Chapter 78

964 120 12
                                    


ယွမ်ကျင့်ထွက်သွားချိန်တွင်မှ ရှရှင်းချိန် အခန်းအတွင်းသို့ အလဲလဲအပြိုပြိုဝင်လာပြီး သူ့အနောက်မှ တံခါးကို လှမ်းပိတ်လိုက်သည်။ တံခါးပိတ်သံထွက်ပေါ်လာချိန်မှာတော့ သူ ဆတ်ကနဲ တုန်သွားပြီး ထွေလေရောပါးနေသောအတွေးများက ချက်ချင်းဆိုသလို ရှင်းလင်းသွားသည်။ သူ တွေးလိုက်မိသည် : ဘာလို့ ယွမ်ကျင့်က ဒီမှာပေါ်လာတာလဲ။

ဧည့်ခန်းမှ မီးအလင်းရောင်က မပိတ်ရသေး။ မျက်နှာကြက်အလယ်တွင် ထွန်းလင်းထားသည့် မီးသီးဖြစ်နေပေမယ့် အလင်းရောင်က အရမ်းလည်း မထွန်းတောက်လှ။ ရှရှင်းချန် ဒီအိမ်ကြီးကို ကြည့်နေရင်း စိတ်ထဲ အတွေးတစ်ခု ရုတ်တရက် ဝင်ရောက်လာသည်။ 'ဒါ ယန်ယိုမင်နဲ့ ယွမ်ကျင့် အတူနေခဲ့ဖူးတဲ့ အိမ်လား။'

သူ နံရံဘေးမှ ဖိနပ်တင်စင်ကို ကြည့်လိုက်သည်၊ အမျိုးသမီး အိမ်နေရင်းဖိနပ်များတော့ ရှိမနေ။ ထို့ကြောင့် သူ ဖိနပ်အလျင်အမြန်လဲပြီး အခန်းထဲ လျှောက်ဝင်သွားလိုက်သည်။ အိမ်က အလွန်ကို ကြီးလှသလို ဒါကလည်း သူ ပထမဆုံး ရောက်ဖူးခြင်းဖြစ်သည်။ ထို့ကြောင့်လည်း သူ အခန်းတိုင်းကို ရေရေရာရာသိရှိခြင်းမရှိ ဖွင့်လှပ်ကြည့်ရတော့သည်။ အခန်းတိုင်းက သော့ခတ်ထားခြင်းမရှိ။ အခန်းများကတော့ အိပ်ခန်း ၃ခန်း၊ စာကြည့်ခန်းတစ်ခန်း၊ ရုပ်ရှင်ကြည့်ရာ အခန်းတစ်ခန်း၊ အဝတ်လဲခန်းတစ်ခန်း၊ ရေချိုးခန်း နှစ်ခန်းနှင့် အလွန်ကို ကျယ်ပြန့်ပေမယ့် ခြောက်ကပ်ကပ်နိုင်လှသည့် မီးဖိုးချောင်ခန်းတို့ဖြစ်သည်။

တစ်အိမ်လုံးကို အလှဆင်ထားမှုက အလွန်ကို ထူးခြားသည်၊ ပြောရပါက ယောက်ျားဆန်ဆန် အေးစက်မှုများဖြင့် ပြည့်နှက်နေသည့် အနက်၊အဖြူ၊ အညို စသည့်အရောင်များကိုသာ သုံးထားသည်။ အခန်းတိုင်းကလည်း အလွန်ကို သန့်ရှင်းနေပြီး လူနေခဲ့ဖူးသည့် ခြေရာလက်ရာတောင် မရှိသလောက်ပင်။

အဝတ်လဲခန်းထဲတွင်လည်း ယန်ယိုမင်၏ အဝတ်အစားများနှင့် ဖိနပ်များသာရှိနေသည်။ တကိုယ်ရေသုံး ပစ္စည်းများကလည်း ရေချိုးခန်းထဲတွင်သာ ရှိသည်။ မီးဖိုချောင်ကတော့ ပိုလို့တောင် ခြောက်သွေ့သေးသည်၊ သူ ဟင်းချက်အဆာပလာများတောင် ဖြည့်ထားခြင်း မရှိ။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now