"မဟုတ်ဘူး။" ဒီတစ်ကြိမ်မှာတော့ ဟောကျန်း အလျင်အမြန် ငြင်းလိုက်သည်။

သူ့ခေါင်းကို ခါရင်း ဆက်ပြောသည်။ "ငါ လိုချင်တာက နစ်ဝင်နေမှု။ အရင်တစ်ခေါက်က တော်တော် ကောင်းတယ်။ မင်းတို့ နှစ်ယောက်လုံး ကောင်းတယ်။"

ပြောပြီးသည်နှင့် ဟောကျန်း ဆေးလိပ်ကို ကိုက်ကာ တစ်စုံတစ်ခုအပေါ် သေချာ တွေးနေပုံပေါ်သည်။ ထို့နောက် သူယန်ယိုမင်အား ပြောလိုက်သည်။

"မင်း နည်းနည်း ကြမ်းလို့လည်း ရတယ်။"

ယန်ယိုမင် ဘာမှမပြောပဲ ဟောကျန်းအား တစ်ချက် လှမ်းကြည့်လိုက်သည်။

"ကြမ်းတယ်ဆိုတာ ကြည့်ကောင်းရုံပဲ။ ငါ မင်းကို တကယ်ကြီး ကြမ်းကြမ်းတမ်းတမ်း လုပ်ခိုင်းတာ မဟုတ်ဘူး။ အခုအချိန်က အရင်တုန်းကနဲ့လည်း ကွာတယ်။ ပြီးတော့ ဒီကိစ္စက ဒီနှစ်ယောက်အတွက် သာမန်ကိစ္စတစ်ခုလို ဖြစ်သွားပြီ။ အာ့တော့ ငါ မင်းတို့နှစ်ယောက်လုံးကို ယောက်ျားလေး နှစ်ယောက်ကြားက သွေးဆာလောင်မှု ပုံစံကိုကင်မရာ အရှေ့မှာ ထုတ်ပြလာစေချင်တယ်။"

ရှရှင်းချန် သူတို့နှစ်ယောက် ပြောနေသည်ကိုသာ နားထောင်နေပြီး အစမှ အဆုံးအထိ သူ့ထင်မြင်ချက် တစ်ခုမှ ဝင်မပြော။

ဟောကျန်း သူ့အား မေးလာသည်။ "မင်းကော တစ်ခုခု ပြောချင်တာ ရှိလား၊ ရှင်းချန်"

ရှရှင်းချန် သူ့ခေါင်းကို အလျင်အမြန်ပဲ ခါယမ်းပြလိုက်သည်။

"မရှိပါဘူး။"

"စိတ်မပူနဲ့။ ဒီတိုင်းလေး စီးမြောသွားလိုက်။" ဟောကျန်း ပြောလိုက်သည်။ "မင်း အခုဆို ဇာတ်ကောင် ခံစားချက်တွေကို ကောင်းကောင်းကြီး ဖမ်းချုပ်ထားနိုင်နေပြီ။ တစ်ခါတစ်ရံဆို မင်း သရုပ်ဆောင်တာတွေက ငါထင်ထားတာထက်ကို ပိုကောင်းနေတတ်တယ်။ ငါပြောတာ မင်း နားလည်တယ်မလား။"

ရှရှင်းချန် အပြုံးမမည်သော အပြုံးတစ်ခု ပြုံးပြရင်း - "ကျွန်တော် သိပါတယ်။"

ဟောကျန်း မတ်တပ်ရပ်ရင်း ပြောလိုက်သည်။ "နောက်ဆို မင်းစိတ်ထဲက ဖြစ်လာတဲ့ ပုံစံအတိုင်း သရုပ်ဆောင်။ တစ်ခုခု အဆင်မပြေသေးဘူးလို့ ငါ တွေးမိရင် ငါတို့ အဲ့တာကို ပြန်ရိုက်လို့ရတယ်။"

The Star around the Sun 明日星程 [Unicode]Where stories live. Discover now