ရှရှင်းချန် အောက်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "ကျွန်တော် တောင်းပန်ပါတယ်။"

"မဟုတ်ဘူး မဟုတ်ဘူး" ဟောကျန်း ပြောသည်။

"မင်း တောင်းပန်စရာ မလိုပါဘူး။ ဇာတ်ကောင်နေရာကို ရောက်အောင် သေချာလုပ်။ ဒီကြားနှစ်ရက်အတွင်းမင်းလုပ်တာ တော်နေတာပဲ။ ဒီနေ့လေးပဲ မင်း မူမမှန်ဘူး ဖြစ်နေတာ"

ရှရှင်းချန် လက်ကို မြှောက်ကာ သူ့မေးစေ့ကို ဖုံးပြီး လက်ချောင်းများကို သူ့နှုတ်ခမ်းကို ထိ၍ နှုတ်ဆိတ်နေလိုက်သည်။ သူပြောပြလို့ ရတာ မရှိ။ သူ ညက အပြင်ထွက် ပျော်ပါးပြီး မိန်းကလေး တစ်ယောက်နဲ့ပါ အိပ်မိတာကြောင့်ဒီနေ့ ဇာတ်ကောင် ခံစားချက်သွင်းချိန်တွင် ပြဿနာ ဖြစ်နေသည်ဟု ဟောကျန်းကို ပြောပြလို့လည်း မရနိုင်ပေ။

ဟောကျန်း ဆက်ပြောသည်

"လူတွေက အကြောင်းအမျိုးမျိုးနဲ့ ရင်ခုန်ကြတာပဲ __ လူအချင်းချင်းကြောင့်ပဲဖြစ်ဖြစ် အခြားအရာကြောင့်ပဲဖြစ်ဖြစ်။ ချစ်စရာ ကလေးလေးတို့ လှတဲ့ ကောင်မလေး တို့က အစ ကြောင်လေးတွေနဲ့ ခွေးလေးတွေ အဆုံး .. မသိစိတ်က သဘောကျမိသွားပြီဆို သူတို့ကိုပဲ ကြည့်နေမိမယ်။ သူတို့ကို စကားသွားပြောချင်မယ်။ ထိကိုင်တာတွေ လုပ်ချင်မိမယ်။ ဒါပေမယ့် ဖန်းကျန်းယွမ်က ဒါတွေကို ကြိုသတိထားမိနေတယ်။ သူ့ ကြိုက်နေမိတယ်ဆိုတာကို ငြင်းဖို့ ယွီဟိုင်ယန်ကို ရှောင်ဖို့ ကြိုးစားတယ်။ တစ်ချိန်တည်းမှာပဲ သူ့အကြည့်တွေက ယွီဟိုင်ယန်နားမှာပဲ တဝဲဝဲ လည်နေပြန်ကော။ ဝေးဝေးမှာ နေပေမယ့် မသိစိတ်က ယွီဟိုင်ယန်နဲ့ ပိုနီးချင်နေပြန်ကော။ ဒီအချက်တွေ အများကြီးကို တစ်ခန်းထဲနဲ့ ပြဖို့လိုတယ်။"

ရှရှင်းချန် သေချာနားထောင်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။ မိတ်ကပ်လိမ်းပြီးကာစ သူ့မျက်နှာသည် ယခင်ကထက်နူးညံ့သိမ့်မွေ့နေသည်။ သူ့မျက်နှာ အမူအရာကို အချိန်တစ်ခုလောက် စူးစိုက်ကာ ပြုပြင်လိုက်သောအခါ သူ့တစ်ကိုယ်လုံးမှ ဖြူစင်သည့် တက္ကသိုလ်ကျောင်းသားတစ်ယောက် ပုံရိပ်သည် သူပင် မသိလိုက်ပဲ ပေါ်လာတော့သည်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now