Chapter 37

1.2K 231 1
                                    

ရိုက်ကူးရေး ပြီးသွားပြီး အလင်းတွေ မှိန်ချသွားတာတောင် ရှရှင်းချန် ထိုင်ခုံပေါ်တွင် မလှုပ်မယှက် ထိုင်နေဆဲ။ သူသူ့မျက်လုံးများကို မှိတ်ပြီး ခေါင်းကို မော့ထားလိုက်သည်။ သူ့မျက်ရည်များ မကျတော့တာ ကြာပြီ ဖြစ်ပေမယ့်လည်း သူ ဒီခံစားချက်ထဲတွင် နစ်မြှပ်နေဆဲပင်။ ထိုခံစားချက်များ ကြားမှ ရုန်းထွက်ဖို့က သူ့အတွက် အရမ်း ခက်ခဲနေသည်။

ယန်ယိုမင် လက်ပေါ်မှ "ဒဏ်ရာ"ကလည်း ဆေးကြောပြီး ဖြစ်ပြီး လီယွမ်က သူ့လက်မှ ရေများကို ခြောက်သွေ့အောင် သုတ်ဖို့ သန့်ရှင်းပြီး နူးညံ့သည့် ပုဝါတစ်ထည် ပေးလိုက်သည်။ ယန်ယိုမင် ခေါင်းငုံ့ကာ သူ့လက်ကို သေချာသုတ်လိုက်ပြီး ပုဝါကို လီယွမ်ဆီ ပြန်ပေးပြီး မေးလိုက်သည်။

"မင်းမှာ ရေစို တစ်သျှုး ရှိလား။"

လီယွမ် ကြောင်အသွားပေမယ့် သူ့ဘေးရှိ အိတ်ကြီးထဲမှ ရေစို တစ်သျှူး နှစ်ခုကို ထုတ်ကာ ယန်ယိုမင်အားပေးလိုက်သည်။

တကယ်တော့ ရှရှင်းချန် ဘေးတွင် လူတစ်ယောက် ရှိနေပြီး ဖြစ်သည်။ ရှောင်းတန် သူ့လက်ထဲမှာ ရေစိုတစ်သျှူးကိုကိုင်ပြီး စောင့်နေပေမယ့် ရှရှင်းချန်က ဘာမှ ပြန်မပြော။ ရှောင်းတန်ကလည်း ရှရှင်းချန် မျက်နှာကို ကူမသုတ်ပေးရဲ။

ယန်ယိုမင် ရှရှင်းချန် ရှိရာဘက်သို့ ရေစိုတစ်သျှူး ကိုင်ကာ သွားနေရာတွင် ဟောကျန်း သူ့လက်အား ဆွဲထားကာခေါင်း အသာယမ်းပြသည်။ ယန်ယိုမင် ဘာမှ ပြန်မပြောပဲ သူ့ကိုင်ထားသော လက်ကို ဖယ်ထုတ်ပြီး သွားဖို့ လုပ်လိုက်သည်။ ရလာဒ်အနေနှင့် ဟောကျန်းက အရင်ကထက် အားသုံးကာ ဆွဲထားပြီး ပြောလိုက်သည်။

"မသွားနဲ့။ မင်း သွားရင် သူ ဇာတ်ကောင်ထဲက ထွက်ဖို့ ပိုခက်သွားမယ်။"

ထိုအချိန်မှာပဲ ရွှီကျားနေရာတွင် သရုပ်ဆောင်သည့် ရှန်ရန်က အနားသို့ ရောက်လာပြီး ယန်ယိုမင်အား အပြုံးတစ်ခုဖြင့် နှုတ်ဆက်လိုက်သည်။

ယန်ယိုမင် သူ့လက်ထဲမှ ရေစိုတစ်သျှူးများကို ဆုပ်ခြေလိုက်ပြီး ရှရှင်းချန် ရှိရာဘက်သို့ သွားဖို့ ကြိုးစားတာမျိုးမလုပ်တော့။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now