အခန်းက ဧည့်ခန်းပါသည့်ဟိုတယ်ခန်းဖြစ်သည်။ အပြင်ပိုင်းတွင် ဧည့်ခန်းတစ်ခန်းရှိပြီး အထူးစီစဉ်ပေးထားသည့် အဝတ်လဲခန်းတစ်ခုလည်း ရှိသည်။ အတွင်းခန်းတွင်တော့ အိပ်ခန်းနှင့် ရေချိုးခန်း ပါရှိသည်။ ထိုအခန်းတွင်တော့ ကြမ်းပြင်မှ မျက်နှာကျက်အထိ မြင့်သည့် မှန်ပြတင်းပေါက်ရှိပြီး ထိုပြတင်းပေါက်မှတစ်ဆင့် မြို့၏ ညခင်းအလှကို အပေါ်စီး ကြည့်ရှုလို့ ရနိုင်သည်။

ရှရှင်းချန် အိပ်ခန်းအတွင်းသို့ တန်းဝင်သွားလိုက်ပြီး ပြတင်းပေါက်ရှေ့အထိ လျှောက်သွားလိုက်သည်။ ကြမ်းပြင်ကနေ မျက်နှာကြက်အထိ မြင့်လှသည့် မှန်ပြတင်းပေါက်မှတဆင့် ယန်ယိုမင် TVတင်ထားသည့် စားပွဲဘေးတွင်ရပ်ကာ ထိုစားပွဲကို မှီရင်း လက်ပိုက်ထားလျက်ရပ်နေတာကို လှမ်းမြင်နေရသည်။

သူ ယန်ယိုမင်ကို မျက်နှာချင်းဆိုင်ကြည့်ဖို့ လှည့်လာပြီး ပြောလိုက်သည်။

"အစ်ကိုက ကွာရှင်းပြီးသွားပြီ။" မေးခွန်းတစ်ခုမဟုတ်၊ အဆိုတစ်ခုပင်။

ယန်ယိုမင် မျက်လွှာ အနည်းငယ်ချကာ သန့်ရှင်းနေသော ကော်ဇောအပေါ် အကြည့်ရောက်သွားပြီး ပြောလိုက်သည်။

"ဟုတ်တယ်။"

ရှရှင်းချန် သူ့ကို မေးလိုက်သည်။ "ရိုက်ကူးရေး မစခင်အချိန်ကတည်းက ကွာရှင်းခဲ့တာလား။"

ယန်ယိုမင် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။"

"ဘာလို့ ကျွန်တော့်ကို မပြောပြတာလဲ။"

ယန်ယိုမင် ဒီတစ်ခါမှာတော့ ချက်ချင်းပြန်မဖြေ။ သူ ခဏကြာအောင်တိတ်နေပြီးမှ ပြောလိုက်သည်။

"ကိုယ်ရေးကိုယ်တာကိစ္စတွေကို ထောက်ထားထည့်တွက်ပြီးတော့ မိသားစု​ဝင်တွေကလွဲပြီး ဘယ်သူ့ကိုမှ ကိုယ်တို့မပြောပြထားဘူး။"

ရှရှင်းချန် သူ့ကို ကြည့်လိုက်သည်။ "ကျွန်တော်က အစ်ကို ပြောပြဖို့တောင် မထိုက်တန်တဲ့သူလား။"

ယန်ယိုမင် မျက်လွှာပင့်ကာ သူ့အားကြည့်လိုက်သည်။

အခန်းအတွင်းတွင် ဝါညို့ညို့မီးအိမ်လေးသာ ဖွင့်ထားပြီး အလင်းရောင်က နူးညံ့ကာ ဖျော့တော့သည်။ ကြမ်းပြင်မှမျက်နှာကြက်ထိမြင့်တဲ့ မှန်ပြတင်းပေါက်ကိုလည်း ဘေးတစ်ဖက်မှ ဖွင့်ပိတ်လို့ရသည့် ပြတင်းပေါက်အသေးလေးတစ်ခုကိုသာ ဖွင့်ထားလေ့ရှိသည်။ ဒီအကြိမ်တွင်တော့ လေပူပေးစက်ဖွင့်ထားခြင်းကြောင့် ထိုပြတင်းပေါက်အသေးလေးကိုပါ ပိတ်ထားတာမို့ အခန်းလေးသည် အပြင်လောကနှင့် လုံးဝ တသီးတခြားဖြစ်နေသကဲ့သို့ ဖြစ်နေလေသည်။ အခန်းတွင်း လေထုလေးသည် နွေးထွေးကာ ခြောက်သွေ့လှသည်။ ထို့အပြင် အလွန် ဖျော့တော့လှသည့် အမွေးရနံ့လေး ရောနှောနေသည်၊ ယန်ယိုမင် ဒီညအတွက် သုံးခဲ့သည့် ရေမွှေးရနံ့ဖြစ်နိုင်လောက်သည်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now