တည်ငြိမ်နေသယောင်ထင်ရပြီး အဲ့ဒီအတွင်းထဲမှာတင် မုန်တိုင်းတွေတိုက်လိုက်၊ ရေစီးကြောင်းတွေပြောင်းလိုက်၊ ငလျင်တွေလှုပ်လိုက်နဲ့ ပျက်ဆီးမှုတွေအများကြီးရှိနေတဲ့ သမုဒ္ဒရာရေနက်တစ်ခုလိုပဲ။ ကျွန်တော် စစ်နေရှေ့မှာဆို ရေပြင်ညီကြမ်းပြင်ပေါ်မှာ မထိမကိုင်ဘဲချထားတဲ့ ရေခွက်တစ်ခွက်လိုပဲ ပြုမူနေခဲ့တာ။ ဒါပေမဲ့ သူ့ဟာသူနေရင် ဘယ်လောက်ငြိမ်တဲ့ရေပြင်ဖြစ်ဖြစ် လေလေးတစ်ချက်တိုက်သွားတာဖြစ်ဖြစ်၊ သစ်ရွက်လေးတစ်ရွက်ကြွေကျတာပဲဖြစ်ဖြစ်၊ ကလေးတစ်ယောက်စနောက်ကျီစယ်လိုက်လို့ပဲဖြစ်ဖြစ် လာလှုပ်ခတ်ရင်တော့ တုံ့ပြန်မိတာပဲမလား။ အမှန်အတိုင်း ဝန်ခံရရင် စစ်နေက ကျွန်တော် အဲ့လိုမျိုးတုံ့ပြန်မိအောင် လုပ်နိုင်ခဲ့တာတော့ ကြာခဲ့ပြီ။
အဲ့ဒါကလည်း တခြားကြောင့် မဟုတ်ဘူး။
အခုလို မထုံတတ်တေးနဲ့ ဖိုးသခွား မျက်နှာပေးကြောင့်။"ဖွင့်ပြောရမယ်ဟုတ်လား"
"ဘယ်နှစ်ခါပြောရမှာလဲ"
"ငါနားလည်တဲ့ ဖွင့်ပြောတာ အပြင် တစ်ခြားဖွင့်ပြောတာ တစ်ခုခုရှိနေတယ်ဆိုရင်တော့...ဖြစ်ရင်ဖြစ်နိုင်ပေမဲ့ အခုက အဲ့လိုခံစားချက်မျိုးမဟုတ်ဘဲနဲ့ နည်းနည်း ချိန်းခြောက်တဲ့ ဘက်ကို ရောက်နေတာလားလို့"
မဟုတ်ဘူးကိုး။ မဟုတ်ဘူးပဲ။ မဟုတ်ပါဘူး။ ဒီလောက်ထိ တည်ငြိမ်နေတဲ့ မျက်လုံးတွေ၊ တစ်ချက်လေးမှ အလှုပ်အခတ်မရှိတဲ့ အမူအရာတွေ၊ အဲ့ဒီအပြင် ဘာလို့ဒီစကားထပြောလဲဆိုတာ နားမလည်နိုင်တဲ့ အရိပ်အယောင်တွေ...။
တစ်ဖက်သတ် အတွေးလွန်နေမိတာ ကျွန်တော်တစ်ယောက်တည်းပဲ။ ဟုတ်ပါရဲ့...ဘယ်ကနေ ဘယ်လို စိတ်ရူးပေါက်ပြီး ဒီလိုအတွေးမျိုးကို...။ ကျွန်တော်သူ့ကို ကျွန်တော့်နားမှာ နေခွင့်ပေးထားတာ သိပ်ကြာသွားပြီလား။ ဒီနှစ်နှစ်အတွင်း ကျွန်တော်ကိုယ်တိုင် သူ့ကို လိုလိုချင်ချင် လက်ခံထားနေမိခဲ့တာမို့လို့ ကိုယ့်ကိုယ်ကိုယ်တောင် မသိလိုက်ခင် ကျွန်တော် ဒီလောက်တုံးတုံးအအ ပြုမူလိုက်မိတာလား။
"မင်းတစ်ခုခုဖြစ်လာလို့လား"
မျက်လွှာချရင်း ငြိမ်ကျသွားမိရာကနေ အဲ့ဒီ တိုးတိမ်တိမ်နဲ့ စိုးရိမ်ရိပ်လွှမ်းနေတဲ့ စကားသံအဆုံးမှာ သူ့မျက်နှာကို ဖျတ်ခနဲ ပြန်မော့ကြည့်လိုက်မိပြန်တယ်။ ကျေးဇူးပြုပြီး...စစ်နေ....ငါ့ကို ဒီလိုလုပ်နေရတဲ့ မင်းရဲ့ အကြောင်းပြချက်က ဒီဟာလည်း မဟုတ်သေးဘူးဆို ဘာလဲ။