ထိုကဲ့သို့ ပန်ကာ လည်လာလိုက် နှေးသွားလိုက် လည်နေရင်း နောက်ဆုံးတွင်တော့ ပန်ကာမှ ထွက်လာသည့် အသံ အကုန်ငြိမ်သွားကာ အခန်းသည်လည်း တစ်ခါတည်း တိတ်ဆိတ်သွားတော့သည်။ ပန်ကာလက်တံများကတော့ အရှိန်မသေသေး၍ ခဏကြာအောင် ဆက်လည်နေသေးပေမယ့် နောက်ဆုံးတွင်တော့ ရပ်သွားတော့သည်။

ဖန်းကျန်းယွမ် အိပ်ယာမှ ထလိုက်ပြီး ဖိနပ် စီးလိုက်ရင်း ပန်ကာအရှေ့သို့ လျှောက်သွားကာ ပန်ကာခေါင်းကိုအကြိမ်အနည်းငယ်မျှ ထုရိုက်လိုက်ပေမယ့် တုံ့ပြန်လာခြင်း မရှိ။

ဖန်းကျန်းယွမ် ပန်ကာခလုတ်ကို ဖြုတ်ကာ ပြန်တပ်ကြည့်သော်လည်း အလုပ်မလုပ်။

ကြည့်ရသည်မှာ ပန်ကာ ပျက်သွားပြီ ဖြစ်ရမည်။

ချွေးပေါက်များ ဖန်းကျန်းယွမ် နဖူးပေါ်တွင် ပေါ်လာတော့သည်။

သူ အခန်းမီး ပိတ်ကာ ပြတင်းပေါက်ကို အကျယ်ဆုံး ဖွင့်ပြီး ပြတင်းပေါက်အရှေ့ စားပွဲပေါ်တွင် ငြိမ်သက်စွာ ထိုင်နေလိုက်သည်။

ညအချိန်ဖြစ်သော်လည်း လေတိုက်မှု မရှိ။ ဖန်းကျန်းယွမ် ခံစားရသည်မှာ ပူစပ်ပူလောင် ဖြစ်စေသည့် နွေရာသီ လေပူများ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ရစ်ပတ်နေခြင်းပင် ဖြစ်ပြီး သူ့တကိုယ်လုံး ချွေးများ အလျင်အမြန်ပေါ်လာတော့သည်။

ကြားဖူးသလောက်ကတော့ (စိတ် ငြိမ်းချမ်းနေရင်တောင် သဘာဝအလျောက် အေးချမ်းနေဖို့ မဖြစ်နိုင်တဲ့။) ဖန်းကျန်းယွမ် တွေးလိုက်မိသည်။ ထို့အပြင် သူ့စိတ်သည် လုံးဝ ငြိမ်သက်မနေပင်။

ပူလောင်ကာ အသက်ရှုကြပ်ရသည့် အခန်းထဲ နေနေရသည်မှာ တကယ်ကို သည်းခံနိုင်ဖို့ ခက်လှသည်။ နောက်ဆုံးတွင်တော့ အောက်ထပ် ကုန်စုံဆိုင်တွင် အခုလောလောဆယ် အသုံးပြုစရာ မလိုသည့် ပန်ကာ ရှိနေသည်ကို သူသတိရသွားတော့သည်။

ဖန်းကျန်းယွမ် စားပွဲပေါ်မှ ခုန်ချလိုက်ပြီး အလျင်အမြန််ပင် အခန်းမှ ထွက်ကာ အောက်ထပ်သို့ ဆင်းသွားလိုက်သည်။ သူ လမ်းတစ်လျှောက် မီးများ မထွန်းသွား။ ပြတင်းပေါက်မှ မီးရောင် ဖြာကျနေမှုကြောင့် လှေကားထစ်များကိုတော့ ဝိုးတိုးဝါးတား မြင်ရနေဆဲ။

ပထမ အထပ်တွင် ရှိသော ကုန်စုံဆိုင်သည် ပိုကာ မှောင်မဲနေသည်။ ဖန်းကျန်းယွမ် အမှောင်ထဲတွင် ဒူးထောက်ကာကုန်းလိုက်ပြီး ပန်ကာ ပလပ်ကို ဆွဲယူလိုက်သည်။

ထိုအချန်၌ ကုန်စုံဆိုင် ဝင်ပေါက်၏ ဘယ်ဘက်တွင် ရှိနေသည့် သစ်သားတံခါး အသေးလေးကို အပြင်မှ ဆွဲဖွင့်လိုက်သည်။

ယွီဟိုင်ယန် တံခါးပေါက်မှ ဝင်လာချိန် အမှောင်ထဲ လှုပ်ရှားနေမှုကော အသံကော ကြားလိုက်ရတာကြောင့် မေးလိုက်သည်။

"ဘယ်သူလဲ?"

ဖန်းကျန်းယွမ် ပလပ်ကို စမ်းမိကာ ဆွဲထုတ်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။

ယွီဟိုင်ယန်လည်း နံရံပေါ်မှ မီးခလုတ်ကို စမ်းရှာလိုက်ပြီး ဖွင့်လိုက်သည်။

ရုတ်တရက် လင်းလာမှုကြောင့် ဖန်းကျန်းယွမ် မျက်လုံးများ အသားမကျဖြစ်သွားကာ သူ သူ့မျက်လုံးများကို အနေရခက်စွာ မှေးလိုက်ရသည်။

ယွီဟိုင်ယန် သူ့ကို ရှင်းရှင်းလင်းလင်း မြင်ရပြီးနောက် အနောက်က တံခါးကို လှမ်းပိတ်ကာ နေရာတွင်ပဲ ရပ်​နေလိုက်သည်။

ဖန်းကျန်းယွမ် မျက်လုံးတို့က အလင်းရောင်ကို ကျင့်သားရသွားမှ ယွီဟိုင်ယန် သူ့ကို ပြုံးပြီး ကြည့်နေတာကို တွေ့လိုက်ရသည်။သူ သူ့ကိုသူ ပြန်ငုံ့ကြည့်လိုက်ချိန် သူ့ညဝတ်အင်္ကျီ အဖြူရောင်လေးသည် တစ်ဖက်သို့ လျှောကျကာ သူ့ရင်ဘတ်မှ အရောင်ဖျော့ဖျော့ နို့သီးလေး ပေါ်နေသည်ကို မြင်လိုက်ရသည်။

သူ အထိတ်တလန့်ဖြင့် အနေရခက်စွာ သူ့အင်္ကျီကို သူ့နေရာသူ ရောက်အောင် ပြန်ဆွဲတင်လိုက်သည်။

ယွီဟိုင်ယန် သူ့ကို ကြည့်ရင်း အရှေ့သို့ ခြေလှမ်း တိုးလာလိုက်သည်။ သို့သော် စကားတစ်ခွန်းမှတော့ မပြော။

ဖန်းကျန်းယွမ်လည်း ဘာမှ မပြော။ သူ ပန်ကာကို ကုန်းပြီးမလိုက်ပြီး တစ်ဝက် သယ်ကာ တစ်ဝက် တစ်ရွတ်တိုက်ဆွဲသည့် ပုံစံဖြင့် လှေကားဆီသို့ သွားလိုက်သည်။

//KittyKitling//

The Star around the Sun 明日星程 [Unicode]Where stories live. Discover now