videoတင်ကတည်းက လိုတာပဲ ဖြတ်ပြီး တင်လို့ရရဲ့သားနဲ့ အကုန်တင်ခဲ့တာဆိုတော့ သူ့မှာလည်း အတွေးတစ်ခုခုရှိပြီးသား ဖြစ်ကောင်းဖြစ်မှာပါ။

သော်ညံက အဲ့လိုပဲ။ ဝင်သွားပြီးရင် ထွက်မရတဲ့ ဝင်္ကပါဆိုတာ တကယ်အမှန်ပါ။ အခုဖြစ်နေတာတွေက သူ့ခေါင်းထဲမှာ မရှိလို့ဆိုရင်တောင် ဟိုနေ့က ကျွန်တော့်ရှေ့မှာ မျက်ရည်ကျမိသွားလို့ ရှက်သွားတယ်ထင်တာ။ ကျွန်တော့်ကို ခါးသီးသွားပြီး ဘယ်တော့မှ မျက်နှာချင်းမဆိုင်တော့ဘူးထင်တာ။ ဒီလိုတွေးမိရအောင်ကလည်း တကယ်ကို ကြားထဲမှာ နောက်နှစ်ရက်သုံးရက်လောက်လည်း ကျွန်တော်တို့ ထပ်မတွေ့ဖြစ်ဘူးမလား။ ဒါပေမဲ့လည်း လေးရက်ကြာပြီးတဲ့နောက်မှာ ရုတ်တရတ်ကြီး သူ့အိမ်ကို လာခဲ့ဆိုပြီး လှမ်းခေါ်တယ်။

Ctrl+Z(Completed)Where stories live. Discover now