သူ နိုးလာသည့်အချိန် အခန်းထဲ သူနှင့်အတူ အခြားတစ်ယောက် ရှိနေသည်ဟု ခံစားနေရသည်။ သူ ဖြည်းညင်းစွာမျက်လုံး ဖွင့်ကြည့်လိုက်ချိန် ယန်ယိုမင် ပြတင်းပေါက်ကို ကျောပေးကာ မတ်တပ်ရပ်နေရင်း သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရသည်။

ထိုခဏအတွင် ရှရှင်းချန် သူ အိပ်မက်မက်နေသည်ဟုပင် ထင်သွားသည်။

နေ့ခင်း အလင်းရောင်သည် ပြတင်းပေါက်မှ ထိုးဝင်နေသည်။ ရိုက်ကွင်းထဲမှ အလင်းရောင်များနှင့် မတူစွာ ယခုအလင်းရောင်သည် တကယ့် နေရောင်ဖြစ်ပြီး ယန်ယိုမင် အရိပ်အား သွယ်လျကာ အရောင်တောက်နေစေတော့သည်။

"နိုးပြီလား?" ယန်ယိုမင် သူ့ကို မေးလိုက်သည်။

ရှရှင်းချန် သူ့လက်မောင်းကို မြှောက်လိုက်ချိန် သူ့တကိုယ်လုံး တင်းကျပ်စွာ စောင်ခြုံထားမိပြီး လေအေးပေးစက်ရှိနေလျက်ပင် ချွေးများ စီးကျနေသည်ကို သတိထားမိသွားသည်။ သူ စောင်ကို အောက်သို့ ဆွဲချရင်း ထထိုင်ဖို့ ပြင်လိုက်သည်။

ယန်ယိုမင် သူ့လှုပ်ရှားမှုကို ရိပ်မိသွားပြီး ပြောလာသည်။ "လှဲနေ၊ မထနဲ့။"

ရှရှန်းချန် အိပ်ရာဘေးမှ ယန်ယိုမင် ဝယ်လာပုံပေါ်သည့် ပန်းစည်းကို မြင်လိုက်သည်။ ရွှေဝါရောင် ပန်းများနှင့်ပန်းရောင်၊ အဖြူရောင် ပန်းများ ပေါင်းစည်းထားခြင်းသည် နွေးထွေးကာ အသက်ဝင်နေတော့သည်။ ထိုပန်းစည်းသည် ယန်ယိုမင် ကိုယ်တိုင် ရွေးဝယ်လာခြင်း မဟုတ်ပဲ လီယွမ် ပြင်ဆင်ပေးလိုက်ခြင်းသာ ဖြစ်မည်ဟု သူတွေးလိုက်မိသည်။

"သက်သာလာပြီလား?" ယန်ယိုမင် သူ့ကို မေးလာသည်။

"တော်တော် သက်သာသွားပြီ" ရှရှင်းချန် ပြန်ဖြေလိုက်သည်။

အနည်းဆုံးတော့ သူ ခေါင်းမူးခြင်းကော မူးလဲချင်သလို ဖြစ်ခြင်းကော မခံစားရတော့။ သူ ထပ်ပြီးလည်း ဆက်မအိပ်ချင်။ သူ ပါးစပ်ဟလိုက်မှသာ သူ့လည်ချောင်း ခြောက်သွေ့နေပြီး စကားပြောရန်ပင် အခက်အခဲ ရှိနေသည်ကိုသတိထားမိသွားသည်။

သူ ထထိုင်ကာ ရေအနည်းငယ် လောင်းထည့်ဖို့ ကြိုးစားလိုက်သည်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now