သပ်ရပ်နေတဲ့ ရနံ့။ ပူနွေးနေတဲ့လက်ဖဝါးတွေနဲ့ စျေးကြီးအင်္ကျီbrandတွေဆီကပဲရနိုင်တဲ့အထိအတွေ့အပြင်....စာအုပ်တွေထဲကလို ချိုတဲ့အရသာတော့မဟုတ်ပေမဲ့ နှုတ်ခမ်းတွေကြားထဲ ပိုနစ်ဝင်လာတဲ့ စိုစွတ်ပူနွေးနေတဲ့ တိကျရှင်းသန့်နေတဲ့ နှုတ်ခမ်းလွှာတွေ...။ မဆိုးပါဘူးလေ...ပထမဆုံး အနမ်းဆိုလည်း ဘယ်ကကောင်လဲမသိပေမဲ့ ဒီလို သန့်သန့်ပြန့်ပြန့်နဲ့ သူဌေးသားနံ့ထွက်နေတဲ့သူဆီကနေ အနမ်းခံရတယ်ဆိုရင်လည်း....

မဟုတ်ဘူး...ဒါ...ဒါ အနမ်းမဟုတ်ဘူးလေ သော်ညံ။ အခုလေးတင် မင်းတွေးနေတာလေ။

"ငါနားကြားမှားတာပဲနေမှာပါ"

သိပ်မနီးမဝေးက ထွက်လာတဲ့အသံနဲ့အတူ အနားနားထိရောက်လာတဲ့ ခြေသံက တဖြည်းဖြည်းပြန်ဝေးသွားတယ်။ နှစ်ယောက်လုံးရဲ့အသိက ခြေသံဆီမှာပဲ ရှိနေတယ်ဆိုတာ သိသာတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်နေရာကနေ သိသိသာသာငြိမ်သက်သွားတာမလား။

ညပုရစ်မြည်သံလေးတွေ တကျီကျီပြန်ကြားလာရတယ်။ ဘာကြောင့်မှန်းမသိ ပိတ်ကျသွားမိခဲ့တဲ့ မျက်လုံးနှစ်စုံက ဖြည်းဖြည်းချင်းပြန်ပွင့်လာတဲ့အချိန်ထိ သူ့နှုတ်ခမ်းအစုံဟာ ကျွန်တော့်နှုတ်ခမ်းပေါ်မှာ သတိလက်လွတ်ဖေးတင်ထားတုန်းပဲ။ ဘယ်ကမှန်းမသိတဲ့ခွေးတစ်ကောင်ထဟောင်လိုက်တဲ့အချိန်မှာမှ သူနဲ့ကျွန်တော် အလန့်တကြား လူချင်း ဝုန်းခနဲကွဲသွားတာ။ ကွဲသွားတယ်ဆိုတာထက် ကျွန်တော်သူ့ကို ဆောင့်တွန်းလိုက်တာပါ။

သူမြေပြင်ပေါ်ကို ဖင်ထိုင်ရက်လဲကျသွားတော့မှ တစ်ကိုယ်လုံးသွေးတွေပွက်ပွက်ဆူအောင် ဒေါသငယ်ထိပ်တက်နေတဲ့ ကျွန်တော်က ကလေကချေကောင်ကို တက်ခွပြီး စိတ်ရှိလက်ရှိ ခွပ်ခနဲမြည်အောင်ထိုးချလိုက်တယ်။ အားမရဘူး။ ကော်လံစကနေ ဆွဲဆောင့်ပြီး မတ်တပ်ရပ်ခိုင်းလိုက်တယ်။ လက်ထဲပါလာတဲ့ကောင်ကို စောနက ကျွန်တော် သူ့ကိုယ်လုံးကြားမှာဖိချုပ်ခံထားရတဲ့ ဆိုင်ရဲ့နံရံမှာ ဝုန်းခနဲပစ်ဆောင့်လိုက်ပြီး နောက်တစ်ကြိမ်လက်သီးရွယ်လိုက်တဲ့အချိန်....

"ဒီသေခြင်းဆိုးက....ငါ့ကို ဘာ...."

မတ်တပ်ရပ်လိုက်တာမို့ လရောင်ခြည်တို့ တိုက်ရိုက် ဖြာကျလာတဲ့မျက်နှာတစ်ခု...
နဂိုကတည်းက တိတ်ဆိတ်ပြီး လူရှင်းနေတဲ့ ဆိုင်နံဘေး လမ်းကြားထဲမှာ ထပ်မံတိတ်ဆိတ်ဆွံ့အသွားတဲ့ စကားပြောသံနှစ်ခု....
နောက် ပြေလျော့သွားတဲ့ လက်သီးတစ်ခုနဲ့အတူ...
ပွန်းပဲ့ရာတစ်ခုထင်နေတဲ့ သူ့ညာဘက်နှုတ်ခမ်းထောင့်မှာ သွေးလေးနည်းနည်းစို့လို့နေတယ်။

Ctrl+Z(Completed)حيث تعيش القصص. اكتشف الآن