ယန်ယိုမင် သူ့ post ကို like လာပေးခြင်းက ဘယ်လိုသဘောဆောင်နေသလဲ ရှရှင်းချန် နားမလည်။ ရက်အတ်ောကြာအောင် သူ့ထံမှ ဘာဆိုဘာမှ မကြားခဲ့ရပေမယ့် အခုကျ သူ့ post ကို like လာပေးလို့နေသည်။ ရှရှင်းချန်မှာ သူ့ကို ဘာသဘောလဲဟု သွားမေးချင်စိတ်ကို မနည်းချုပ်တည်းထားရတော့သည်။
Weibo တစ်ခုလုံး စည်ကားမြူးကြွနေတာကို ကြည့်ရင်း ရှရှင်းချန်မှာ ဗိုက်အပြည့် အသက်ရှုထည့်လျက် အိပ်ဖို့ ပြန်လှဲချလိုက်သည်။
'ကျွန်တော့် လျစ်လျူရှုထားတဲ့လူက ခင်ဗျားကို ဘာလို့များ ကျွန်တော်က ခင်ဗျားကို အပြေးသွားရှာချင်နေရတာလဲ။'
ရလဒ်အနေဖြင့် သူ အိပ်ပျော်မလိုဖြစ်သွားချိန် ဖုန်းမြည်သံတစ်ခုဖြင့် ရုတ်တရက် လန့်နိုးလာရသည်။
ခေါ်ဆိုလာသူက ဟွမ်းကျီစင်းမှန်း မြင်လိုက်တာနှင့် သူ ချက်ချင်းဆိုသလို ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။ "ဘာလို့ ဒီလောက် နောက်ကျမှခေါ်နေရတာလဲ။"
ဖုန်းတစ်ဖက်ရှိ ဟွမ်းကျီစင်းမှာ သေချာသလောက် ကြောင်အလို့သွားပြီးမှ ပြောလာသည်။ "၁၀ နာရီ ကျော်ကျော်ပဲရှိသေးတာ မဟုတ်လား။"
ရှရှင်းချန် အော်ဟစ်ညီးတွားလိုက်သည်။ "၁၀ နာရီကျော်က မနောက်ကျဘူး၊ ဟမ်? ကျွန်တော် နေ့တိုင်း ရိုက်ကူးရေးမှာ အရမ်းကြိုးစားနေရတာ — ၁၀ နာရီ အိပ်ရာဝင်လို့တောင် မရဘူးလား။"
ဟွမ်းကျီစင်းမှာ သူ ဘာလို့ အအော်ခံနေရတာလဲ နားမလည်တာမို့ ဇဝေဇဝါနှင့်သာ ပြန်ပြောလိုက်ရသည်။ "မင်း ဒီနေ့ စောစောအိပ်မယ်လို့ အကျိုနည်း ငါက ဘယ်လိုလုပ် သိမှာလဲ။"
ရှရှင်းချန် အသက်ပြင်းပြင်းရှူရင်း စိတ်ငြိမ်ငြိမ်ထားဖို့ ကြိုးစားလိုက်သည်။ "ဘာကိစ္စလဲ။"
ဟွမ်းကျီစင်း ပြောလာသည်။ "မင်း ကျူတျန်းကျဲနဲ့ ရင်းနှီးလား။"
"ကျွန်တော်တို့အတူ ရိုက်ကူးရေးလုပ်နေတာလေ။ ဘာကို ထူးပြီးရင်းနှီးစရာရှိလဲ။"
Weibo ရှာဖွေရေး အများဆုံးဖြစ်သွားတဲ့ကိစ္စကြောင့် ဖုန်းခေါ်လာတာဖြစ်မည်ဟု တွေးမိပြီး ရှရှင်းချန် အိပ်နေရာမှထထိုင်ကာ သူ့ဆံပင်သူ ပွတ်နေရင်း ပြောလိုက်သည်။ "ကျွန်တော်တို့ အသိုင်းအဝိုင်းအကြောင်းကိုလည်း ခင်ဗျားကောင်းကောင်း သိထားတာပဲ မဟုတ်လား။"
ဟွမ်းကျီစင်း ပြော၏။ "အာ၊ ထားတော့။ မင်း သူနဲ့ ခပ်ခွါခွါနေပြီး နည်းနည်းပါးပါးပဲ ပြောဆိုဆက်ဆံ။"
"ဘာကို ဆိုလိုတာလဲ။" ရှရှင်းချန်ရဲ့လက်က တန့်သွားပြီး ခြုံစောင်ကို အသက် မပါသလို ငေးကြည့်နေရင်း မေးလိုက်သည်။
ဟွမ်းကျီစင်း မရှင်းမရှင်း ပြောလာသည်။ "ငါ ဘာသဘောနဲ့မှ ပြောတာ မဟုတ်ဘူး။ မင်းကို သတိပေးရုံပဲ။"
ရှရှင်းချန် မေးလိုက်သည်။ "ကျူတျန်းကျဲဆိုတဲ့လူနဲ့ ပတ်သတ်ပြီး တစ်ခုခု မကောင်းတာ ရှိလို့လား။"
ဟွမ်းကျီစင်း : "သူနဲ့ ပတ်သတ်ပြီး မကောင်းတာတော့ မရှိပါဘူး။ သူက မင်းထက် ပိုနာမည်ကြီးတာမို့ သူ့ကျော်ကြားမှုကို မင်းက အသုံးချနေတယ်လို့ လူတွေ မပြောရအောင် နီးနီးကပ်ကပ် မနေခိုင်းတာ။"
ရှရှင်းချန်စိတ်ထဲ သူ တစ်ခုခု ဖုံးကွယ်ထားသလို ခံစားလိုက်ရသည်။ "ကျူတျန်းကျဲနဲ့ ပတ်သတ်ပြီး တစ်ခုခု မှားနေတာရှိတယ်လို့ ခင်ဗျားကို ပြောတဲ့လူရှိလို့လား။ ဘာတွေဖြစ်နေတာလဲ။ ကျွန်တော့်ကို တစ်ဝက်တစ်ပျက်ပဲ ပြောပြီးညအိပ်မပျော်အောင် တမင်လုပ်နေတာလား။"
ဟွမ်းကျီစင်း ခဏမျှ တိတ်ဆိတ်လို့သွားသည်။ ရုတ်တရက် သူ စိတ်မရှည်တော့သလို ထပြော၏။ "ငါ ဘယ်လိုလုပ်သိမှာလဲ။ ညလယ်ခေါင်ကြီး ယန်ယိုမင် ငါ့ကို ဖုန်းလှမ်းခေါ်ပြီး မင်းကို အဲ့အကြောင်း သွားပြောပေးဖို့ ပြောလာတာလေ။ မင်းဘာသာ သူ့ကို ပြန်မေးလို့ မရဘူးလား။"
ရှရှင်းချန် တောင့်ခဲသွားပြီးမှ တိုးလျလျပြောလိုက်မိသည်။ "ကျွန်တော်ကတော့ သူ့ကို သွားမမေးဘူး။"
ဟွမ်းကျီစင်းအသံက အရင်လို စိတ်မရှည်ဖြစ်နေဆဲ။ "ကျေးဇူးပြုပြီး သူ့မှာပြောစရာကိစ္စရှိရင် မင်းကို တိုက်ရိုက်ဖုန်းခေါ်ပြီး ငါ့ကို ကြားထဲကတစ်ဆင့် မပြောခိုင်းဖို့ ပြောပေးစမ်းပါ! မင်းတို့နှစ်ယောက်လုံး အသက်ကဘယ်လောက်ရှိနေပြီလဲ။ ပြဿနာက ဘယ်လောက်ကြီးလို့ မျက်နှာချင်းဆိုင်ထိုင်ပြီး မရှင်းနိုင်ရတာလဲ။ မင်းတို့ကိုယ်မင်းတို့ အထက်တန်းကျောင်းသားလေးတွေ ရည်းစားထားတယ်များ ထင်နေတာလား။"
ရှရှင်းချန် ချက်ချင်း ဖုန်းချလိုက်တော့သည်။
အိပ်ရာထက် ပြန်လှဲချလိုက်တာနှင့် မမေးတာ ပိုကောင်းလိမ့်မည်ဟု ရှရှင်းချန် တွေးမိသွားသည်။ ယန်ယိုမင်က သူ့ကို တစ်စုံတစ်ယောက်နှင့် စကားပါးလိုက်သည်ဆိုတာ သိလိုက်ရကတည်းက သူ ပိုလို့တောင် အိပ်မပျော်နိုင်ဖြစ်သွားရသည်။
စိတ်ရှုပ်သလိုသက်ပြင်းတစ်ချက်နှင့်အတူ ရှရှင်းချန် ယန်ယိုမင်အကြောင်း မတွေးမိအောင် ကြိုးစားရင်း နောက်တစ်နေ့ ရိုက်ကူးရမည့်ဇာတ်ကွက်များကိုသာ အတင်းအကျပ် အာရုံစိုက်စေလိုက်သည်။ များမကြာခင်၌ သူလည်းတဖြည်းဖြည်း အိပ်ချင်လာရပြီး မျက်လုံးများ မှိတ်ထားလျက် အိပ်မောကျသွားတော့သည်။
အဆုံးအထိ ကျူတျန်းကျဲနှင့်ပတ်သတ်ပြီး ဘာကများ မှားယွင်းနေတာလဲ သူ မသိခဲ့။ သို့ပေမယ့် ယန်ယိုမင်ကလည်း တစ်ပါးလူရဲ့နောက်ကွယ်တွင် မကောင်းပြောရတာ မကြိုက်မှန်း သူ သိထားသည်။ အကယ်၍ ပြောလာသူက ယန်ယိုမင်ဖြစ်နေလျှင် ကျူတျန်းကျဲဆိုသူနှင့်ပတ်သတ်ပြီး တကယ်ကို တစ်ခုခု မှားယွင်းနေတာဖြစ်တန်ရာ၏။
ရှရှင်းချန်ကလည်း ကျူတျန်းကျဲနှင့် တွဲဖက်ရိုက်ရတဲ့ဇာတ်ကွက် များများစားစားမရှိလှတာမို့ ပုံမန်အားဖြင့်လည်းသူတို့နှစ်ဦးက အဆက်အဆံလုပ်ရတာ သိပ်မရှိလှ။ သို့ပေမယ့် ထိုကိစ္စဖြစ်ကာ အတော်ကြာပြီးနောက် ကျူတျန်းကျဲက လူတိုင်းကို ရိုက်ကူးရေး စောစောပြီးလျှင် ညစာ လိုက်ကျွေးမည်ဖြစ်ပြီး ပြီးတာ နောက်ကျပါက ညလည်စာလိုက်ကျွေးချင်လိုကြောင်း ဖိတ်ကြားလာသည်။
ဖြစ်ချင်တော့ ယွမ်ကျင့်ရော ပေါင်းခိုင်ရောက အပျော်အပါးမက်သည့်ကိုယ်ကျင့်စရိုက်များ ရှိကြတာမို့ နေ့တိုင်းလိုလို လူတိုင်း အတူစုကာ စားကြသောက်ကြပြီး တစ်ယောက်တစ်လှည့်ဆီ ဧည့်ခံကျွေးမွေးနေရကာ သူတို့အကြားဆက်ဆံရေးများကလည်း လိုက်လျောညီထွေဖြစ်လာတော့သည်။
တကယ်တော့ ရှရှင်းချန်လည်း ဝိုင်းဖွဲ့ပြီးပျော်ပါးနေရတာကို သဘောကျသူဖြစ်သည်။ ယန်ယိုမင် သတိပေးထားတာကြောင့် သူ ကျူတျန်းကျဲနှင့် ပြင်ပတွင် ရင်းရင်းနှီးနှီး မရှိလှပေမယ့် အုပ်စုလိုက်တွေ့ဆုံပွဲများမှာတော့ သူကြောင့်နှင့် တစ်စုံတစ်ယောက် မျက်နှာပျက်ရမှာ မလိုလားတာမို့ တတ်နိုင်သလောက် လိုက်လျောညီထွေနေရတော့သည်။တစ်ခါတစ်လေ သူ ဘယ်သူ့ကိုမှ အသိမပေးဘဲ ဟိုတယ်မှာ အိပ်နေရင်တောင် တစ်ယောက်ယောက်က ဖုန်းခေါ်ပြီးဆင်းလာဖို့ ပြောစမြဲပင်။
ထို့အပြင် သူ ယွမ်ကျင့်နှင့် ပိုပေါင်းသင်းဆက်ဆံရလေ သူမကို ပိုလို့ မမုန်းနိုင်လေ ဖြစ်နေရသည်။ ယွမ်ကျင့်ရဲ့သရုပ်ဆောင်စကေးက အကျယ်ချဲ့ပြောပြစရာတောင် မဟုတ်လှပေမယ့် အတော်လေးကြိုးကြိုးစားစားရှိမှန်း သူသိလာသည် ; ဒါရိုက်တာက သဘောမတွေ့သေးပဲ ပြန်ရိုက်ကူးချင်ရင်တောင် ဘယ်နှစ်ကြိမ်မြောက်ဖြစ်နေပါစေပင်ပန်းသည်ဟု ညီးတွားခြင်း မရှိ၊ ပြန်သရုပ်ဆောင်ပေးတတ်သည်။ ယန်ယိုမင်နှင့် သူမသာ ပတ်သတ်မှု မရှိခဲ့ပါကသူနှင့် ယွမ်ကျင့်က သူငယ်ချင်းများဖြစ်လာနိုင်သည်ဟု ရှရှင်းချန် ခံစားမိနေတော့သည်။
ထိုညနေက လူတိုင်း ဘာဘီကျူစားပွဲကျင်းပြကြပြီး ယွမ်ကျင့်လည်း သောက်တာများသွားသည်။ သူမက အစောပိုင်းတွင် ပေါင်းခိုင်နှင့် ကျူတျန်းကျဲအကြား ထိုင်နေပေမယ့် သန့်စင်ခန်း ထသွားပြီး ပြန်အလာ၌ ရှရှင်းချန်ဘေးတွင်သာ တိုက်ရိုက်ထိုင်ချလာသည်။
သူမက လက်မြှောက်၍ ရှရှင်းချန်ပခုံးကို ဆွဲယူလေသည်။
ရှရှင်းချန်မှာ ယွမ်ကျင့်၏ရေမွှေးနံ့နှင့်အတူ ထောင်းထောင်းထနေတဲ့အရက်နံ့ကိုပါ ရှုရှိုက်မိသွားပြီး ယန်ယိုမင်ပြောခဲ့ဖူးသည့် ယွမ်ကျင့်ရေမွှေးအနံ့က ပြင်းလွန်းတာမို့ တစ်ခါရှုမိရုံနှင့် မေ့ပျောက်ဖို့ ခက်လှတယ်ဆိုတာကို ရုတ်တရက်အမှတ်ရသွားသည်။
ယွမ်ကျင့် ရှရှင်းချန်မျက်နှာကို ဖျစ်ညှစ်ရင်း သူမကို ကြည့်စေသည်။ "ငါ နင့်ကို သေချာကြည့်ပါဦးမယ်။ နင်ကဘယ်လောက်များ လှလို့လဲ။"
မဟုတ်တရုတ်တွေ ပြောလာမှာစိုးရတာမို့ ရှရှင်းချန် သူမစိတ်ကြိုက် ခေါင်းလှည့်ပေးရင်း တိုးတိုးပြောလိုက်သည်။"ယွမ်ကျဲ၊ အစ်မ မူးနေပြီ။"
ယွမ်ကျင့်ရဲ့မျက်လုံးဝိုင်းဝိုင်းများက အရည်လဲ့နေလျက် ရှရှင်းချန်မျက်နှာကို အသေအချာ စစ်ဆေးကြည့်နေရင်းပြောလာသည်။ "အဲ့လောက်လည်း မချောပါဘူး။"
ရှရှင်းချန် အသံတိုးတိုးနှင့် ပြန်ဖြေပေးလိုက်သည်။ "ဒါပေါ့၊ ကျွန်တော်က အစ်မလောက် ဘယ်ချောမလဲ။"
ယွမ်ကျင့် တိုးလျလျရယ်သည်။ သူမက တကယ်ကို အနည်းငယ်မျှ မူးနေပေမယ့် အသိစိတ်တော့ ကျန်ရှိသေးပုံပေါ်လှသည်။ ရှရှင်းချန်အနားတိုးကပ်ပြီး နှစ်ယောက်တည်း ကြားနိုင်မည့်အသံဖြင့်သာ သူမ ပြောလာ၏။ "သူကငါ မလိုချင်တော့တဲ့လူ။"
ရှရှင်းချန် အသက်ပြင်းပြင်းရှုရင်းသာ သူမကို အာရုံထားမနေဖို့ သူ့ကိုယ်သူ ပြောလိုက်ရတော့သည်။
ယွမ်ကျင့် ထိုစကားပြောပြီးတာနှင့် ရှရှင်းချန် ပခုံးပေါ် ခေါင်းမှီချလျက် ခပ်တိုးတိုးဆက်ပြောသည်။ "ဒါပေမယ့် ငါနောင်တရတယ်။"
ရှရှင်းချန် အတွေးနွံထဲနစ်သွားပေမယ့် ဘာကိုမှ မပြောဖြစ်လိုက်။
ယွမ်ကျင့်အကြည့်များက သူမအရှေ့ရှိအသားကင်ပေါ်တွင်သာ မလွဲတမ်းစွဲကပ်နေပြီး ရှရှင်းချန်ပခုံးပေါ် ခေါင်းစောင်းလျက် အချိန်တစ်ခုကြာတဲ့အထိ သီချင်းတစ်ပုဒ်ကို တိုးလျလျသီဆိုနေသည်။
ရှရှင်းချန်မှာ သူမကို မတွန်းထုတ်ရက်ဖြစ်နေရသည်။ ခဏအကြာ သူ ခေါင်းမော့ကြည့်လိုက်ချိန် ကျူတျန်းကျဲကသူတို့နှစ်ယောက်ကို ကြည့်နေတာကို မြင်လိုက်ရပြီး ထိုသူက ရှရှင်းချန် အကြည့်ကို ခံစားမိတာနှင့် ပြုံးပြလို့လာသည်။
ထို့နောက် ယွမ်ကျင့် စားပွဲပေါ် ခေါင်းတင်လျက် အိပ်ပျော်သွားတာနှင့် ကျူတျန်းကျဲ ရှရှင်းချန်အနားသို့ လျှောက်လာကာ သူ့နံဘေးတွင်ထိုင်ချရင်း ဆေးလိပ်တစ်လိပ် ကမ်းပေးလေသည်။
ရှရှင်းချန် ကျေးဇူးတင်ရင်း ငြင်းဆိုလိုက်သည်။ "ကျွန်တော် ဆေးလိပ်သောက်ရတာ တကယ်သဘောမကျဘူး။"
ကျူတျန်းကျဲ မေးလာသည်။ "မင်းက ယွမ်ကျင့်နဲ့ ရင်းနှီးတာလား။"
ရှရှင်းချန် ခေါင်းခါပြလိုက်သည်။ "သူ အရက်မူးနေတာ၊ ကျွန်တော် ဘယ်သူမှန်းတောင် သေချာသိတဲ့ပုံ မပေါ်ဘူး။"
ကျူတျန်းကျဲ ရယ်လျက် သူ့ပခုံးကို ပုတ်ရင်းပြောလေသည်။ "ငါ ယွမ်ကျင့်နဲ့ ဒရမ်မာတစ်ကားရိုက်ဖူးတယ်။ အဲ့တုန်းကလည်း သူ ဒီလိုပဲ။ အခြားလူတွေကို ဒုက္ခလိုက်ပေးပြီး သင့်တင့်လျောက်ပတ်အောင် ဘယ်လိုနေရမလဲဆိုတာလည်း မသိဘူး။ မင်း သူ့ကို မထိန်းနိုင်ဘူးလို့ထင်ရင် ငါ့ကို အကူအညီတောင်းလို့ ရတယ်နော်။"
ရှရှင်းချန် စက္ကန့်အနည်းငယ်မျှ ကြောင်အသွားပြီးမှ ပြောလိုက်သည်။ "ကျေးဇူးပါ။ ကျွန်တော့်အထင် သူက မူးသွားရုံလေးပါပဲ။ အဆင်ပြေပါတယ်ဗျ။"
ကျူတျန်းကျဲက ရေးရေးမျှပြုံးနေလျက် ရှရှင်းချန် အစောက သောက်ဖို့ငြင်းဆိုလိုက်တဲ့ဆေးလိပ်ကို ပါးစပ်တွင်တေ့ထားရင်း ရှရှင်းချန် ဘယ်ဘက် တစ်ခုံအကျော်တွင်ရှိနေသည့်မီးခြစ်ကို ညွှန်ပြ၍ ပြောလာသည်။ "ကိုယ့်ကို ကူပေးပါဦး။"
ရှရှင်းချန် မတ်တပ်ထရပ်ကာ မီးခြစ်ကို လှမ်းယူပြီး ကျူတျန်းကျဲဆီ လှမ်းပေးရန်လုပ်လိုက်ပေမယ့် တစ်ဖက်လူကဆေးလိပ်ကို ပါးစပ်မှာ ကိုက်ထား၍ သူ့လက်အနားသို့ တိုးကပ်လာတာမို့ ရွေးချယ်စရာ မရှိ၊ တန်းမီးညှိပေးလိုက်ရတော့သည်။
သူတို့နှစ်ယောက်ကြားအကွာအဝေးက နီးကပ်လို့သွားတာမို့ ကျူတျန်းကျဲရဲ့နဖူးက ရှရှင်းချန်မျက်နှာနှင့် ထိကပ်လုနီးပါးဖြစ်နေသည်။ ဆေးလိပ်မီးညှိပြီးတာနှင့် သူက ခပ်ပြင်းပြင်း ရှိုက်ယူလိုက်ပြီးနောက် ရှရှင်းချန်အနားမှ ပြန်မခွါခင် ဆေးလိပ်အငွေ့တန်းများကို ရှရှင်းချန်မျက်နှာပေါ် မှုတ်ထုတ်လိုက်သည်။
ရှရှင်းချန် မသိမသာ ရှောင်ရှားကာ မျက်လွှာချရင်း သူ့ရင်ထဲပေါ်လာတဲ့စိတ်ရှုပ်သွားမှုကို ဖုန်းကွယ်ထားဖို့လုပ်လိုက်ရသည်။
ထို့နောက်မှာတော့ ကျူတျန်းကျဲက သူတို့နှစ်ယောက်ကြား အကွာအဝေးကို ပြန်ခြား၍ စကားတပြောပြောနှင့်ဆေးလိပ်သောက်နေတော့သည်။
တင်းဝမ်ရွှမ်း ပြန်တော့မည်ဟု မပြောသေးခင်အထိ ရှရှင်းချန် စိတ်ရှည်လက်ရှည်နှင့် သူ့ကို အဖော်ပြုစကားပြောပေးနေခဲ့သည်။ ထို့နောက်မှာတော့ သူနှင့် ကျူတျန်းကျဲ ယွမ်ကျင့်ကို ဆွဲထူပြီး ဘယ်တစ်ဖက်၊ ညာတစ်ဖက် တွဲသယ်ကာ အပြင်ထွက်သွားလိုက်ကြသည်။
သူတို့ စားသောက်ဆိုင်ထဲမှထွက်လာချိန် ကျူတျန်းကျဲက လူသွားလမ်းပေါ်တွင် ရပ်ရင်းပြောလာသည်။ "ကိုယ်ယွမ်ကျင့်ကို ဟော်တယ်ပြန်ပို့ပေးလိုက်မယ်။"
သို့ပေမယ့် ရှရှင်းချန်မှာ ကျူတျန်းကျဲကို အယုံအကြည် သိပ်မရှိသည့်အပြင် ယွမ်ကျင့်ကလည်း အသိစိတ်မကပ်အောင် အရက်မူးနေတာမို့ စိတ်ပူသွားရပြီး ပြန်ပြောလိုက်သည်။ "ကျွန်တော် ပို့ပေးတာကပဲ ပိုကောင်းပါလိမ့်မယ်။ကျဲ-ကော စောစောပြန်နားလိုက်ပါ။"
ကျူတျန်းကျဲ သူ့ကို ကြည့်ရင်း ရေးရေးမျှပြုံးလျက် ပြောလာသည်။ "မင်းလည်း စောစောနားဖို့လိုတာပဲလေ။"
အမှန်အတိုင်းဆိုရလျှင် ကျူတျန်းကျဲရဲ့ရုပ်ရည်က ကြည့်ကောင်းလှသည်။ ထို့အပြင် သူ့စိတ်သဘောထားကလည်း အထူးအလည် ဖြောင့်မတ်ပုံပေါ်ကာ သူ့အပြုံးက သူ့အပေါ် ပိုလို့တောင် အမြင်ကြည်စေသည်။
အခုအချိန်ထိ ရှရှင်းချန်အနေနှင့် ကျူတျန်းကျဲကို သဘောမတွေ့လှတာမျိုး မရှိသေးပေမယ့် ဒီလူ့အပေါ်အနည်းငယ်မျှတော့ သတိထားလို့နေမိသည်။ ထို့ကြောင့် သူလည်း ပြုံးရင်းသာ ပြောလိုက်သည်။ "ကျွန်တော်အများကြီး မသောက်ထားတာမို့ အဆင်ပြေပါတယ်။"
ထိုစကားကို ကြားချိန်မှာတော့ ကျူတျန်းကျဲ ယွမ်ကျင့်ကို ထိန်းကိုင်ထားပေးသည့်လက်ကို ဖယ်ပြီး ရှရှင်းချန်ပခုံးကို လှမ်းပုတ်လေသည်။ "တစ်ခုခုဆို ကိုယ့်ကို ဖုန်းခေါ်လိုက်။"
ရှရှင်းချန် ခေါင်းငြိမ့်ပြလိုက်သည်။
သူ ကားမောင်းဆရာကို ယွမ်ကျင့် တည်းခိုရာဟော်တယ်ဆီ မောင်းခိုင်းလိုက်ပြီးနောက် လက်ထောက်ဖြစ်သူကိုဆက်သွယ်ကာ အခန်းထဲ အတူတွဲကူပို့ပေးပြီးမှ ပြန်ထွက်ခွါသွားလိုက်သည်။
ရှရှင်းချန် သူ့အခန်းသူ ပြန်ရောက်ချိန် အတော်လေးနောက်ကျနေပြီဖြစ်သည်။ သူ ဦးဆုံး ရေချိုးချပြီးမှ ခန္ဓာကိုယ်ပေါ်မှ ရေများကို သုတ်ရင်း အိပ်ရာပေါ် ပျင်းတိပျင်းရွဲနှင့် တက်သွားလိုက်သည်။ သူ သူ့ဖုန်းကို လှမ်းယူမလို့ လုပ်ချိန်မှာပဲ ထိုဖုန်းက ရုတ်တရက် အသံမြည်လာ၏။
ခေါ်ဆိုလာသူက သူနှင့်ရင်းနှီးမှုမရှိလှတဲ့နံပါတ်စိမ်းတစ်ခုဖြစ်နေသည်။
ရှရှင်းချန် စက္ကန့်အနည်းငယ်မျှ တုန့်ဆိုင်းသွားပြီးမှ ဖုန်းဖြေဆိုလိုက်ပေမယ့် — ရုတ်ချည်းဆိုသလို တစ်ဖက်မှ ကျူတျန်းကျဲရဲ့အသံကို ကြားလိုက်ရတော့သည်။ "မင်း ပြန်ရောက်ပြီလား။"
မျှော်လင့်ထားခြင်းမရှိတာမို့ ကြောင်အနေလျက် သူပြန်ဖြေလိုက်သည်။ "ပြန်ရောက်ပါပြီ။"
ကျူတျန်းကျဲ ရယ်ရင်းပြောလာ၏။ "ဒါဆို ကောင်းပြီ။ စောစောနားလေ။"
ရှရှင်းချန် ပြန်ပြောလိုက်သည်။ "အစ်ကိုလည်း စောစောနားပါ။"
ကျူတျန်းကျဲ နူးနူးညံ့ညံ့ပြောလာသည်။ "အင်း၊ မနက်ကျ ကိုယ့်ကိုစောင့်ဦး။ ကိုယ် မင်းကို မနက်စာ လိုက်ကျွေးမယ်။"
ရှရှင်းချန် နောက်ဆုံး၌ သူ့စိတ်ထဲ တစ်ခုခုလွဲမှားနေသလိုခံစားရခြင်းအား အာရုံခံမိသွားတော့သည်။ သူ့မှာ သူ့တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများ ထလာသလိုခံစားချက်နှင့် သူ့ညာဘက်လက်ဖမိုးကို ဘယ်ဘက်လက်ဖြင့် သတိမမူ ဆုပ်ကိုင်ထားမိသွားသည်။
သူ ဘာပြန်ပြောရမလဲ မတွေးနိုင်ဖြစ်နေချိန်မှာပဲ ကျူတျန်းကျဲ ထပ်ပြောလာတာကို ကြားလိုက်ရလေသည်။ "ဂွတ်နိုက်"
ထို့ကြောင့် သူ့မှာ "ဂွတ်နိုက်" ဟုသာ ပြန်ပြောလိုက်ရသည်။
ကျူတျန်းကျဲက အရင် ဖုန်းချလို့သွားသည်။
ရှရှင်းချန် သူ့ဖုန်းကို နားရွက်နား ကပ်ထားရာမှ ဖယ်ရှားရင်း ဖုန်းခေါ်ဆိုမှု ဖော်ပြထားရာမှ ဖုန်းရဲ့မူလမျက်နှာပြင်သို့တဖြည်းဖြည်းပြန်ပြောင်းသွားတာကို ကြည့်နေမိတော့သည်။ သူ တွေးကြည့်လေလေ ပိုရှုပ်ထွေးသလို ခံစားရလေလေဖြစ်လာတော့သည်။
သူ ဘယ်လိုခံစားနေရသလဲဆိုတာကို စကားလုံးနှင့်တောင် ဖော်ပြလို့ မရ။ သို့ပေမယ့် ကျူတျန်းကျဲက သူ့ကို လိုက်ပိုးနေတယ်လို့တော့ သူ အမြဲ ခံစားနေရသည် ; ဂွတ်နိုက် ဟု အထူးတလည် ဖုန်းခေါ်၍ပြောခြင်း၊ မနက်စာ အတူစားဖို့ဖိတ်ခေါ်ခြင်း — ထိုအရာများက ယောက်ျားတော်တော်များများ မိန်းကလေးများကို လိုက်ပိုးရာတွင် အသုံးပြုတတ်သည့် အခြေခံနည်းလမ်းများသာ။
သူသာ မိန်းကလေးတစ်ယောက်ဆိုပါက ကျူတျန်းကျဲကို မကြိုက်ရင်တောင် အနည်းငယ်တော့ စိတ်ကြီးဝင်မိမည်သာ။ သို့ပေမယ့် သူက ယောက်ျားတစ်ယောက်ဖြစ်နေသည်။ သူ ပွဲဦးထွက်ပြီး နှစ်များစွာကြာခဲ့ပြီဖြစ်တာတောင်မှဒီလိုဆက်ဆံခံရခြင်းမျိုးက ပထမဆုံးဖြစ်နေတာမို့ အတော်ကြာတဲ့အထိ ကြောင်အနေစေတော့သည်။
သူ ယန်ယိုမင်နှင့်အတူ ကုတင်ပေါ်အထိ သွားခဲ့ဖူးပြီး — သာယာမှုလည်း ရခဲ့တယ်ဆိုပေမယ့် — အခြားယောက်ျားတစ်ယောက်နှင့်တော့ လုံးဝ မလုပ်ချင်။ ဟိုအရင်တစ်ကြိမ်က 'အတူအိပ်ဖို့ အခြားယောက်ျားတစ်ယောက်ကိုပဲသွားရှာလိုက်မယ်' ဟု ပြောခဲ့ခြင်းမှာ ယန်ယိုမင်ကို ခြိမ်းခြောက်ဖို့ အလိမ်အညာတစ်ခုသာ။ ယန်ယိုမင်သာ မဟုတ်နေပါက သူ့မျက်လုံးထဲ ဘယ်ယောက်ျားကမှ မိန်းကလေးတစ်ယောက်လို ဆွဲဆောင်နိုင်စွမ်း မရှိနေ။
သူ မျက်မှောင်များ ကြုံ့တွလို့ အကြည့်တွေကို ဘယ်ညာရွေ့ရင်း သံယသများနေရသည်။ ဖုန်းကို အောက်ချလိုက်ပြီးနောက်မှာတော့ ရုတ်တရက် အတွေးထဲ ယန်ယိုမင်ရဲ့ ကျူတျန်းကျဲနှင့် ခပ်ခွါခွါနေဖို့ သတိပေးခဲ့ခြင်းအားအမှတ်ရလာတော့သည်။ ဆိုတော့ အကြောင်းအရင်းက သူ့အကျင့်စရိုက်ပိုင်းမှာ ပြဿနာရှိနေလို့ မဟုတ်ဘဲ ကျူတျန်းကျဲက ဂေးဆိုတာ သိထားလို့ သူနဲ့ ကျူတျန်းကျဲအကြား တစ်ခုခုဖြစ်သွားမှာ စိုးရိမ်၍သတိပေးလာခြင်းများလား။
ရှရှင်းချန် ရုတ်တရက် အလုံးစုံသဘောပေါက်သွားသလို ခံစားချက်နှင့် ဖုန်းကို တစ်ဖန်ပြန်ဆွဲယူကာ ယန်ယိုမင်ကိုWeChat မှတစ်ဆင့် 'ခင်ဗျားအပူ တစ်ပြားသားမှ မပါဘူး။' ဟု စာပို့ချင်စိတ်များ အလုံးအရင်းနှင့် ဝင်ရောက်လာပေမယ့် အဆုံးမှာတော့ သူ စိတ်လျော့ထားလိုက်တော့သည်။
KittyKitling
T/N : မင်ကောကို လွမ်းနေကြပြီလား၊ သူ လာပါတော့မယ်နော် ~