Ch-4.1

3.6K 293 1
                                    

အခန်း ၄ အပိုင်း ၁

ရှောင်းယိုနဥ်က အခန်းအတွင်း လေဝင်လေထွက်ကောင်းရန် ပြတင်းပေါက်ကိုဖွင့်ကာ မှိုတက်နေသောအနံ့ကို ဖယ်ရှားရန် ကြိုးစားခဲ့သော်လည်း တစ်နှစ်ပတ်လုံး နေရောင်ကို မမြင်ရသော အခန်းတွင် အနံဆိုးများရှိနေသေးသည်။ ဤနေရာနှင့် မနီးမဝေးတွင် မီးဖိုချောင်ရှိပြီး လေတိုက်သောအခါ ဆီနံ့နှင့် မီးခိုးနံ့များက အခန်းတွင်းသို့ စိမ့်ဝင်လာသည်။

ထိုရနံ့နှစ်ခုသည် တပြိုင်နက်တည်း ရောထွေးကာ ပို၍ စူးရှလာသည်။ မီးဖိုချောင်အတွင်းမှ အစေခံများက အောက်တန်းကျပြီး ညစ်ညမ်းသောစကားများပြောဆိုခြင်းကို နှစ်သက်ကြပုံပင်။ သူတို့၏ အရှက်မဲ့စွာ ပြောင်ပြောင်တင်းတင်း ရယ်မောသံများက နားထဲသို့ တည့်တည့်တိုးဝင်လာသည်။

ယွမ်ကော်က ပထမတော့ မခံမရပ်နိုင်ဖြစ်နေပြီး ကျိန်စာအချို့ရေရွတ်ရင်း ပြတင်းပေါက်ကို ပိတ်လိုက်သည်။ သူမသည် ရှောင်းယိုနဥ်ဘက်သို့ ပြန်လှည့်လိုက်ပြီး "သခင်မလေး၊ ကျေးဇူးပြုပြီး ခဏလောက် သည်းခံပေးပါ။ ညဘက်ဆို မီးဖိုချောင်မှာ အလုပ်သမား မရှိလောက်ဘူး၊ တိတ်ဆိတ်နေလိမ့်မယ်"

"အိမ်ကနေတောင် ထွက်ပြီးပြီပဲ၊ သိပ်ဂရုစိုက် မနေပါနဲ့" ရှောင်းယိုနဥ်က ကုလားထိုင်ပေါ်တွင် မောပန်းနွမ်းနယ်စွာ ထိုင်နေကာ သူမ၏အသံသည် ငှက်မွှေးကဲ့သို့ ပေါ့ပါးနေသည်။

ယွမ်ကော်က စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးနှင့် ခွက်ကို လှမ်းယူလိုက်သည်။ သူမသည် ရေငတ်ပြေစေရန် ရေနွေးတစ်ခွက်လောက် သောက်ချင်ခဲ့သော်လည်း ရေနွေးအိုးအလွတ်ကိုသာ ကိုင်မိလိုက်သည်။

အစေခံ မိန်းခလေး၏ မျက်နှာဝိုင်းလေးမှ မျက်လုံးများ ပြူးကျယ်သွားသည်။ ဒေါသကို ထိန်းကာ သက်ပြင်းတစ်ချက်ကို ချရင်း အပြင်ထွက်ရန် ပြင်လိုက်သည်။ လက်ဖက်ရည်အိုးကို ကိုင်ကာ "သခင်မလေး ခဏလောက် အနားယူပါ၊ ကျွန်မ ရေတောင်းဖို့ သွားရှာလိုက်ဦးမယ်"

ရှောင်းယိုနဥ်က ခေါင်းညိတ်လိုက်သည်။ ယွမ်ကော်က တံခါးဖွင့်လိုက်တဲ့ အချိန်မှာ လက်ဖက်ရည်အိုးကို လက်ထဲတွင်ကိုင်ထားသည့် ဘေးခန်းမှ တည်းခိုသူ လူငယ်ကိုတွေ့လိုက်ရသည်။ သူက အနက်ရောင်အဝတ်အစားကို ခေါင်းမှခြေဖျားထိဝတ်ထားပြီး အရှပ်ရှည်သည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now