Chapter 64

1.5K 235 77
                                    


ရှရှင်းချန် တံခါးခေါက်ပြီးနောက် သူ အပြင်ဘက်တွင် မတ်တပ်ရပ်ပြီး စောင့်နေလိုက်သည်။ အခန်းထဲတွင် လှုပ်ရှားသံများ မကြားရ။ မိနစ်ဝက်မျှကြာအောင် စောင့်ပြီးနောက်တွင်တော့ သူအသက်ပြင်းပြင်းရှုရင်း နောက်ထပ်တစ်ကြိမ် တံခါးထပ်ခေါက်လိုက်သည်။

ဒီတစ်ကြိမ်မှာတော့ သူ အခန်းအတွင်းမှ ခြေသံများကို ကြားလိုက်ရပြီး တဖြည်းဖြည်း တံခါးနားထိ လျှောက်လာသံနှင့် ထို့နောက်တွင်တော့ တံခါးက အထဲမှနေပြီး ဖွင့်ခြင်းခံလိုက်ရသည်။

ယန်ယိုမင် ရှရှင်းချန်ကို တွေ့သည့်အခိုက်အတန့် သူ့မျက်နှာအမူအရာကတော့ ပြောင်းလဲမှုမရှိ၊ သို့ပေမယ့် သူ့မျက်ဆံများက ရုတ်တရက်ဆိုသလို တုန်ယင်သွားသည်။ သူ့အပေါ်ဝတ်ကုတ်အင်္ကျီက ချွတ်ထားပြီးဖြစ်သည်။ သူ့အပေါ်ခန္ဓာကိုယ်တွင် အဖြူရောင် ရှပ်အင်္ကျီသာ ရှိနေပြီး သူ့လည်ပင်းရိုးအား ထင်းကနဲ မြင်နေရသည်၊ သူ့အင်္ကျီလက်များကိုလည်း အပေါ်သို့ ခေါက်တင်ထားလေသည်။ အောက်ပိုင်းတွင်တော့ ပွဲတက်ဘောင်းဘီကိုသာ ဝတ်ထားဆဲ ရှိနေပေမယ့် သူ့ခြေထောက်များကတော့ ဟိုတယ်မှ ကွင်းထိုးဖိနပ်ကိုသာ စီးထားသည်။

သူ တံခါးလက်ကိုင်ဖုပေါ်တွင် လက်တင်ထားပြီး လွှတ်လိုက်ခြင်းမရှိ။ တံခါးရှေ့တွင် ရပ်နေရင်း သူ ရှရှင်းချန်၏နာမည်ကို ခေါ်လိုက်သည်။

"ရှင်းချန်"

ရှရှင်းချန် မတ်မတ်ရပ်လျက် သူ့လက်နှစ်ဖက်ကို ခြေထောက်ဘေးကပ်ထားပြီး ပြောလိုက်သည်။

"မင်ကော၊ ကျွန်တော့်မှာ အစ်ကို့ကို ပြောစရာလေးနည်းနည်းရှိတယ်။"

ယန်ယိုမင် သူ့ကို ကြည့်လိုက်ပေမယ့် နေရာမှ လှုပ်ရှားခြင်းတော့ မရှိ။ "ဘာအကြောင်းလဲ။"

ရှရှင်းချန် သူ့အခန်းထဲကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

"ကျွန်တော် အထဲဝင်လာပြီးမှ ပြောလို့ရမလား။"

ယန်ယိုမင် ခဏကြာအောင် တွန့်ဆုတ်သွားပုံပေါ်ပေမယ့် တံခါးကို လုံးဝ ဖွင့်ပေးလိုက်ပြီး ဘေးကပ် မတ်တပ်ရပ်ပေးလိုက်သည်။ ရှရှင်းချန် အထဲဝင်သွားပြီးမှ ယန်ယိုမင် တံခါးကို ပြန်ပိတ်လိုက်ပြီး သူ့အနောက်မှ လိုက်ဝင်လာသည်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now