Chapter 85

1.2K 130 30
                                    


ရှရှင်းချန် အိပ်ရာခင်းပေါ် မျက်နှာအပ်ထားရင်း ကုတင်ထက် လှဲလျောင်းနေသည်။ အသက်ရှုလိုက်တိုင်း ဝိုင်နံ့လေးက သူ့ကို ကျီစယ်လို့နေပြီး သူ့တွေးတောနိုင်စွမ်းများကလည်း နှေးကွေးလို့သွားကာ မလှုပ်မယှက်ရှိနေရင်း မထလာချင်တော့။

သူ အရက်မူးနေပေမယ့် အသိလွတ်သွားလောက်သည်အထိ မူးနေခြင်း မဟုတ်။ သို့ပေမယ့် သူ့ခေါင်းထဲ ထူးထူးဆန်းဆန်း စိတ်လှုပ်ရှားမြူးတူးလို့နေသည်။ ထိုမြူးတူးမှုလေးက သူ့တကိုယ်လုံးကို ခြုံလွှမ်းထားရင်း ခံစားရလွယ်လာစေသည်။

သူ တံခါးပိတ်သံနှင့်အတူ ကုတင်အနားသို့ လျှောက်လာနေသည့် ခြေသံများကို ကြားလိုက်ရသည်။ ကုတင်ပေါ် ထိုင်ချလိုက်ချိန် လှုပ်ရှားမှုအနည်းငယ် ပေါ်ထွက်လာလေသည်။

တကယ်တော့ ယန်ယိုမင်က ရှရှင်းချန်ထက် ပိုလို့တောင် အရက်မူးနေသည်။ သူ မမူးသေးဟု ပြောနေပေမယ့် သူ အရက်မူးနေပြီး အလွန်အကျွံမူးနေတာဖြစ်ကြောင်း ရှရှင်းချန် ခံစားလို့ ရနေသည်။

ရှရှင်းချန် စောင်ကို မျက်နှာအပ်ထားရာမှ မော့ပင့်ကာ ယန်ယိုမင်ကို လှည့်ကြည့်လိုက်သည်။

အခန်းအတွင်း မီးမထွန်းရသေး။ ပြတင်းပေါက် အပြင်ဘက်မှလာသည့် လမ်းမီးတိုင်များက ယန်ယိုမင် အရိပ်ပါးလေးကို ပုံဖော်ပြနေသည်။ သူက ဘေးရှိ ကုတင်ကြီးပေါ် လက်နှစ်ဖက် ထောက်ထိုင်လျက် ခေါင်းနှင့် ကိုယ်တစ်ခုလုံးကိုလည်း အနောက်မှီချထားပြီး မျက်လုံးများကို တင်းတင်းကြပ်ကြပ် မှိတ်လို့ထားသည်။ ကြည့်ရတာ ရှရှင်းချန် အကြည့်များကို သတိထားမိသွားပုံပေါ်သည်၊ ရုတ်တရက်ဆိုသလို မျက်လုံးဖွင့်လာပြီး ရှရှင်းချန်ဘက် ခေါင်းငဲ့ကြည့်လိုက်လာသည်။

ရှရှင်းချန် သူ့ဗိုက်ကို ဖိထားတာကြောင့် မအီမသာဖြစ်လာသလို စတင်ခံစားလာရပြီး ကုတင်ပေါ် မှောက်လျက်အနေအထားဖြင့် လှဲချလိုက်သည်။

ယန်ယိုမင် ဖြည်းဖြည်းချင်း ထထိုင်ပြီး ရှရှင်းချန်ဘက် လက်ဆန့်တန်းလိုက်သည်။ "ဒီလာ"

The Star around the Sun 明日星程 [Unicode]Where stories live. Discover now