တည်မြဲတို့ကျောင်းရှေ့ကိုရောက်မလာခင်တုန်းက ဘာလို့ဒီကိုအလောတကြီးလာရတာလဲဆိုတာကို နားမလည်ဘူး။ အခု ကျောင်းရှေ့ကိုရောက်လာတော့ ပိုပြီးတောင် နားမလည်တော့ဘူး။ အချိန်က မှောင်ရီပျိုးစအချိန်၊ တစ်ချို့တွေက ညီအစ်ကိုမသိတသိအချိန်လို့ခေါ်သလို တစ်ချို့တွေက ဝံပုလွေနဲ့ခွေး မကွဲတဲ့အချိန်လို့ခေါ်တယ်တဲ့။ ဒီလိုအချိန် ကိုယ်နဲ့ခပ်စိမ်းစိမ်းနေရာတစ်ခုမှာ ရူးချင်ယောင်ဆောင်ပြီး ရပ်နေရတယ်ဆိုတာ အဓိပ္ပါယ်ကိုမရှိဘူး။ ပြန်လှည့်ထွက်သွားချင်ပေမဲ့ တည်မြဲက အရေးကြီးတယ်ဆိုပြီး တကူးတကလှမ်းခေါ်လို့လာခဲ့ရတာ။
ခဏနေတော့ တည်မြဲက ကျောင်းဝန်းထဲကနေ တက်သုတ်ရိုက်ပြီးထွက်လာတယ်။
"ငါအပြင်ထွက်လာလို့မရဘူး။ ဒီနေ့ကထွက်ခွင့်ပေးမထားဘူး"
"အဲ့ဒါများ ဘာလို့ ငါ့ကိုခေါ်သေးလဲ"
"ဒီမှာ"
ကျွန်တော့်ကို လက်တစ်ဆုပ်စာတောင်မရှိတဲ့ ပလတ်စတစ်အိတ်အကြည်သေးသေးလေးတစ်ခုထိုးပေးလာတယ်။ အထဲမှာ အဖြူရောင်အမှုန့်တစ်ချို့လည်းရှိတယ်။
"မင်းဘာလို့လိုချင်တာလဲမသိလို့ ထွေးငယ်ကိုငါမေးကြည့်တော့ ထွေးငယ်က ဒါပေးလိုက်သင့်တယ်ဆိုလို့"
"ဘာကြီးလဲ"
"Stendraလို့ခေါ်တယ်။ မသောက်ခင် googleမှာဖြစ်ဖြစ် ရှာပြီးဖတ်ကြည့်လိုက်"
ဒီကောင် ဘာတွေလာပေးပြီး ဘာတွေပြောနေတာလဲဆိုတာကို စဉ်းစားလို့မရခင်မှာတင် သူက ကျောင်းထဲကို လှည့်ကြည့်လှည့်ကြည့်လုပ်နေပြီ။
အဲ့ဒီအချိန်မှာပဲ ကျောင်းစောင့်ဖြစ်ပုံရတဲ့လူတစ်ယောက်က ကျောင်းတံခါးဆီလျှောက်လာပြိး တံခါးပိတ်ဖို့ပြင်တော့တာမို့လို့ တည်မြဲမှာ ငါးရံ့ပြာလူးနေသလို ခုန်ဆွခုန်ဆွနဲ့ တံခါးပေါက်ဆီကို နောက်ပြန်ကြီးပြန်ပြေးသွားတယ်။"ဒါမင်းသောက်ဖို့နော်။ စစ်နေရည်အတွက်မဟုတ်ဘူး"
"ဘာ"
"မင်းဟိုနေ့ကတောင်းတဲ့ဆေးလေ"
ဟိုနေ့က တောင်းတဲ့ဆေး...