Chapter 61

1.3K 229 58
                                    


ဟွမ်းကျီစင်းက ကိစ္စတိုင်းကို သေသေချာချာစီစဉ်တတ်သူဖြစ်ပြီး သူ ကြိုတင်စာရင်းပေးထားသည့်စားသောက်ဆိုင်မှာ ချောင်ကျဝေးလံကာ လူသိနည်းတာမို့ ရှရှင်းချန်နှင့် တင်းဝမ်ရွှမ်းတို့ကို သီးသန့်အခန်းထဲတွင်ညစာစားရင်း စကားလွတ်လွတ်လပ်လပ်ပြောလို့ ရစေသည်။ သူက သူတို့ကို လိုက်ပို့ပေးပြီးနောက် ထွက်မသွားခင်၌ ထမင်းစားပြီးပါက သူ့ကို ဖုန်းဆက်လှမ်းခေါ်ဖို့ ရှရှင်းချန်ကို မှာသွားသည်။

ရှရှင်းချန်နှင့် တင်းဝမ်ရွှမ်းက သူတို့အပေါ်ဝတ်များကို ချွတ်ပြီး စားပွဲထိုးအား လှမ်းပေးကာ အင်္ကျီချိတ်နှင့် ချိတ်ထားစေလိုက်သည်။ ကြိုမှာထားသည့် ဟင်းပန်းကန်များက စားပွဲပေါ်တွင် နေရာချထားလျက် ရှိနေပြီး စားပွဲထိုးကသီးသန့်အခန်းထဲမှထွက်ကာ သူတို့နှစ်ယောက်အတွက် တံခါးပိတ်ခဲ့ပေးလိုက်သည်။

တင်းဝမ်ရွှမ်း ထိုင်လိုက်သည်။ သူ့ဆွယ်တာအင်္ကျီလက်ကို ခေါက်တင်နေချိန်အတွင်း သူ ရှရှင်းချန် မေးလာတာကိုကြားလိုက်ရသည်။

"ဒါရိုက်တာတင်း၊ ခင်ဗျား ကျွန်တော့်ကို ဒီဇာတ်ကားမှာ သရုပ်ဆောင်ခွင့်ပေးတာ ယန်ယိုမင်ကြောင့်လား။"

ရှရှင်းချန် ထိုမေးခွန်းကို အလေးအနက်ထားသည့်လေသံဖြင့် မေးလာသည်။

တင်းဝမ်ရွှမ်း ရယ်လိုက်သည်။ "ဘာလဲ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မရှိဘူးလား။"

ရှရှင်းချန် ပြုံးရယ်ခြင်းမရှိ။ သူ့စိတ်အခြေအနေမှာ ရှုပ်ထွေး၍နေသည် - တစ်ဖက်မှာလည်း ယန်ယိုမင်က သူ့အတွက် နောက်ထပ်အခွင့်အရေးတစ်ခု ရအောင် ကြိုးစားပေးလာမယ်ဟု သူ မထင်ထား။ သူ့စိတ်ထဲတစ်စုံတစ်ယောက်က သူ့နှလုံးသားကို ဆွဲကိုင်ရစ်ပတ်ထားသလိုပင်၊ မနာကျင်ပေမယ့် တစစ်စစ်ဖြစ်နေခြင်းကတောင့်ခံဖို့အတွက် ခက်ခဲလွန်းလှသည်။ ထို့အပြင် အစကတည်းက ထွက်ပေါက်ရှာမရပဲ အုံကြွတက်နေသည့် ခံစားချက်များက သူ့ရင်ကို ပိုပိုပြီး အားကုန်ဖိထားတော့သည်။ တစ်ဖက်မှာလည်း သူ ဒုတိယစစ်ဆေးပွဲကို ယန်ယိုမင်နှင့်အဆက်အသွယ်ရှိလို့ အောင်မြင်သွားရတယ်ဆိုပါက ထိုကိစ္စက လူရွေးပွဲ ကျရှုံးရခြင်းထက်ပင် ပိုအရှက်ရစရာကောင်းလိမ့်မည်။ အကုန်လုံး ပြောဆို၊ လုပ်ကိုင်ပြီးသွားသည့်နောက်တွင် သူက ယန်ယိုမင်နှလုံးသားထဲဘယ်လောက်တောင် အသုံးမကျတဲ့ ပုံရိပ်တစ်ခုအနေနှင့် ထင်ကျန်နေခဲ့မလဲ သူမသိ။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now