ယန်ယိုမင် ပြန်ဖြေသည်။ "ကိုယ့်မန်နေဂျာ"

ရှရှင်းချန်စိတ်ထဲ အတွေးများနေတာမို့ ထိုစကားကို တုန့်ပြန်ရန် အချိန်ခဏကြာသွားတော့သည်။ ပြီးမှ အံ့ဩမှုအချို့နှင့် သူပြန်ပြောလိုက်သည်။ "ကောမန်နေဂျာက တုကျင်းပဲလား။"

ယန်ယိုမင် ရယ်သွားသည်။ "တုကျင်းပဲလေ။ ဘာလို့လဲ။"

ကြောင်အနေလျက် ရှရှင်းချန် ပြောလာ၏။ "ကောကို ကျူရှင်းမှာ မဟုတ်တော့ဘူးလို့ ထင်ထားတာ။"

ကျူရှင်းက ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ယန်ယိုမင် အောင်မြင်လာတာကလည်း ကျူရှင်းကုမ္ပဏီမှာပဲ ဖြစ်ကာ ထိုအချိန်တုန်းက သူ့ကို ပွဲဦးထွက်စေခဲ့တာ တုကျင်းပင်။ တုကျင်းက အတော်လေးလူသိများလှပြီး အခုအချိန်ထိသူက ဒီလောကထဲ နာမည်အကြီးဆုံးအေးဂျင့်အဖြစ် ရပ်တည်နေဆဲ။ သို့သော် နောက်ပိုင်း ရုပ်ရှင်လောကထဲ ယန်ယိုမင်ရဲ့နာမည် အခြေခိုင်သွားတာနှင့် သူ့နာမည်က တုကျင်း ဒါမှမဟုတ် ကျူရှင်းတို့နှင့် တွဲပေါ်လာတာ နည်းပါးသွားတော့သည်။

ယန်ယိုမင် ရှရှင်းချန်ကို ပြောလာသည်။ "ကိုယ် ကျူရှင်းမှာပဲ တစ်လျှောက်လုံး ရှိနေခဲ့တာ။ ကြည့်ရတာ မင်း ကိုယ့်ကို ဂရုမစိုက်တဲ့ပုံပဲ။"

ရှရှင်းချန်အတွက်တော့ ထိုအသံက ယန်ယိုမင် မကျေမနပ်ငူစူနေတာနှင့် တူနေတာမို့ မနေနိုင်စွာ ရယ်မိရင်း သူ့ခန္ဓာကိုယ်နှင့် လှမ်းတိုက်ပြီး ရှင်းပြပေးသည်။ "တုကျင်း ကောအနောက်ကို လိုက်ပေးတာမျိုး မမြင်ရတာ ကြာပြီလေ။ ကျွန်တော့်စိတ်ထဲ တုကျင်းက အခြားတစ်ယောက်ကို ကိုင်တွယ်ပေးနေရပြီလို့ ထင်ထားတာ။"

ယန်ယိုမင် သူ့ခါးကို သိုင်းဖက်လျက်ပြောသည်။ "တုကျင်းက အခြားတစ်ယောက်ကို ကိုင်တွယ်ပေးနေရတာတော့အဟုတ်ပဲ။ ထန်းစုန့်လေ၊ မင်းရဲ့တစ်ဝမ်းကွဲညီမ အရမ်းကြိုက်ရတဲ့တစ်ယောက်။"

ရှရှင်းချန် ရုတ်ချည်းဆိုသလို အရာရာနားလည်သွားရတော့သည်။ "မထူးဆန်းတော့ပါဘူး။ တုကျင်းက တကယ်အင်အားကြီးတာပဲ။ ထန်းစုန့်လက်ထဲမှာ အခြားလူတွေ မရနိုင်တဲ့ အရင်းအမြစ်ကောင်းတွေနဲ့ချည်း ပြည့်နေတာ။"

The Star around the Sun 明日星程 [Unicode]Where stories live. Discover now