Chapter 15

322 33 26
                                    

ကျွန်တော် ဆေးပေးခန်းက ကုတင်ပေါ်မှာ ထိုင်နေတုန်းမှာ သော်ညံအခန်းထဲကို ဝင်လာတယ်။ ဆရာပါပါလာမယ်လို့ထင်ထားတာကြောင့် ထွေထွေထူးထူး ဖြစ်မနေဘဲနဲ့ အေးအေးလူလူဆက်ထိုင်နေမိပေမဲ့ သော်ညံ့နောက်မှာ ဆရာပါမလာဘူး။ နောက်ထပ်တစ်ယောက်ယောက်များ ပါလာဦးမလားလို့ လည်ပင်းဆန့်ပြီး ထပ်ရှာမိပေမဲ့လည်း တကယ်ကို သော်ညံတစ်ယောက်တည်း ဝင်လာခဲ့တာမို့လို့ နည်းနည်းအိုးတိုးအမ်းတမ်းဖြစ်သွားတာတော့အမှန်ပါ။

"ဆရာက မင်းကို သွားကြည့်လိုက်ဆိုလို့"

"ဘာလို့လဲ"

တကယ်ကို နားမလည်ပါးမလည် ပြန်မေးမိတာ။ ကျွန်တော်တို့က လူတိုင်းရဲ့အမြင်မှာ အနိုင်ကျင့်နေတဲ့ကျောင်းသားနဲ့ အနိုင်ကျင့်ခံနေရတဲ့ ကျောင်းသား။ နှစ်ယောက်တည်း ဒီလို ထိပ်တိုက်ပေးတွေ့တယ်ဆိုတာ သိပ်တော့မဖြစ်နိုင်တဲ့ကိစ္စပဲ။

"ဆရာက ငါတို့ကို အတူတူထားလိုက်ရင် အဆင်ပြေသွားမယ်လို့ထင်နေတာဖြစ်မယ်"

ကျွန်တော်ပဲ အပြုံးတစ်ခုနဲ့ ဆက်ပြောလိုက်မိတာပါ။ သော်ညံကတော့ တုံဏှိဘာဝေမျက်နှာနဲ့ ခပ်တည်တည် ရပ်နေရင်းကနေ ကျွန်တော်ကို တစ်ချက်မော့ကြည့်လာတယ်။ အဲ့ဒီအချိန်မှာ သော်ညံ့လည်ပင်းအောက်က ရှင်းနေတဲ့ဧရိယာကို ကျွန်တော့်အကြည့်တွေရောက်သွားမိတယ်။

"မင်းကို အဆင်ပြေရဲ့လားလို့လည်း မေးခိုင်းလိုက်တယ်"

"မလိုပါဘူး"

"ငါအဖြေလိုချင်တယ်"

"ဘာအဖြေလဲ"

"မင်းအဆင်ပြေရဲ့လားဆိုတာရဲ့ အဖြေ။ ဆရာက ငါ့ကို မသိမချင်းထွက်မလာရဘူးတဲ့"

ဒါကဘာလဲ။ ပြောရမယ်ဆို လူသတ်ကားနဲ့ ကာတွန်းကားကို screenတစ်ခုတည်းမှာထည့်ပြီး ဟိုဘက်ဒီဘက်ယှဉ်ကြည့်နေရသလိုပဲ။ လွန်ခဲ့တဲ့နာရီပိုင်းကတင် ကျွန်တော့်ကို စုတ်ပြတ်သတ်အောင် နိုင်ထက်စီးနင်းလုပ်နေခဲ့တဲ့ သော်ညံက အခုလိုကျတော့ ဆရာ့လက်အောက်က ကျောင်းသားလေးတစ်ယောက်ဖြစ်သွားပြန်ရော။ လူကြီးအရမ်းဖြစ်ချင်နေလည်း အရပ်ရှည်ထွက်မလာတဲ့ ကလေးတစ်ယောက်လိုပဲ။

Ctrl+Z(Completed)Where stories live. Discover now