"စာစီစာကုံးပြိုင်ပွဲပြီးတော့ ပြောနေတာ။ ကျောင်းမှာ သတင်းတွေထွက်လာတဲ့ ညနေက မင်း မြန်မာစာဆရာဆီက စစ်နေရည်ရဲ့ စာစီစာကုံးစာရွက် သွားတောင်းတာ ငါမသိဘူးထင်နေလား။ ​နောက်ရက်ကျတော့ စစ်နေရည်က တစ်ယောက်ယောက်ထိုးထားတဲ့ ဒဏ်ရာနဲ့ ကျောင်းလာတယ်။ အဲ့နေ့က မင်းတို့သေချာပေါက်တစ်ခုခု..."

"ဟုတ်တယ်။ ငါလုပ်လိုက်တာ။ စစ်နေကို သူ့အိမ်အထိသွားရှာပြီး ထိုးလိုက်တာ"

"ဘာ"

"ကျောင်းမှာ သတင်းတွေထွက်နေတာကို မကျေနပ်လို့ နည်းနည်းပါးပါး ပညာပြလိုက်တာ။ အဲ့ဒါဘာဖြစ်လဲ"

"ဒါဆို မင်းအခုဘာဖြစ်နေတာလဲ"

"ငါဘာဖြစ်နေလို့လဲ"

"အဲ့နေ့နောက်ပိုင်းကတည်းက မင်း အဲ့ကောင်ကို အရင်လိုမဟုတ်တော့ဘဲ ကောင်းပေးနေလို့ပေါ့"

"ကောင်းပေးတယ်"

ဒါကတော့ ချဲ့ကားတဲ့စကားပါ။ ကျွန်တော် စစ်နေကို အရင်လို သွားရန်မစတော့တာလေးပဲရှိတာပါ။ ပြောရမယ်ဆို ဂစ်တာတစ်လုံးကို မတီးချင်တော့လို့ အခန်းထောင့်မှာ ဖြစ်ချင်ရာဖြစ်ဆိုပြီး ပစ်ထားလိုက်တာလေးပဲ။ သူ့ဟာသူ ဖုန်တက်တက်၊ ကြွက်ကိုက်ကိုက်၊ ကြိုးလျော့လျော့။ အခုသူပြောနေတဲ့ပုံက နေ့တိုင်းတိုက်ချွတ်ကြိုးညှိပေးပြီး ဂရုတစိုက်တီးနေသေးတဲ့ပုံကြီး။

"ငါကအမြဲ သူ့ကို လိုက်ပြီးအနိုင်ကျင့်နေရမယ်လို့ သတ်မှတ်ထားလို့လား"

"ဒါပေမဲ့ အရမ်းထူးဆန်းနေ..."

"အခုမင်းငါ့ကိုလာပြောနေတာ အနိုင်ကျင့်ရမယ့်သူ မရှိတော့လို့လား။ အဲ့ဒါကြောင့် စစ်နေကို ငါကထပ်အနိုင်ကျင့်ရမှာလား။ ဒါမှမဟုတ် တခြားတစ်ယောက် ထပ်ရှာပေးရမှာလား"

မျိုးမြင့်ထွန်းမျက်နှာကို တည့်တည့်စိုက်ကြည့်ပြီး ဖြတ်မေးလိုက်မိတော့တယ်။ သူ့မှာ အဖြေမရှိပေမဲ့ ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားတဲ့ သူ့အမူအရာကတော့ ဟုတ်တယ်လို့ ဖြေနေတာပဲမလား။ ထိုင်ခုံမှာ စိတ်ပျက်လက်ပျက် ကျောမှီချလိုက်ပြီးတော့ အပြင်ဘက် မြေပြင်က ပန်းပင်တန်းလေးကို လှမ်းကြည့်လိုက်မိတယ်။

Ctrl+Z(Completed)Where stories live. Discover now