ဒီနေရာတွင် ယန်ယိုမင်နှင့် ယွမ်ကျင့် အတူနေခဲ့သည့်ပုံ မပေါ်လှ။

ရှရှင်းချန် စိတ်အေးသွားသလို သက်ပြင်းချလိုက်မိသည်။ သူ အခန်းတစ်ခန်းချင်းဆီ မီးများ၊ တံခါးများ လိုက်ပိတ်ပြီးနောက် ဧည့်ခန်းရှိ နူးနူးညံ့ညံ့ ဆိုဖာပေါ်တွင် ပြန်ထိုင်နေလိုက်သည်။

ဆိုဖာလေးကလည်း သားရေသစ်နံ့ရနေဆဲဖြစ်ပြီး ဝယ်ထားတာ မကြာသေးပုံပေါ်ကာ ယွမ်ကျင့်ကိုယ်မှ ချန်လှစ်ခဲ့သည့် ရေမွှေးအနံ့လေးလည်း ရစ်သီနေသည်။ သူ ခဏကြာအောင် ထိုင်နေပြီးမှ ဖိနပ်ချွတ်ကာ ဆိုဖာပေါ် တင်ပလ္လင်ခွေထိုင်ပြီး မျက်နှာအား လက်တစ်ဖက်ဖြင့် အုပ်ထားလိုက်သည်။

လမ်းတစ်လျှောက် ခံစားလာခဲ့သည့် ပျော်ရွှင်စိတ်လှုပ်ရှားမှုများက ပျောက်ဆုံးသွားပြီး သူ့ရင်ထဲ ကျန်ရှိခဲ့သည်များကတော့ နက်နက်ရှိုင်းရှိုင်း ခြောက်ခြားတုန်လှုပ်မှုများပင် ဖြစ်သည်။

အကယ်၍ ဒီအိမ်ကသာ ယန်ယိုမင်နှင့် ယွမ်ကျင့် လက်ထပ်တုန်းက အတူနေခဲ့တဲ့အိမ် မဟုတ်ဘူးဆိုပါက ဘာလို့များ ယွမ်ကျင့်က လျှို့ဝှက်နံပါတ်ကို သိနေရပြီး ဒီမှာ ယန်ယိုမင်ကို စောင့်နေရတာလဲ။ သူတို့ တစ်ချိန်လုံး အဆက်အသွယ်ရှိနေကြတာလား။ သို့ပေမယ့် ယန်ယိုမင်က သူ လာမယ်ဆိုတာ သိနေရက်နှင့် ယွမ်ကျင့်ကို ဒီမှာစောင့်နေခိုင်းဖို့ကလည်း မဖြစ်နိုင်။ ယွမ်ကျင့် သူမဘာသာ လာခဲ့ခြင်းဖြစ်သည်။ သူမက ယန်ယိုမင်၏ အိမ်လျှို့ဝှက်နံပါတ်ကို သိနေပြီး သူ ပြန်လာမည့်အချိန်ကိုပါ သိနေသည်။ သူတို့နှစ်ယောက်ကြား နက်နဲသော ဆက်ဆံရေး ရှိနေသေးတာမျိုး မဟုတ်ပါက သူမ ဒီကို ဘာလာလုပ်တာပါလိမ့်?

ရှရှင်းချန် သူ့ခေါင်းအတွင်း ထင်ကြေးပေးနေမှုများကို မရပ်တန့်နိုင်။ ဒီခံစားချက်က သူ့အား နေရခက်စေသည်။ များမကြာခင်မှာပဲ သူ ကြောက်ဖို့အကောင်းဆုံး ဖြစ်နိုင်ချေတစ်ခုအား တွေးမိသွားသည်၊ ထိုအရာက .. ယွမ်ကျင့် ယန်ယိုမင်အား လာရှာသည်မှာ ပြန်ပေါင်းထုတ်ချင်၍ဖြစ်နိုင်သည်။ ယန်ယိုမင်ကလည်း သူ့အလုပ်ပုံတွေကိုတောင် ဘေးတွန်းဖယ်ပြီး ယွမ်ကျင့်နှင့်သူ၏ အိမ်ထောင်ရေးကို ကယ်တင်ဖို့ အားအင်အများကြီး စိုက်ထုတ်ထားသူဖြစ်သည်။ အခုများသာ ယွမ်ကျင့်က ပြန်လာဖို့ ခြေဦးစလိုက်ပါက ယန်ယိုမင် သူ့ကို ချက်ချင်းပစ်ပယ်ပြီး ယွမ်ကျင့်ဆီ ပြန်သွားလောက်လေသလား။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now