"အဲဒီတော့ သူငယ်ချင်းကို စာစီစာကုံးစာအုပ်လာငှားပေးတာပေါ့"
"ဟုတ်"
ဆရာက အားကစားရုံ ရေခဲသေတ္တာထဲက သူကိုယ်တိုင် ကျောင်းသားတွေသောက်ဖို့ ဖြည့်ပေးထားတဲ့ထဲက အအေးဘူးလေးတစ်ဘူးထုတ်ပြီးကမ်းပေးလာတယ်။ လက်ထဲရောက်လာမှ ငုံ့ကြည့်လိုက်မိတော့ ပဲနို့ဘူးလေး။ ဖောက်မသောက်မိဘူး။ လက်ထဲမှာဆုပ်ထားရင်း ခပ်ငိုင်ငိုင်ကြည့်နေမိတယ်။ ဘာလို့ ပဲနို့များလဲ...တခြားတစ်ခုခုဖြစ်ပါတော့လား။
"အဲဒါဆိုလည်း ဆရာ့ကို သူငယ်ချင်းနဲ့ မိတ်ဆက်ပေးတာမဟုတ်ဘူး"
"ခဏပဲ တွေ့တာပါ။ သူလည်းအားတာမဟုတ်ဘူးဆိုတော့"
"နောက်တစ်ခေါက်တွေ့ရင် မိတ်ဆက်ပေး။ မျက်နှာကြည့်ပြီး ဆရာ့တပည့်အပေါ် ကောင်းပေးမယ့် သူငယ်ချင်းလား။ ဆိုးမယ့်သူငယ်ချင်းလား ဆုံးဖြတ်ပေးရအောင်"
ခြောက်ကပ်ကပ်ရယ်လိုက်ချင်တယ်။ ဒါပေမဲ့လည်း အီလည်လည်အပြုံးနဲ့ပဲ ခြေဆင်းထိုင်နေတဲ့ ခြေထောက်နှစ်ဖက်ကို အကြောင်းပြချက်မရှိ လှုပ်လိုက်မိတယ်။
"မသောက်ဘူးလား"
ဆရာက ပဲနို့ဘူးလေးကို မေးငေါ့ပြပြီးမေးမှ အားနာပါးနာခေါင်းယမ်းမိတယ်။
"ပဲနို့ဆို သိပ်မမြင်ချင်လို့"
"ဘာလို့လဲ အရင်က အရမ်းကြိုက်တယ်မလား။ ငယ်ငယ်ကဆို တစ်နေ့ကို တစ်ကဒ်လောက်ကုန်အောင် သောက်နိုင်တဲ့ကလေးက အခုမှ ဘာထဖြစ်တာလဲ"
"ဟုတ်လား"
"ဟုတ်ပါ့။ အရုဏ်ဆို ဆရာ့ရေခဲသေတ္တာမှာ ပဲနို့ဘူးတွေလိုရင်လာလာဖြည့်နေကျ။ စစ်နေလေးသောက်ရအောင်လို့တဲ့"
ပြုံးမိသွားတယ်။ သောက်ရင်ကောင်းမလားဆိုတဲ့အတွေးနဲ့ ဘူးမှာတွဲပါလာတဲ့ ပိုက်ကိုဖြုတ်လိုက်ပြီးမှ မသောက်ဖြစ်ပြန်ဘူး။ ကြမ်းပြင်ပေါ်ပြန်ချထားလိုက်တယ်။
"စာစီစာကုံးပြိုင်ပွဲ ဝင်ပြိုင်ရမယ်ဆို"
"ဟုတ် အသေးလေးပါ။ ကျောင်းက အပျော်လုပ်တဲ့ပွဲလေး"
"ပြိုင်ပွဲဆိုမှတော့ အပျော်ဆိုတာဘယ်ရှိမှာလဲ။ ဘယ်နှစ်ယောက်ပြိုင်ရမှာလဲ"