Chapter 70

1K 120 6
                                    


ကားထဲရောက်ချိန်မှာတော့ ရှရှင်းချန် ယန်ယိုမင်ကို သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။ "ကျွန်တော်တို့ ဘယ်သူ့ကို သွားတွေ့မှာလဲ။"

ယန်ယိုမင် အပေါ်ဝတ်ဂျက်ကပ်က ဇစ်ဖြုတ်ထားပေမယ့် ဆွဲတော့ မချွတ်။ သူ ပြောလာသည်။ "မင်း လျန့်ယွီချန်ကို သိလား။"

ရှရှင်းချန် 'အာ'ဟု ပြောရင်း အနည်းငယ်မျှ အံ့ဩသွားသည်။ သို့ပေမယ့် သူအလျင်အမြန်ပဲ ပြောလိုက်သည်။ "သေချာပေါက် ကျွန်တော် လျန့်ယွီချန်ကို သိတာပေါ့။"

သူ ယန်ယိုမင်ကို စိုက်ကြည့်လိုက်သည်။ "ကော ကျွန်တော့်ကို လေ့လာသင်ယူမှုမရှိ၊ အနုပညာလောကထဲ အပျော်အပါးပဲ လိုက်စားနေတယ်များ ထင်နေတာလား။"

လျန့်ယွီချန်ဆိုသည်မှာ တရုတ်နိုင်ငံ၏ ခေတ်ဟောင်း ဇာတ်လမ်းရိုက်ကူးရေးလောကတွင် အလွန်ကို နာမည်ကျော်ကြားသူတစ်ယောက်ဖြစ်သည်။ သူရိုက်ကူးထုတ်လုပ်ထားသည့် ဇာတ်ကားများစွာက နိုင်ငံတကာအဆင့်မှီဆုတံဆိပ်များအထိ ရရှိထားပေမယ့် ထိုဇာတ်ကားများအကုန်လုံးက အရင်ခေတ်ဟောင်းကားများပင်။ ထို့ကြောင့်လည်း လူငယ်အရွယ်လေးများ တစ်ခါမှမကြားဖူးရင်တောင် အံ့ဩစရာမဟုတ်။

ယန်ယိုမင် ရေးရေးလေးပြုံးလိုက်သည်။ "ကိုယ်တို့ လျန့်လောင်ရှီးဆီ သွားလည်ကြတာပေါ့။"

ရှရှင်းချန် နားလည်သွားတာမို့ ချက်ချင်းဆိုသလို မေးလိုက်သည်။ "လျန့်ကျင်းယွမ်ကကော။"

ယန်ယိုမင် ပြောလိုက်သည်။ "လျန့်ကျင်းယွမ်က ဆရာလျန့်ရဲ့ မြေးလေ။"

ရှရှင်းချန် ရုတ်တရက် သဘောပေါက်သွားသည်။ လျန့်ကျင်းယွမ် သူ့ပွဲဦးထွက်ကတည်းက အခက်အခဲမရှိ ချောချောမွေ့မွေ့နှင့် အဆင်ပြေခဲ့သည်။ Variety show စုံ၊ ဇာတ်ကား၊ ဇာတ်လမ်း အလုပ်မျိုးစုံက သူ့ကို အဆက်မပြတ်ဆက်သွယ်ဖိတ်ကြားကြသည်။ လူတိုင်း သူ့မှာ သူ့မိသားစု ကျောထောက်နောက်ခံရှိနေမှန်း သိကြပေမယ့် လျန့်ကျင်းယွန်က လျန့်ယွီချန်၏ မြေးဟု ရှရှင်းချန် ကြားဖူးသည်မှာ ဒါပထမဆုံးဖြစ်သည်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now