"ဒါက ဘာတွေလဲ"
စစ်နေ လွယ်အိတ်ထဲက တစ်စွန်းတစ်စထွက်ကျနေတဲ့ ဆိုင်ယူနီဖောင်းတွေကို ငုံ့ကြည့်ရင်း မေးမိတယ်။
"ဆိုင်မှာအလုပ်လုပ်ရင်ဝတ်ဖို့ ယူနီဖောင်း"
"အလုပ်လုပ်မှာလား"
"အင်း အလုပ်သမားအဖြစ်ခန့်ပေးဖို့ ကိုကို့ကိုပြောထားတာ"
"ဘာလို့လဲ"
"ပိုက်ဆံစုချင်လို့။ ပိုက်ဆံရှာနိုင်ရင် ငါအိမ်ခွဲနေလို့ရပြီမလို့"
"ဘာလို့ အိမ်ခွဲနေမှာလဲ"
ထူးထူးဆန်းဆန်းမေးခွန်းများနေတဲ့ ကျွန်တော့်ကို စစ်နေကြည့်လာတဲ့အကြည့်ကပြုံးစိစိလေး။ ကိစ္စမရှိပါဘူး။ မဖြေချင်တာမှမဟုတ်တာ။
"ငါ့ကြောင့် သူတို့ လွတ်လွတ်လပ်လပ်မနေရဘူးထင်လို့"
"မင်းအဖေနှစ်ယောက်လား"
"အင်း"
နှစ်ယောက်အတူတူထိုင်နေတဲ့စာကြည့်စားပွဲက
ပြောစရာစကားမရှိသလို ခဏတိတ်သွားပေမဲ့ ကျွန်တော် ဘောပင်ဖင်နဲ့စာအုပ်ကိုခေါက်နေတဲ့ တဖောက်ဖောက်သံတော့ထွက်နေသေးတယ်။"ငါပြောရင် မင်းယုံမယ်မထင်ဘူး။ သူတို့က ငါ့ရှေ့မှာဆို မျက်လုံးချင်းတောင်ဆုံမကြည့်ဘူး။ ငါ့ရှေ့မှာ အမြင်မတော်တာလုပ်မိမှာကြောက်လို့ လိုတာထက်ပိုပြီး ဆင်ဆင်ခြင်ခြင်နေနေရတာ ငါသူတို့ကို အားနာတယ်"
"ဘယ်သူမှ ဆင်ဆင်ခြင်ခြင် နေခိုင်းမနေပါဘူး"
"အဲ့လိုမဟုတ်ဘူးလေ။ ငါတို့တွေက ပိုသတိထားရတာ မင်းသိရဲ့သားနဲ့"
စစ်နေက ကျွန်တော်ကန့်လန့်တိုက်တဲ့စကားကို စိတ်ဆိုးသွားရမယ့်အစား ခပ်တိုးတိုးရယ်ပြီး နဖူးပေါ် ဝရုန်းသုန်းကားဝဲကျနေတဲ့ ဆံပင်စတစ်စကို သပ်တင်ပေးလာတယ်။
"ပိုပြီးသိုသိုသိပ်သိပ်နေရလို့ဆိုပြီး မကျေနပ်တာ မဟုတ်ဘူး။ ကိုကိုကအမြဲပြောတယ်။ ဒီလိုဖြစ်လာလို့ဆိုပြီး ကိုယ့်ကို ထောက်ခံပေးနေတဲ့ လူတွေကြားထဲမှာ အခွင့်ထူးခံလူတန်းစားအဖြစ် မဏ္ဍပ်တိုင်တက်ပြချင်နေလို့မရဘူးတဲ့။ သာမန်လူတွေနဲ့အတူတူပဲဆိုတာကိုသိထားပြီး ထိန်းထိန်းသိမ်းသိမ်းနေသင့်တဲ့နေရာမှာနေရမယ်တဲ့။ လိင်တူချင်းကြိုက်လို့ သိမ်ငယ်နေစရာမရှိသလို ဂုဏ်ယူစရာလည်းမလိုဘူးတဲ့"