ညအပူချိန်က 0 ဒီကရီအောက် ထိုးချနေသည်။ လေအေးများကလည်း တစ်ချက်တစ်ချက် တိုက်လို့လာတာမို့အအေးဓာတ်က သူတို့အပေါ်ဝတ်များကို ဖြတ်၍ အရိုးထဲထိ အေးစိမ့်နေတော့သည်။
ယန်ယိုမင်က mask ဝတ်ထားလျက် ရှိနေပြီး ရှရှင်းချန်လည်း အိတ်ကပ်ထဲရှိ သူ့ mask ကို ဆွဲထုတ်လိုက်သည်။ သို့ပေမယ့် သူ အပြည့်အဝ တပ်ဆင်ခြင်း မရှိပဲ နားတွင်သာ ချိတ်လျက် မေးရိုးတစ်လျောက် တွဲလောင်းကျနေစေသည်။
တိုက်ခန်း အဝင်ဂိတ်က အဝင်အထွက် လုပ်ရာတွင် ကတ်အသုံးပြုရသည်။ လုံခြုံရေးရုံးခန်းတံခါးက တင်းတင်းကျပ်ကျပ် ပိတ်ထားပေမယ့် ထိုအခန်းကျဉ်းလေးထဲတွင် လုံခြုံရေးမှုးကတော့ သူ့လက်များကို မီးလှုံလျက် နှစ်ကူးပွဲတော်အစီအစဉ်များအကြောင်း ကြည့်နေ၏။
ရှရှင်းချန် မှန်ပြတင်းပေါက်ကို လှမ်းခေါက်လိုက်သည်။ လုံခြုံရေးမှုးက ပြတင်းပေါက်ကို ဆွဲဖွင့်ရင်း သူ့ကို မြင်တာနှင့် အံ့ဩခြင်းအရိပ်အယောင်များ ဖြတ်ပြေးသွားတော့သည်။
"နှောင့်ယှက်ရလို့ အားနာပါတယ်။ ဂိတ်လေးဖွင့်ပေးလို့ရမလား။" ရှရှင်းချန် ပြုံးပြရင်းပြောလိုက်သည်။
လုံခြုံရေးမှုးက ရှရှင်းချန်ကို လုံးဝ မှတ်မိနေသည်။ ထိုသူက ပြော၏။ "ဒီလောက် နောက်ကျနေတာကို အပြင်သွားမလို့လား။"
သူ့အကြည့်များက ရှရှင်းချန်ထံမှ ဖယ်ခွါ၍ အနောက်တွင် ရှိနေသည့်ယန်ယိုမင်ထံသို့ ရောက်သွားသည်။ သူ့စိတ်ထဲသံသယဖြစ်သွားပေမယ့် ဂိတ်တံခါးကို သူတို့နှစ်ယောက်အတွက် ဖွင့်ပေးလာသည်။
ရှရှင်းချန် ပြောလိုက်သည်။ "ကျေးဇူးပါ။" ထို့နောက်မှာတော့ သူ ယန်ယိုမင်နှင့် အပြင်ထွက်သွားလိုက်သည်။
သူတို့ တိုက်ခန်းနယ်မြေအတွင်းမှ ထွက်ပြီး လမ်းအကျယ်ကြီးရှိရာသို့ လျှောက်သွားလိုက်သည်။ လမ်းတစ်ဖက်တွင်တော့ တိုက်ခန်းနယ်မြေတံတိုင်းများသာ ရှိနေ၏။
လမ်းအနည်းငယ်မျှ လျှောက်ပြီးချိန်မှာပဲ ယန်ယိုမင် ရှရှင်းချန်ကို ပြောလိုက်သည်။ "Mask တပ်ထား။"
အပြင်ဘက်တွင်က အရမ်းအေးခဲနေပြီး ရှရှင်းချန် မျက်နှာကလည်း အေးစိမ့်စိမ့်လေညင်းများကြောင့် အနီရောင်သန်းနေခဲ့ပြီ။
ရှရှင်းချန် သူ့မျက်နှာတစ်ဝက်လောက်ကို ဖုံးသွားစေတဲ့ mask တပ်ပြီးသည်နှင့် ယန်ယိုမင်က သူ့အင်္ကျီ အိတ်ကပ်အတွင်းရှိ ဦးထုပ်ကို ယူ၍ ရှရှင်းချန်ရဲ့ ကျန်နေသည့်မျက်နှာတစ်ဝက်ကို အရိပ်မှောင်ထဲကျသွားအောင် ဆောင်းပေးလိုက်ပြီး သူတို့အသံများကလည်း သဲသဲကွဲကွဲမကြားရနိုင်လောက်အောင် ဖြစ်သွားသည်။
သူတို့ တစ်ယောက်ပြောနေတာကို တစ်ယောက်ကြားရရန် နီးနီးကပ်ကပ်တွဲလျှောက်နေမှသာ ဖြစ်နိုင်တော့သည်။
ယန်ယိုမင် မေးလာသည်။ "ကိုယ်တို့ ဘယ်သွားနေတာလဲ။"
ရှရှင်းချန် လက်ဆန့်ထုတ်ရင်း ခပ်လှမ်းလှမ်းတွင် မြင်နေရသည့်လမ်းဆိုင်းဘုတ်လေးကို ညွှန်ပြလိုက်သည်။"ကျွန်တော် ငယ်ငယ်က အဲ့နားမှာ နေတာ။ ဒီကနေဆို နာရီဝက်လောက် လျှောက်ရမယ် ထင်တယ်။"
ထို့နောက်မှာတော့ သူ ဘေးလှည့်ပြီး လမ်းတစ်လျှောက်ကို အကဲခတ်ကြည့်လိုက်သည်။ တစ်လမ်းလုံးက လူသူကင်းမဲ့နေပြီး ကားတစ်စီးမျှတောင် မရှိ။ ထို့ကြောင့် သူ ဖြည့်စွက်ပြောလာသည်။ "ကျွန်တော်တို့ တက်စီငှါးလို့တော့ရမှာမဟုတ်ဘူး။ လမ်းလျှောက်သွားကြတာပေါ့၊ ဟုတ်ပြီလား။"
ယန်ယိုမင် ပြန်ဖြေ၏။ "ဟုတ်ပြီ။"
ရှရှင်းချန် သူ့လက်ကို နွေးနေအောင် အိတ်ကပ်ထဲ ထည့်ထားပြီး အရှေ့ကိုဆက်သွားရင်း ပြောလိုက်သည်။ "ကျွန်တော့်မိသားစုက အဲ့ဘက်အခြမ်းမှာ နေခဲ့ဖူးတယ်။ အိမ်ဟောင်းက အခုထိဖြိုမချရသေးဘူး။ အဲ့တာကလေ နှစ်ထပ်ပဲရှိတဲ့ ရှေးဆန်အိမ်ဟောင်းတွေထဲက တစ်အိမ်ပဲ။"
ယန်ယိုမင်က သူနားထောင်နေကြောင်း သိစေဖို့ 'အွန်း'ဟု အသံပြုလာသည်။
ရှရှင်းချန် ပြောလိုက်သည်။ "ကျွန်တော့်မိသားစုက အဲ့မှာ နှစ် နှစ်ဆယ်ကျော်နေခဲ့တာ။ လွန်ခဲ့တဲ့နှစ်လောက်ကမှကျွန်တော်နဲ့ကျွန်တော့်အစ်ကို ပိုက်ဆံစုတာ ပြည့်သွားပြီး အခုအိမ်ကို ဝယ်လိုက်နိုင်တာမို့ အတူပြောင်းနေနိုင်သွားတာလေ။"
"နှစ်ဆယ်ကျော်အရွယ်လေးနဲ့ မင်း ဒီလိုအိမ်ကြီးမျိုး ဝယ်နိုင်တာ အံ့ဖွယ်ဖြစ်နေပြီးပါပြီ။" ယန်ယိုမင် ပြောလိုက်သည်။
ရှရှင်းချန် သူ့ကို လှည့်ကြည့်ပြီး ပြုံးပြလာပေမယ့် သူ့အမူအရာများက mask နှင့် ဦးထုပ်ရဲ့ ဖုံးအုပ်ထားခြင်းကို ခံနေရသည်။
ချမ်းအေးလွန်းတာမို့ သူတို့ အမြန်လျှောက်မိသွားကြသည်။
Mask အောက်မှ အသက်ရှူနေရတာမို့ ရှရှင်းချန် အနည်းငယ်မျှ အသက်ရှူမဝသလိုအသံဖြင့် ဆက်ပြောသည်။"ကျွန်တော် ငယ်ငယ်က ဘယ်သွားသွား လူတိုင်းက ချစ်စရာလေးလို့ ပြောကြတယ်။ နောက် အလယ်တန်းကျောင်းရောက်သွားတော့ ကောင်မလေးတွေက ကျွန်တော့်ကို ချောတယ်လို့ ပြောတယ်။ ကျောင်းမှာ သိပ်မတော်တာတောင်ဆရာမတိုင်း၊ အတန်းဖော်တိုင်းက ကျွန်တော့်ကို သဘောကျကြတယ်။ အဲ့လိုနဲ့ ကျွန်တော် ကျောင်းသားကောင်စီခေါင်းဆောင်တောင် နှစ် နှစ်လောက် ဖြစ်သွားသေးတယ်။"
ယန်ယိုမင် မျက်ဝန်းအတွင်းတွင် နူးနူးညံ့ညံ့အပြုံးလေး ကိန်းအောင်းလို့နေ၏။
ရှရှင်းချန် ပြောလာသည်။ "တစ်ခါကဆို ကျွန်တော် တစ်ပတ်လောက် ရည်းစားစာ တစ်ရက်တစ်စောင် အပေးခံရတယ်။ ပြီးတော့ ပေးတဲ့ကောင်မလေးတွေကလည်း မတူကြဘူး။"
ယန်ယိုမင် ပြန်ဖြေသံတွင် ရယ်သံစွက်လျက်။ "ဟုတ်လား။"
ရှရှင်းချန် ဆက်ပြောနေဆဲ။ "ကျွန်တော်က ကျောင်းရဲ့ဘတ်စကတ်ဘောအသင်းထဲမှာ ပါတယ်။ ဂိမ်းပွဲရှိတိုင်းကျောင်းတစ်ကျောင်းလုံး မိန်းကလေးတွေနဲ့ ပြည့်သွားတာ။ တော်တော်များများကတော့ ကျွန်တော့်ကို လာကြည့်တာပေါ့။"
"အွန်း" ယန်ယိုမင် ပြန်ပြောသည်။ "ပြီးတော့ရော?"
ရှရှင်းချန် ယန်ယိုမင် အရှေ့တွင် သွားရပ်ပြီး မျက်နှာချင်းဆိုင်လိုက်သည်။ "အဲ့တာကြောင့် ကျွန်တော်က ကောကိုအရမ်းကြိုက်နေတာမို့ ဒီလိုပိုင်ဆိုင်ခွင့်ရတာ မလွယ်ကူဘူးလို့ မတွေးမိဘူးလား။"
ယန်ယိုမင် သူ့ကိုကြည့်နေရင်း ခေါင်းငြိမ့်ပြလာသည်။ "ကိုယ့်အတွက် ဂုဏ်ယူစရာပါ။"
သူတို့ လမ်းဆိုင်းဘုတ်အနားရှိ လမ်းချိုးလေးသို့ မရောက်ခင်အထိ လမ်းလျှောက်သွားလိုက်ကြသည်။ ဒီနေရာကစျေးဆိုင်များဖြင့် ပြည့်နှက်နေပြီး ဘေးပတ်ပတ်လည်ရှိ စျေးဆိုင်များ၊ မားကတ်များ ပိတ်သွားပြီဆိုပေမယ့် ထိုဆိုင်များ၏မီးအလင်းရောင်က လူသူတိတ်ဆိတ်လှတဲ့လမ်းကြားထဲ ထိန်လင်းနေဆဲ။
ရှရှင်းချန် ယန်ယိုမင်ကို လူနေအိမ်များ ကျိုးတို့ကျဲတဲသာရှိတော့သည့် အတော်လေး ကျဉ်းမြောင်းလှတဲ့လမ်းကြားထဲ ခေါ်သွားလိုက်သည်။ အမှောင်ထုက သူတို့အပေါ်ဖုံးလွှမ်းလာပြီး လမ်းမီးများကတောင် ထင်သလောက် မလင်းတော့သလိုပင်။
လမ်းတစ်ဖက်တွင်တော့ မူကြိုကျောင်းတစ်ကျောင်း ရှိနေပြီး ထိုအပေါ်က ဆိုင်းဘုတ်တွင် ရောင်စုံခြယ် တိရစ္ဆာန်ပုံများရှိနေ၏။
ရှရှင်းချန် ခြေလှမ်းများရပ်သွားပြီး အိတ်ကပ်ထဲမှ လက်ဆွဲထုတ်ကာ သံတံခါးကို ထိကြည့်နေရင်း ပြောလိုက်သည်။ "ကျွန်တော် ငယ်ငယ်က တက်ခဲ့တာ ဒီမူကြိုကျောင်း။ ဂိတ်တံခါးပုံစံကတော့ ပြောင်းသွားပြီ။"
ယန်ယိုမင် သံတံခါးကို လှမ်းကြည့်လာသည်။
ရှရှင်းချန် သူ့အား အနားသို့ ဆွဲခေါ်လိုက်သည်။ "အဲ့တုန်းက ကျွန်တော်တို့နဲ့အတူ အဘွားလည်း ရှိနေသေးတယ်။သူက ကျွန်တော့်ကို လာ လာကြိုတာလေ။"
သူတို့ မိနစ်အနည်းငယ်မျှ လမ်းဆက်လျှောက်သွားပေမယ့် လမ်းတစ်လျှောက် လူတစ်ယောက်တစ်လေနှင့်တောင်မတွေ့။
လမ်းဘေးတစ်ဘက်တွင် လမ်းကြားလေးတစ်ခုရှိပြီး အထဲနက်နက်အထိ လမ်းပေါက်ပုံပေါ်လှသည်။ ရှရှင်းချန် ထိုလမ်းထိပ်တွင် ရပ်ရင်း ပြောလာသည်။ "အရှေ့မှာ ကျွန်တော့်မိသားစု အရင်အိမ်။"
ထို့နောက်မှာတော့ သူ လမ်းကြားထဲသို့ ချောင်းကြည့်ရင်း အမှောင်ထဲရှိ သူ့အိမ်ဟောင်းလေးကို ရှာတွေ့သွားသည်။သူ ယန်ယိုမင်အတွက် ထိုအိမ်ဟောင်းလေးအား လက်ညှိုးထိုးပြရင်း ကျို့တိုးကျဲတဲ အလင်းရောင်များအောက် သူ့အရင်အခန်းဟောင်းရဲ့ ပြတင်းပေါက်ကို ရှာတွေ့သွားသည်။
အရိုးစိမ့်ဖွယ်လေပြေများက လမ်းကြားအတွင်းမှ အဆက်မပြတ် တိုက်ခတ်လို့နေသည်။ သူတို့ ခဏကြာအောင်ရပ်နေပြီးနောက်မှာတော့ ချမ်းအေးမှုကို တောင့်မခံနိုင်တော့ပဲ လမ်းဘေး တစ်နေရာတွင် ခဏခိုလှုံဖို့လုပ်လိုက်ပေမယ့် အနီးအနားတွင် ဆိုင်များရှိမနေပဲ အနည်းငယ်မျှ ကွေးဝှက်ဝင်နေသည့် နံရံတစ်ခုသာရှိသည်။
သူတို့ နံရံ၏လေကွယ်ရာတွင် ပုန်းနေလိုက်ကြသည်။
ရှရှင်းချန် ယန်ယိုမင်ကို ဖက်ထားရင်း ပခုံးထဲ ခေါင်းဝှက်ထားလျက် ဝိုးတိုးဝါးတားပြောလိုက်သည်။ "နောက်နှစ်လည်း ကျွန်တော် ကောနဲ့အတူ အိမ်ပြန်မယ်။"
ယန်ယိုမင် ပြန်မဖြေ၊ လက်မြှောက်ရင်းသာ ရှရှင်းချန်ကို ထွေးပွေ့ထားပေးရင်း သူ့ဆံပင်ကို တယုတယ ထိုးဖွပေးလာသည်။
အချိန်အတော်ကြာမှ ရှရှင်းချန် ခေါင်းမော့ကာ ယန်ယိုမင်ကို ကြည့်ပြီးပြောလိုက်သည်။ "ကျွန်တော် ပါးနဲ့မားကိုပြောတော့မလို့။"
ယန်ယိုမင်ရဲ့မျက်နှာတစ်ဝက်က mask ရဲ့ ဖုံးကွယ်မှုအောက်တွင်ရှိနေသည်။ သူ့မျက်လုံးများကလည်း အမှောင်ထုထဲတွင် ပုန်းကွယ်နေတာမို့ ရှရှင်းချန် သူ ဖြစ်နေမည့်မျက်နှာအမူအရာကို လုံးဝ ခန့်မှန်းကြည့်လို့ မရ။
အသံတိုးတိုးနှင့် ယန်ယိုမင် ပြောလာသည်။ "မပြောနဲ့။"
ရှရှင်းချန် မေးလိုက်သည်။ "ဘာလို့လဲ။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ချိန်ချိန်ကျရင် ကျွန်တော်တို့ သူတို့ကို ပြောဖို့လိုလာမှာပဲ။"
ယန်ယိုမင်ရဲ့လက်တစ်ဖက်က သူ့ကျောကို ဖိထားပြီး နောက်တစ်ဖက်ကတော့ သူ့ဆံပင်ကို ထိုးဖွလျက် ရှိနေသည်။"မပြောနဲ့။ ကိုယ်ပြောသလိုလုပ်။"
ရှရှင်းချန် ခေါင်းရှုပ်ပြီး စိတ်ပျက်သွားပုံပေါ်လှသည်။ "သူတို့ ကောကို ဒီ့လောက် သဘောကျတာ။ လက်ခံနိုင်မှာပါ။"
"သူတို့ မကြိုက်နိုင်ဘူး။" ယန်ယိုမင် ပြောလာသည်။ "သူတို့ ကိုယ့်ကို သဘောကျတယ်ဆိုတာ ကိုယ်တို့ ဆက်ဆံရေးကို မသိသေးလို့။ သိသွားတာနဲ့ ကိုယ့်ကို မုန်းသွားလိမ့်မယ်။"
ရှရှင်းချန် ပူထူနေလျက်ပြောမိသွားသည်။ "သူတို့ အဲ့လိုမဖြစ်ဘူး။" သူ ယန်ယိုမင်ရဲ့အပွေ့အဖက်ကြားမှ ရုန်းထွက်ပြီး အိမ်ပြန်ဖို့ လုပ်လိုက်သည်။ "ကျွန်တော်တို့ အခု အိမ်ပြန်ပြီး သူတို့ကို ပြောပြမယ်။"
ယန်ယိုမင် သူ့လက်ကို ဆန့်ထုတ်ပြီး ရှရှင်းချန်ရဲ့လက်ကို လှမ်းဆွဲထားလိုက်သည်။ "ရှင်းချန်၊ နည်းနည်းလောက်အသိဝင်ဦး။ ဒီကြား နှစ်ရက် သူတို့နဲ့ မျက်နှာချင်းဆိုင်နေရတာ ကိုယ့်အတွက် ဘယ်လောက်ခက်ခဲလဲ မင်း သိလား။ကိုယ်တို့ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ ကိုယ်တို့ ဘယ်လောက်ပဲ ကောင်းနေပါစေ၊ အရာရာက ကျိုးပဲ့လွယ်တာကိုယ် သိထားတယ်။ အဲ့တာကြောင့် ကိုယ်တို့ ဆက်ဆံရေးအကြောင်း အမှန်အတိုင်း သူတို့ကို ပြောပြလိုက်ရင် အခုလောလောဆယ်တော့ ကိုယ်တို့ သဘောကျ ပျော်နေနိုင်ပေမယ့် အနာဂတ်ကျ အဲ့အကြောင်းကို တွေးမိတိုင်း မုန်းနေမိရင် ဘယ်လိုလုပ်မလဲ! ဘာလို့ အလုပ်ရှုပ်ခံနေမှာလဲ။"
ရှရှင်းချန် အနည်းငယ်မျှပြောစရာစကား ပျောက်ရှသွားရသည်။ "ဒါဆို ကျွန်တော် ဘယ်လိုလုပ်ရမလဲ။"
ယန်ယိုမင် သူ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ "ကိုယ်တို့လုပ်နိုင်တာ ဘာမှ မရှိဘူး။ အဆုံးကျကိုယ်တို့လည်း ယွီဟိုင်ယန်နဲ့ ဖန်းကျန်းယွမ်လို ဖြစ်သွားမှာပဲ။"
ဒီနာမည်နှစ်ခုအား ယန်ယိုမင် ပြောလာတာကို ကြားလိုက်တာနှင့် ရှရှင်းချန်၏မျက်ဝန်းများက ချက်ချင်းဆိုသလို နီရဲလာတော့သည်။ သူ ငိုချင်စိတ်ကို တတ်နိုင်သမျှ အစွမ်းကုန် ချုပ်တည်းရင်း ယန်ယိုမင်ကို ပြောလိုက်သည်။"ကောက ယွီဟိုင်ယန် မဟုတ်ဘူး။ ကောက ယွမ်ကျင့်နဲ့ လမ်းခွဲပြီးနေပြီ။"
ယန်ယိုမင်ပြောလာသည်။ "မင်းမိသားစုအတွက်တော့ ကိုယ်နဲ့ ယွီဟိုင်ယန်အကြား ဘာများ ကွာခြားချက်ရှိနေလဲ။" စကားအဆုံးတွင် သူ့အသံက အေးစက်လို့သွားသည်မှာ အကူအညီမဲ့နေတဲ့ဘေးကျပ်နံကျပ်အခြေအနေတစ်ခုကြားရောက်နေသည့်အလား။
ရှရှင်းချန် အနည်းငယ်မျှ ခေါင်းမော့ကြည့်လိုက်သည်။ သူ့လည်စလုတ်လေးက ရှိုက်ငိုချင်စိတ်ကို ချုပ်တည်းထားရတာမို့ အပေါ်အောက်ရွေ့လျားလျက် ရှိနေပြီး သူ့အသံကလည်း မာဆတ်ဆတ်နိုင်လှသည်။ "ယန်ယိုမင်၊ ကျွန်တော့်ကို ဇာတ်လမ်းထဲက မထွက်လာနိုင်သေးဘူးလို့ ခင်ဗျား အမြဲတမ်း ပြောတယ်။ ဒါပေမယ့် တကယ်တမ်း ထွက်မလာနိုင်သေးတာ ခင်ဗျား မဟုတ်လား။"
ယန်ယိုမင် ပြန်မဖြေ။
ရှရှင်းချန် အတောမသတ်နိုင်တဲ့တုန်ယင်နေမှုများကို ရှိုက်မြိုထားလိုက်သည်။ "အိပ်ရာထဲ မူးမူးရူးရူးနဲ့ ကျွန်တော့်ကို 'ရှောင်းယွမ်' လို့ ခေါ်လာတာလည်း ခင်ဗျားပဲ။"
ယန်ယိုမင်၏အသံက အနည်းငယ်မျှ ကွဲအက်နေသည်။ "ကိုယ်တောင်းပန်ပါတယ်၊ ရှင်းချန်"
ရှရှင်းချန် ပြန်ပြောလိုက်သည်။ "အဲ့တော့ ခင်ဗျားက တကယ်ကြီး မှတ်မိနေသေးတာပဲ။"
ယန်ယိုမင် တစ်ကိုယ်လုံးက အမှောင်ထဲ ဖုံးကွယ်လျက်ရှိနေပြီး ဘာမှပြန်မပြောလာ။
ရှရှင်းချန် မေးလိုက်သည်။ "ခင်ဗျားက ကျွန်တော်နဲ့ လမ်းခွဲချင်တာလား။ ကိုယ့်ကိုကိုယ် ယွီဟိုင်ယန်လို့ ထင်နေပြီးကျွန်တော့်မိသားစုအပေါ် အမှားလုပ်ထားမိသလိုမျိုးနဲ့ ကျွန်တော်နဲ့ခင်ဗျားအကြား အနာဂတ် ဆိုတာ ရှိမလာဘူးလို့တွေးထားတာလား။"
ယန်ယိုမင် ပြန်မဖြေခင် ခဏတာမျှ တိတ်ဆိတ်လို့သွားသည်။ "ကိုယ် မင်းနဲ့ လမ်းမခွဲနိုင်ဘူး။ ကိုယ် မင်း ပျော်နေတာကိုပဲ လိုချင်တာ။"
ရှရှင်းချန် လေအေးများကို ပါးစပ်အပြည့် ရှိူက်ရှူချလိုက်သည်။ သူ အသက်ရှူမဝ ဖြစ်လာတာမို့ mask ကို ဆွဲချွတ်ပြီး မေးရိုးအနားတွင်သာ ချိတ်ဆွဲလျက် သူ့ရင်ဘတ်များကလည်း နာကျင်မှုဖြင့် နိမ့်ချည်မြင့်ချည်ဖြစ်နေတော့သည်။ "လမ်းမခွဲဘူးဆိုမှတော့ ပြန်သွားတာပေါ့။ ၁၂ ထိုးတော့မယ်။"
ယန်ယိုမင်လည်း အမှောင်ထုထဲမှ ဖြည်းဖြည်းချင်း လျှောက်ထွက်ရင်း ပြောလာသည်။ "သွားတာပေါ့။" သူ့အသံကကြည်ကြည်လင်လင်နှင့် အနှောင့်အယှက် ကင်းမဲ့လှသလိုပင်။
ရှရှင်းချန်လည်း တစ်ဖက်လှည့်ပြီး သူတို့လာခဲ့ရာလမ်းအတိုင်း ပြန်လျှောက်သွားလိုက်သည်။
သူတို့ စထွက်လာစဉ်ကတော့ ပခုံးချင်းဖက်လို့ လျှောက်လာတာဆိုပေမယ့် ပြန်သွားချိန်တွင် တစ်ယောက်အနောက်မှ တစ်ယောက် လိုက်လာတာမျိုးဖြစ်နေပြီး စကားပြောလာခြင်းလည်း မရှိလှ။
လေအေးများက သူ့မျက်နှာကို ရိုက်ခတ်လို့နေတာမို့ ရှရှင်းချန် mask ပြန်ဝတ်ထားလိုက်ရသည်။
လမ်းတစ်ဖက်ရှိ ဘတ်စ်ကားမှတ်တိုင်ကို ဖြတ်သွားရချိန် ရှရှင်းချန် ခေါင်းထဲ ဇာတ်ကွက်တစ်ခုက ဖြတ်ကနဲပေါ်လာသည်။ ထိုအရာက 'မျောလွင့်နေသောအနာဂတ်' ရဲ့ နောက်ဆုံးဇာတ်ကွက်ဖြစ်သည်။ ဖန်းကျားယွမ်ကဘတ်စ်ကားပေါ် ထိုင်နေရင်း ထွက်သွားရချိန် ကန်စွန်းဥပြုတ်ဝယ်ပြီး ပြန်လာတဲ့ ယွီဟိုင်ယန်ကတော့ သူ့ကို လိုက်ရှာပေမယ့် ရှာမတွေ့သွားသည့်အခန်းပင်။
သူတို့ ရိုက်ကူးရေးလုပ်ချိန်က ရှရှင်းချန် အနီးအနားတွင် ရပ်ကြည့်နေခဲ့သည်။ သူ လမ်းတစ်ဖက်ကနေ ပြုံးရွှင်လျက် အပြေး လမ်းဖြတ်ကူးလာသည့် ယန်ယိုမင်ကို မြင်ခဲ့ရပြီး သူ့ကို ရှာမတွေ့တော့သည့်အချိန် နေရာအနှံ့ ပတ်ရှာရင်း မျက်နှာထက်က အပြုံးလေး တဖြည်းဖြည်း ပျောက်ကွယ်သွားတာကိုလည်း မြင်ခဲ့ရသည်။ ထိုအချိန်တုန်းက ယန်ယိုမင်မှာ ပျာယာခတ်နေလျက် လက်ထဲတွင်လည်း ကန်စွန်းဥပြုတ်ကို ကိုင်ထားရင်း လမ်းတစ်လျှောက်အလျင်လိုနေသည့်ခြေလှမ်းများဖြင့် လိုက်ရှာနေပြီးမှ နောက်ဆုံးတွင် တုန်လှုပ်ချောက်ချားမှုများနှင့် လက်လျော့လိုက်သလို ရပ်တန့်သွားခဲ့သည်။
ဒါက တကယ့်ကို မျှော်လင့်ချက်ကုန်ခန်းရတဲ့ အခန်းလေးပင် : ချစ်ရတဲ့လူက သေချာပေါက် အနားတွင် ရှိနေပေမယ့် လက်လှမ်းယူလို့ မရနိုင်ဖြစ်နေသည်။
ထိုအချိန်က ရှရှင်းချန်လည်း မျက်နှာကို လက်ဖြင့်အုပ်ထားရင်း ငိုကြွေးခဲ့မိသည်။
သူ ယန်ယိုမင်ရဲ့မျက်နှာအမူအရာကို ဆက်မကြည့်ရဲ။ သူ့ဘဝမှာ လုပ်ပေးနိုင်စွမ်းအားမရှိသလိုတောင် ခံစားခဲ့ရသည်။
လူတွေက ဘဝတစ်လျှောက်လုံး ခံစားချက်မျိုးစုံဖြင့် ပတ်ခြုံ၍နေကြတာဖြစ်ပြီး အချစ်ဆိုသည့်အရာက ထည့်သွင်းစဉ်းစားချင်ရုံနှင့် မလုံလောက်။ ထည့်သွင်းစဉ်းစားရမည့်ကိစ္စတွေ များလာလေ တောင့်ခံရန် ပိုခက်ခဲလာလေဖြစ်သည်။ တစ်စုံတစ်ယောက်ရဲ့ အသက်မွေးဝမ်းကြောင်း ပျက်ဆီးသွားရခြင်းထက် ပိုနာကျင်ရတာက ထိုတစ်စုံတစ်ယောက်ကြောင့် ထိုသူ၏ချစ်ရသူ ခံစားရမည့်နာကျင်မှုများပင်။
ဒီလောက်အချိန်အကြာကြီး ကုန်ဆုံးပြီးသွားတာတောင် ရှရှင်းချန် တစ်ဖန် ထပ်၍နာကျင်လာရသည်။
သူ ပြန်သွားချိန် ယန်ယိုမင်ကလည်း သူ့အနောက်မှ လိုက်လာပြီး နှစ်ယောက်သား စကားတစ်ခွန်းမှ မပြောဖြစ်ကြ။
သူ လမ်းတစ်လျှောက်တွင် ပြောခဲ့သမျှက အမှန်များဖြစ်သည် : ငယ်ငယ်ကတည်းက သူ့အနားတွင် ချစ်ပေးချင်သူများဖြင့်သာ ဝန်းရံနေခဲ့ပြီး သူ့အလုပ်လမ်းကြောင်းကလည်း ဖြောင့်ဖြူးသာယာလျက်ရှိနေသည်။ သူ့မိသားစုကလည်း အေးချမ်းလှပြီး ကျန်တဲ့ဘဝတစ်လျှောက်လုံးကိုလည်း ပျော်ပျော်ရွှင်ရွှင် နေသွားနိုင်မည်ဟုသာ သူ ထင်ထားခဲ့မိသည်။ သို့ပေမယ့် သူ့အနေနှင့် ဒီလို ခံစားချက်တွင်းနက်ထဲ နစ်ဝင်သွားပြီး ဘယ်လောက်ပဲ ကြိုးစားပါစေပြန်ရုန်းမထွက်ဖြစ်သွားမည်ဟု မထင်ထား။
ရှရှင်းချန် အရှေ့ရှိ မြင်ကွင်းများက စိုစွတ်မှုဖြင့် ဝေဝါးလာတော့သည်။ သို့ပေမယ့် အဆုံးသတ်မှာတော့ မျက်ရည်များ ကျဆင်းလာခြင်း မရှိပဲ တိုက်ခတ်လာတဲ့လေအေးများဖြင့် ခြောက်သွေ့လို့ သွားရသည်။
KittyKitling
T/N : ><