နောက်နေ့မနက် ယွမ်ကျင့် အမူးပြေသွားချိန် သူမက ဘာမှမဖြစ်ခဲ့သလို ရှရှင်းချန်ကိုတောင် အရင်လိုပြုံးရယ်၍နှုတ်ဆက်လာသည်။
သို့ပေမယ့် ကျူတျန်းကျဲကတော့ အတော်လေး စိတ်အနှောင့်အယှက်ပေးလေသည်။
ရှရှင်းချန်က သာမန်အားဖြင့် သူငယ်ချင်းဖွဲ့ရတာကို ကြိုက်နှစ်သက်သူဖြစ်သည်။ ကျူတျန်းကျဲကသာ သူနှင့်သူငယ်ချင်းဖြစ်ချင်ခဲ့ပါက သူတို့နှစ်ယောက် ရင်းရင်းနှီးနှီး ဆက်နေသွားဖို့ အဆင်ပြေလှသည်။ သို့ပေမယ့် ကျူတျန်းကျဲရဲ့ဦးတည်ရာက ထင်သလောက် မရိုးရှင်းနေခဲ့။ ရှရှင်းချန်မှာ သူနှင့် စကားပြောဆိုဆက်ဆံရတိုင်းအလွန်အမင်း နေရခက်လာလေသည်၊ အကြောင်းပြချက်ရှာလို့ရနေသ၍ သူ့မှာ ထိုလူနှင့် နှစ်ယောက်တည်းကျန်ရစ်ခဲ့မည့်အဖြစ်ကို ရအောင် ရှောင်ရတော့သည်။
သို့ပေမယ့် ကျူတျန်းကျဲကလည်း သူ့ဦးတည်ရာကို ရှင်းရှင်းလင်းလင်း တစ်ခါမှဖော်ပြလာခြင်း မရှိ၊ စကားအပြောအဆိုနှင့် အပြုအမူများကသာ သို့လောသို့လောဖြစ်နေစေသည်။ ရှရှင်းချန်မှာ ငြင်းဆိုချင်ရင်တောင်မည်သို့ငြင်းဆိုရမည် မသိ။
ရက်များစွာကြာအောင် ထိုကဲ့သို့ဖြစ်နေပြီးနောက် တစ်နေ့ ရိုက်ကူးရေး ခဏနား၍ သူတို့အကုန် ထိုင်နေကြချိန် ကျူတျန်းကျဲက ရှရှင်းချန်အနားသို့ ကပ်လာပြီး ညှပ်ရိုးအထက်ရှိတက်တူးကို ညွှန်ပြရင်း မေးလေသည်။ "ဒီတက်တူးက ဘာသဘောဆောင်တာလဲ။"
ရှရှင်းချန် အနောက်သို့ ခြေလှမ်းအနည်းငယ်မျှ ဆုတ်ပြီးပြောလိုက်သည်။ "နေ၊ လနဲ့ ကြယ်။ ဒီတိုင်း ကျွန်တော့်နာမည်ကို သရုပ်ဖော်တဲ့အနေနဲ့ ထိုးထားတာ။"
ကျူတျန်းကျဲ ပြုံး၍ပြောလာသည်။ "လှတယ်။
ရှရှင်းချန် : "ကျေးဇူးပါ။"
ကျူတျန်းကျဲက ခါးငုံ့ကိုင်းထားရင်း သူ့အကြည့်ကိုအောက်ရွေ့လျက် ဖြည်းဖြည်းချင်းပြောလေသည်။ "ကိုယ် မင်းကို ကိုယ်ဟန်ပေါ်အင်္ကျီနဲ့ တွေ့တဲ့နေ့တုန်းက ဒီတက်တူးက ကြိုးတစ်ချောင်းရဲ့အောက်မှာ ရှိနေတာလေ။ ကိုယ်တွေးလိုက်တာ အတော် sexy ကျတာပဲပေါ့။"
ရှရှင်းချန် အနည်းငယ်မျှ တောင့်တင်းသွားသည်။
ကျူတျန်းကျဲကတော့ သတိပြုမိပုံမပေါ်၊ ဆက်ပြောသည်။ "မင်း အဲ့အင်္ကျီ ထပ်ဝတ်ရဦးမှာမလား။"
"နေရာပြောင်းပြီး ရိုက်ကူးရမယ့်ရိုက်ကွက်ရှိပါသေးတယ်။"
ကျူတျန်းကျဲ ခေါင်းတငြိမ့်ငြိမ့်ဖြစ်သွားသည်။ "မင်းကို ပြင်ဆင်ပေးထားတာ အကောင်းကြီး မဟုတ်ပေမယ့် မင်းက အဲ့ဝတ်စုံနဲ့ တော်တော်လေးလိုက်တယ်။ မင်းခြေတံတွေကလည်း ဖြူပြီးသွယ်နေတာပဲ။ ပြီးတော့ ငါတို့ရိုက်ကူးရေးလုပ်နေတုန်းက ငါလည်း ခံစားမိလိုက်တယ်။"
ရှရှင်းချန် သူ့ကို စိုက်ကြည့်လိုက်သည်။ "ဘာကိုလဲ။"
ကျူတျန်းကျဲ ရယ်လေသည်။ "ငါတို့နှစ်ယောက်လုံး သိပါတယ်။"
ရှရှင်းချန် တကယ်ကို နားမလည်တာမို့ ကျူတျန်းကျဲကို ပြန်ပြောလိုက်သည်။ "ကျွန်တော် တကယ် နားမလည်ဘူး၊ ကျဲကော"
ကျူတျန်းကျဲ တစ်ခုခုပြန်ပြောမလို လုပ်ချိန်မှာပဲ လက်ထောက်ဒါရိုက်တာ အနားရောက်လာကာ သူ့ကို ရိုက်ကူးရေးအတွက် အသင့်ပြင်ထားရန် ပြောလာတာမို့ သူ မတ်တပ်ထရပ်ကာ ရှရှင်းချန်ကို ပြုံးပြရင်း အဝေးလျှောက်ထွက်သွားတော့သည်။
ရှရှင်းချန်အနေနှင့် ထိုအခန်းရိုက်ချိန်က ဘာတွေများ လုပ်ခဲ့မိလို့ ကျူတျန်းကျဲ သူ့အပေါ် ဒီလိုတွေ ပြောလာစေရတာလဲကိုတောင် မသိတော့ — သူ ပြန်တွေးမိတာဆိုလို့ ထိုဝတ်စုံနှင့် လုံးထွေးခဲ့ရပြီး ကျူတျန်းကျဲအပေါ် နီးနီးကပ်ကပ်ကြီး မဖိထားမိအောင် အထူးတလှယ် ဂရုစိုက်ခဲ့မိတာလေးပင်။
ထိုညက သူ ကျူတျန်းကျဲ ပို့လာသည့် WeChat များကို စာမပြန်ဖြစ်။ ဒီလိုလုပ်ခြင်းက သူ့ခံယူချက်ကို ကျူတျန်းကျဲအား အတိအလင်းသိစေလိမ့်မည်ဟု သူတွေးထားမိသည်။ ထို့အပြင် တစ်ချိန်တည်းမှာပဲ ဒီလိုလုပ်ခြင်းက ကျူတျန်းကျဲအား စိတ်မကျေမနပ် ဖြစ်စေလိမ့်မည်မှန်း သူ သိထားသည်။ အနုပညာလောကထဲ ရောထွေးနေရချိန်သူငယ်ချင်းများလေ ပိုကောင်းလေဖြစ်သလို၊ တစ်ယောက်ယောက်ကို သွားရန်စခြင်းကလည်း မကောင်းလှ။
သို့ပေမယ့်လည်း ခံစားချက်နှင့်သက်ဆိုင်လာခဲ့လျှင် သို့လောသို့လောဆက်ဆံရေးမျိုးက ပိုလို့တောင် အလုပ်ရှုပ်စေလိမ့်မည်။
သူ ကျူတျန်းကျဲကို နှစ်ရက်မျှ လျှစ်လျူရှုထားခဲ့လေသည်။ သူတို့နှစ်ယောက် အတူတူပေါ်လာရမည့်ဇာတ်ကွက်လည်း မရှိတာမို့ သူတို့အချင်းချင်းလည်း မတွေ့ဖြစ်ကြ။
သို့ပေမယ့် တတိယမြောက်နေ့တွင် ဘယ်သူမှ ထင်မထားသည့်ကိစ္စရပ်တစ်ခုဖြစ်လာခဲ့သည်။
ရှရှင်းချန်နှင့် ယွမ်ကျင့်တို့ ရိုက်ကူးရေးအဖွဲ့ထဲသို့ စရောက်လာတဲ့နေ့က ညစာထွက်စားကြချိန်တွင် သူတို့နှစ်ယောက် စားသောက်ပြီးသည့်နောက် စားသောက်ဆိုင်မှထွက်ကာ ယွမ့်ကျင့်မန်နေဂျာကားပေါ်တွင် အတွင်းရေးကိစ္စများ စကားခဏပြောဖြစ်ခဲ့ကြသည်။
ထိုကိစ္စက လွန်ခဲ့တဲ့တစ်လကျော်ကတည်းက ဖြစ်ခဲ့တာဆိုပေမယ့် မထင်မှတ်ထားစွာ ဓာတ်ပုံရိုက်ယူထားခဲ့နိုင်သည့်ပါပါရာဇီများရှိနေခဲ့သည်။ ပိုဆိုးတာက ထိုဓာတ်ပုံများကို အုတ်အော်သောင်းနင်းဖြစ်စေမည့် caption မျိုးဖြင့်Weibo ပေါ် တင်ထားခြင်းပင်။
[လမ်းခွဲပြီးနောက်ပိုင်း ရလာတဲ့လစ်ဟာမှုကို မခံစားနိုင်လို့ ယွမ်ကျင့်ဘေးနားမှာ ကောင်ချောလေးမျိုးစုံကဝိုင်းဝိုင်းလည်နေပါရဲ့။ လောလောလတ်လတ် သူ ရှရှင်းချန်နဲ့ စားသောက်ဆိုင်တစ်ခုတည်းက အတူတူထွက်လာတာကို ဓာတ်ပုံရိုက်မိထားတယ်တဲ့လေ။ သူတို့နှစ်ယောက်က အထဲ ဖောက်ထွင်းမမြင်ရတဲ့ကားထဲ ရှေ့ဆင့်နောက်ဆင့်ဝင်သွားကြပြီး ရှရှင်းချန် တစ်ယောက်တည်း ပြန်မထွက်လာခင်အချိန်ထိ မိနစ် ၂၀ ကျော်တောင် ကြာခဲ့တယ်တဲ့။]
ရှရှင်းချန် Weibo ပေါ်က သတင်းများကို ဖတ်နေရင်း စိတ်ထဲ မူးနောက်ရှုပ်ထွေးလာရသည်။ ထို့နောက် ချက်ချင်းဆိုသလို ဟွမ်းကျီစင်းထံမှ ဖုန်းဝင်လာတော့သည်။
သူ ဖုန်းကိုင်လိုက်ရုံရှိသေး၊ ဟွမ်းကျီစင်း တန်းပြောလာတာကို ကြားလိုက်ရသည်။ "မတုံ့ပြန်နဲ့။ ဘာမှ မပြောသေးနဲ့။ စတူဒီယိုက တုံ့ပြန်စာ ထုတ်ပေးလိမ့်မယ်။"
ရှရှင်းချန် 'အွန်း' ဟု အသံပြုလိုက်သည်။ သူ့အသံက အနည်းငယ်မျှ ကွဲအက်နေလျက်။ "အဲ့တုန်းက ဓာတ်ပုံ အရိုက်ခံလိုက်ရမှန်းတောင် ကျွန်တော် မသိလိုက်ဘူး။"
ကံကောင်းစွာနှင့် ထို့နေ့က ဟွမ်းကျီစင်းလည်း ရှိနေခဲ့တာဖြစ်ပြီး သူနှင့် ယွမ်ကျင့်အကြားဖြစ်ပျက်ခဲ့တာများကို သိလို့နေခဲ့သည်။
ဟွမ်းကျီစင်းအသံကတော့ အဆင်ပြေပြေရှိလျက်၊ ဒေါသလည်း မထွက်သလို စိုးရိမ်နေခြင်းလည်း မရှိ။ "ပါပါရာဇီတွေက ယွမ်ကျင့်နောက် လိုက်နေတာ။ သူ ဘယ်သူနဲ့ပဲတွဲတွေ့တွေ့ သတင်းထွက်လာမှန်း မင်းလည်း သိတာပဲ။ ငါ့အပြစ်လည်း ပါတယ်။ ငါ မင်းကို သတိပေးခဲ့ရမှာ။ ဒီကြားထဲ မတော်မရော်ကိစ္စ မဟုတ်ရင်တောင် လူမြင်ကွင်းမှာမင်း ယွမ်ကျင့်နဲ့ အနေအထိုင် နည်းနည်းဆင်ခြင်ဦး။ ဒီပါပါရာဇီတို့၊ လူထုအာရုံကို ဖမ်းစားပြီး marketing ဆင်းချင်နေတဲ့ Account တွေက ယွမ်ကျင့်အကြောင်း အမြဲ အတင်းတုတ်နေရတာကို ကြိုက်ကြတယ်။ ပြီးရင် သူတို့တင်သမျှက ကောင်းတာ တစ်ခုမှ မပါဘူး။"
ရှရှင်းချန် လက်မြှောက်ကာ သူ့ဆံပင်များကို စိုးရွံ့သလိုခံစားချက်နှင့် ထိုးဖွလိုက်မိသည်။
ဟွမ်းကျီစင်း ပြောလာသည်။ "အင်တာနက်ပေါ်က ပြောသမျှကို စိတ်ထဲထည့်မနေနဲ့။ တောင့်မခံနိုင်ဘူးထင်ရင် လုံးဝ မဖတ်နဲ့။ ငါ ယွမ်ကျင့်မန်နေဂျာကို ဆက်သွယ်ထားပြီးပြီ။ ငါတို့စတူဒီယိုနှစ်ခုလုံးက တစ်ပြိုင်တည်းဖြေရှင်းချက်ထုတ်ပေးလိမ့်မယ်။ ပြီးရင် marketing account အချို့ကို ရှာပြီး ဒါက ဇာတ်ကားအတွက် ပရိုမိုးရှင်းဆင်းတာလို့ ပြောခိုင်းလိုက်မယ်။ ဒီသတင်းက ရုတ်တရက်ကြီး ငြိမ်ကျသွားမှာတော့ မဟုတ်ဘူး။ လူတိုင်း ဒီသတင်းကို မယုံသွားအောင်လောက်ပဲ လုပ်နိုင်မှာ။"
ရှရှင်းချန် ပြောလိုက်သည်။ "ပင်ပန်းသွားရပြီ။"
ဟွမ်ကျီစင်းမှာ ရှရှင်းချန်ရဲ့ ဒီလိုအလေးအနက်ထားပြီး ကျေးဇူးတင်တာမျိုး ကြားဖူးလေ့ မရှိတာမို့ စကားအနည်းငယ်မျှ ဆက်ပြော၍ နှစ်သိမ့်ပေးတော့သည်။ "ဘာမှမဖြစ်ဘူး။ သတင်းကြီး တစ်ခုတက်လာရင် မင်းအကြောင်း ဘယ်သူမှ မမှတ်မိတော့ဘူး။"
"ကျွန်တော် အဆင်ပြေပါတယ်။"
ဖုန်းချပြီးနောက် သူ Weibo ကိုဖွင့်၍ hot search ထဲရှိ နာမည်ကြီးနေသည့် post ထဲဝင်လိုက်ရာ ပထမဆုံး သူတွေ့လိုက်ရသည်မှာ — "မိနစ် ၂၀ ထဲလား။ ရှရှင်းချန် လုပ်ဆောင်နိုင်စွမ်းက မကောင်းဘူးပဲ။"
ရှရှင်းချန်အနေနှင့် အင်တာနက်ပေါ်ရှိ comment များက ဘယ်လိုဘယ်ပုံရှိသလဲ သိထားတာတောင်မှ သူ့စိတ်အခြေအနေကို လွှမ်းမိုးနိုင်နေဆဲ။
အောက်ရှိ comment များမှာ သူ့ fan တွေရဲ့ အပြင်းအထန် ငြင်းဆိုနေကြတာတွေ၊ ပါပါရာဇီကို ဆဲဆိုနေကြတာတွေ၊ယွမ်ကျင့်အပေါ် ထိန်းထိန်းသိမ်းသိမ်း မနေတတ်ဘူးလားဟု အပုပ်ချသွားခြင်းများပါ ရှိနေသည်။ သို့ပေမယ့် အင်တာနက်သုံးစွဲသူ တော်တော်များများကတော့ ပွဲကြည့်သူများဖြစ်ပြီး အနုပညာလောကထဲမှ အချစ်ရေးသတင်းများအကြား ဟိုကလိဒီကလိနှင့် လျှာအရသာခံနေကြတာဖြစ်၏။
ရှရှင်းချန် သူနှင့် ယွမ်ကျင့်နာမည်ကို hot search တွင် 'trending' ဟူ၍ ရဲရဲတောက်နီနေတဲ့ အမှတ်အသားနှင့်အတူဘေးချင်းကပ်ရပ် တွေ့လိုက်ရပြီး များမကြာခင်မှာပဲ ယန်ယိုမင်လည်း ထိုအထဲ ပါဝင်လာတော့သည်။ အဓိကအကြောင်းအရင်းကတော့ ယွမ်ကျင့်နှင့်သူ့အကြား အရင်က ပတ်သတ်မှု ရှိခဲ့တာကြောင့်ပင်။
အခုအချိန်ထိတောင်မှ ယန်ယိုမင် fan များက ယွမ်ကျင့်ကို တိုက်ခိုက်နေဆဲဖြစ်ပြီး သူမက ယန်ယိုမင်နှင့် မထိုက်တန်ဟု ယုံကြည်နေကြသည်။
ယွမ်ကျင့်ကိုယ်တိုင် Weibo ပေါ် တက်မလာ။ သူမအနေနှင့် ဝင်မတ်တပ်ရပ်ကာ ပြောပေးစရာလည်း မလိုနေ။ ရှရှင်းချန်လည်း ခဏမျှကြည့်ရှုပြီးနောက် Weibo မှ ထွက်ကာ ဟော်တယ်အိပ်ရာကျယ်ကြီးပေါ်တွင် စိတ်ပျက်လက်ပျက်လဲလျောင်းနေမိတော့သည်။
ထို့နောက်မှာတော့ ရှရှင်းချန်နှင့် ယွမ်ကျင့်တို့စတူဒီယိုမှ ရှေ့ဆင့်နောက်ဆင့် ဖြေရှင်းချက်များ ထုတ်ပေးလာပြီး သူတို့နှစ်ယောက်က သာမန်သူငယ်ချင်းများကဲ့သို့ စကားပြောခဲ့ခြင်းဖြစ်ကြောင်းနှင့် မဟုတ်မမှန်သတင်းဖြန့်ဝေသူများကို တရားဥပဒေအရဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောလာကြလေသည်။
သို့တောင်မှ အင်တာနက်ပေါ်မှ သတင်းခေါင်းစဉ်က ငြိမ်ကျသွားခြင်း မရှိ ; ဘေးမှရပ်ကြည့်နေသူများကလည်းတက်တက်ကြွကြွ ဝင်ဆွေးနွေးနေဆဲပင်။ မယုံဖို့ ဆုံးဖြတ်ထားသူများက မယုံကြည်ဆဲဖြစ်ကာ ယုံတဲ့လူများကလည်း ယုံကြည်ကြသည်။
နောက်နေ့ရိုက်ကွင်းတွင် ရိုက်ကူးရေးတစ်ဖွဲ့လုံး၏ လေထုအခြေအနေက ပုံမှန်မဟုတ်မှန်း ရှရှင်းချန် ခံစားမိနေသည်။ အဖွဲ့သားများက သူရှိနေချိန်မှာတော့ မပြောဆိုကြပေမယ့် နောက်ကွယ်တွင် သူနို့အကုန် ထိုအကြောင်းအရာကို ဆွေးနွေးနေကြတော့သည်။
ဆန့်ကျင်ဘက်အနေနှင့် ယွမ်ကျင့်ကတော့ ဘာသိဘာသာပင်။ ရှရှင်းချန်ကို တွေ့ချိန်မှသာ စကားနည်းနည်းပြောလာခဲ့သည်။ "သူတို့က ငါ့နောက်လိုက်ပြီး ဓာတ်ပုံရိုက်နေကြတာ၊ မင်းကိုပါ ဒီအရှုပ်ထဲ ဆွဲခေါ်မိသွားလို့ တောင်းပန်ပါတယ်။"
ရှရှင်းချန်လည်း ဘာပြောရမှန်း မသိတော့တာမို့ "ရပါတယ်" ဟုသာ ပြောလိုက်ရတော့သည်။
ဘယ်လိုပဲဖြစ်ပါစေ ရိုက်မိထားသည့်ဓာတ်ပုံများထဲ သူတို့နှစ်ယောက် တအားနီးနီးကပ်ကပ်ရှိနေကြတာလည်းမဟုတ်တာမို့ ဒီသတင်းကလည်း အချိန်တစ်ခုကျ ပျောက်ကွယ်သွားမည်သာ။
ရှရှင်းချန် သူ့စိတ်ခံစားချက်ကို ကြိုးစားထိန်းပြီး ဘယ်သူမှ သတိမထားမိအောင် နေ နေလိုက်သည်။
ရိုက်ကူးရန်စောင့်နေရင်း ရှရှင်းချန် သန့်စင်ခန်းသွားဖို့ လုပ်လိုက်သည်။
သူ တံခါးဖွင့်ဝင်လိုက်တာနှင့် အထဲတွင် အပေါ့သွားနေသည့် ကျူတျန်ကျဲကို မြင်လိုက်ရတော့သည်။ သန့်စင်ခန်းထဲ သူတစ်ယောက်သာရှိနေပြီး အိမ်သာခန်းအကုန်လုံးကလည်း ပွင့်ဟနေလျက်။
ထိုခဏလေးအတွင်း ရှရှင်းချန် ဖယ်ရှောင်ထွက်သွားချင်ပေမယ့် ကျူတျန်းကျဲက သူ့ကို လှမ်းမြင်သွားတာမို့ရွေးချယ်စရာမရှိ၊ တံခါးဖွင့်ရင်းသာ လျှောက်ဝင်သွားလိုက်ရသည်။
သန့်စင်ခန်းက ကျယ်ကျယ်ဝန်းဝန်း မရှိလှ။ ခေါင်မိုးအပေါ်တွင် လေသန့်စင်စက်တစ်ခုကသာ ကြိုးစားပမ်းစား တဝီးဝီးအသံဖြင့် လှည့်လည်ပေးနေသည်။
ရှရှင်းချန် နှုတ်ဆက်လိုက်သည်။ "ကျဲ-ကော"
ကျူတျန်းကျဲကတော့ သူ့ကို တစ်ချက်မျှသာ လှမ်းကြည့်ပြီး ဘာမှ မတုန့်ပြန်။
ရှရှင်းချန်လည်း သူ့အပြုအမူများကို စိတ်ထဲထားမနေဘဲ ကျူတျန်းကျဲ အပေါ့သွားပြီးတာကိုသာ စောင့်နေလိုက်သည်။ သူ ဇစ်ဆွဲတင်လို့ လက်သွားဆေးကာမှ ရှရှင်းချန်လည်း အပေါ့သွားဖို့ အထဲလျှောက်ဝင်သွားလိုက်သည်။
သို့ပေမယ့် ကျူတျန်းကျဲက လက်ဆေးပြီးတာနှင့် ထွက်မသွား။ လက်ဆေးကန်အနား မှီရပ်ရင်း ဆေးလိပ်တစ်လိပ်ထုတ်ကာ ပါးစပ်အနား တေ့ခါနီး တစ်ဖန်ရပ်၍ သူ့အနားလျှောက်လာသည့် ရှရှင်းချန်ကို မေးလိုက်သည်။ "သောက်ဦးမလား။"
"ကျေးဇူးပါ၊ ကျွန်တော် ဆေးလိပ်မသောက်ဘူး။" ထို့နောက် သူ ရေအလိုအလျောက် ထွက်သည့် လက်ဆေးကန်အောက် လက်ခံထားလိုက်သည်။
သို့နှင့် ကျူတျန်းကျဲလည်း သူ့ဘာသာသူ မီးညှိရင်း ရှရှင်းချန်ကို ပြောလေသည်။ "မင်းဘာလို့ ကိုယ့်အပေါ်ဟန်ဆောင်နေရသေးတာလဲ၊ ရှင်းချန်"
ရှရှင်းချန် ချက်ချင်း သူ့ကိုလှမ်းကြည့်လိုက်သည်။ "ဘာကို ဟန်ဆောင်တာလဲဗျ။"
ကျူတျန်းကျဲ လှောင်ရယ်သည်။ သူက ရုပ်ရှင်ထဲကလို မိတ်ကပ်အဆင်အယင်များကြောင့် မျက်မှန်တစ်လက်နှင့်ရိုးသားဖြောင့်မတ်ပုံပေါ်နေ၏။ "ယွမ်ကျင့်နဲ့ အိပ်ရတာ ဘယ်လိုမှနေရဲ့လဲ။"
ရှရှင်းချန် မျက်မှောင်တွန့်ကြုတ်သွားသည်။ သို့ပေမယ့် သူနှင့် ယွမ်ကျင့်အကြား ဘာကိစ္စမှ မရှိဟု မပြောနိုင်ခင်မှာဘဲ ကျူတျန်းကျဲ ဆက်ပြောတာကို ကြားလိုက်ရတော့သည်။ "မင်း မကြိုက်မှန်း ကိုယ်သိပါတယ်။ ယောက်ျားတစ်ယောက်နဲ့ အိပ်ရတာ ပိုကောင်းတယ်လေ၊ ဟုတ်တယ်မလား။"
ရှရှင်းချန် သူ့ကို ဘာမှမပြောဘဲ ကြည့်နေလိုက်သည်။
ကျူတျန်းကျဲ ဆေးလိပ်ကို သူ့လက်ထဲ ပြောင်းကိုင်ရင်း သနားသလိုမျက်နှာအမူအရာနှင့် ဆက်ပြောသည်။"တကယ်တော့ ကိုယ် မင်းကို အတော်လေး သဘောကျခဲ့တာ။ မင်းကတော့ တကယ်လူကောင်းလေးပဲ ဖြစ်ရမယ်လို့ တွေးထားတာ၊ ဟန်ဆောင်နေတာတဲ့လားကွာ။"
ရှရှင်းချန် အသက်ပြင်းပြင်းရှုရင်း သူ့ခံစားချက်များကို ကြိုးစားထိန်းထားလိုက်သည်။ "ကျဲကော၊ အထင်လွဲနေပါပြီ။"
ကျူတျန်းကျဲ ခေါင်းတခါခါနှင့်ရယ်လေသည်။ "မင်း ယောက်ျားချင်းကြိုက်တယ်လို့ ကိုယ်ပြောတာ မမှားဘူးပေါ့?"
ရှရှင်းချန် တုန့်ဆိုင်းခြင်း မရှိ၊ ငြင်းဆိုလိုက်သည်။ "ကျွန်တော် ယောက်ျားချင်း မကြိုက်ဘူး။"
ကျူတျန်းကျဲ လက်ဆေးကန်ကို မှီလျက် ဒူးတစ်ဖက်ကိုလည်း အနည်းငယ်မျှ ကွေးညွှတ်ထားလိုက်သည်။ "ဒီလိုကိစ္စတွေနဲ့ပတ်သတ်ရင် ကိုယ် အတိအကျမြင်နိုင်နေတာပဲ။ မင်း ဝန်မခံချင်လည်း အဆင်ပြေပါတယ်။ ကိုယ်တွေးမိတာ၊ မင်း ယွမ်ကျင့်ကိုတောင် အိပ်ရာထဲ အဖော်ပြုပေးနိုင်တာပဲ — တဲ့တိုးပဲ ပြောတာပေါ့။ မင်း ဘာလို့ ကိုယ့်ဆီမလာလဲ။ ယွမ်ကျင့်က မင်းအပေါ် ဘာများကူညီပေးနိုင်လို့လဲ။ ကိုယ်လည်း ကူပေးနိုင်မှာပါ။"
မနေ့ညက အဖြစ်အပျက်တွေ ဖြစ်သွားကတည်းက အခုအထိ ရှရှင်းချန် သူ့စိတ်ခံစားချက်တွေ ပေါက်မထွက်အောင် ထိန်းထားရတာဖြစ်ပြီး အခုဆိုလျှင် သူ့ရဲ့လက်ကျန် ဟန်ပန်မပျက်မှုလေးကို အတင်းကြိုးစားထိန်းနေရတော့သည်။ "ကျဲကော၊ ကျွန်တော့်အထင် ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် လေးစားမှုလေးတော့ နည်းနည်းရှိသင့်တယ်။"
"လေးစားမှု" ကျူတျန်းကျဲ ရုတ်တရက် ဒေါသထွက်လာတော့သည်။ ရှရှင်းချန် သူ့ကို ရက်ပေါင်းများစွာလျစ်လျူရှုထားခြင်းကြောင့် ဖြစ်နိုင်၏၊ သူ့ဒေါသများက တစ်ပြိုင်နက်တည်း အုံကြွတက်လာလေသည်။ "ဆိုတော့မင်းက ငါ့အရှေ့ဆို ဒီလိုသရုပ်ဆောင်နေမှာပေါ့၊ ဟမ်? မင်း ယွမ်ကျင့်နဲ့ ကားပေါ် လုပ်နေတဲ့အချိန် အဲ့လေးစားမှုကဘယ်ရောက်သွားတာလဲ။ ငါမင်းကို မျက်နှာသာပေးခဲ့ပါတယ်၊ မဟုတ်ဘူးလား။"
ရှရှင်းချန် သူ့ကို စူးစိုက်ကြည့်လျက် မျက်နှာအမူအရာများက အေးစက်လာတော့သည်။ "ဘယ်သူနဲ့ အိပ်လဲဆိုတာကျွန်တော့်ကိစ္စ။ ခင်ဗျားဘက်က မျက်နှာသာပေးဖို့ မလိုဘူး။ ကျွန်တော့်အတွက် အသုံးလည်း မဝင်ဘူး။"
သူ ကျူတျန်းကျဲမျက်နှာ မဲနက်လာတာကို ကြည့်နေလိုက်မိသည်။
သူ ထိုကျပ်ပိတ်နေသည့်သန့်စင်ခန်းထဲမှ ထွက်လာချိန် နောင်တရသလို ခံစားမိချိန်လေး ရှရှင်းချန်စိတ်ထဲ ပေါ်လာခဲ့သည်။ သူ ကျူတျန်းကျဲကို စိတ်တိုသွားအောင် မလုပ်သင့်သလို ခံစားနေမိသည်။ သို့ပေမယ့် ထိုအချိန်တုန်းကတော့ သူ အလုပ်ချင်ဆုံးက ကျူတျန်းကျဲကို အရိုင်းစိုင်းဆုံးစကားလုံးများဖြင့် ပြန်ပြောချင်ခဲ့တာပင်။
ရှရှင်းချန် လက်မြှောက်ကာ သူ့မျက်နှာကို ပွတ်သပ်လိုက်ချင်ပေမယ့် မိတ်ကပ်များရှိနေသေးကြောင်းနှင့် မကြာခင်ရိုက်ကူးရေး စတော့မည့်အကြောင်းကို ရုတ်ချည်း အမှတ်ရသွားတော့သည်။
သူ ဝမ်းသာရတာတစ်ခုက ကျူတျန်းကျဲရဲ့ဇာတ်ကွက်များက နောက်နှစ်ရက်ဆို ပြီးတော့မှာဖြစ်ပြီး သိပ်မကြာခင်ရိုက်ကူးရေးအသင်းမှ ထွက်ခွါသွားတော့မှာဖြစ်သည်။ သူတို့ အနာဂတ်တွင် ထပ်တွေ့ရန် အကြောင်းမပေါ်လာဖို့တော့ မျှော်လင့်မိပါရဲ့။
KittyKitling
The author has something to say:
မင်းကော မကြာခင်ပေါ်လာတော့မှာပါ၊ ကတိပေးတယ်။