ရှရှင်းချန် မရီးက ဖန်းယင်းဟု ခေါ်ပြီး သူမက ပိန်ပိန်သွယ်သွယ်နှင့် အလှပဂေးထဲတော့ မပါပေမယ့် အထူးတလှယ်ကို ရဲစွမ်းသတ္တိအပြည့်ရှိသူဖြစ်သည်။
ရှရှင်းချန် မိဘများကတော့ ပါပါးရှ က အသက်၆၀နီးပါးရှိပြီးတာတောင်မှ ထောင်ထောင်မောင်းမောင်း ရှိဆဲဖြစ်ပြီး မာမားရှကလည်း သိမ်မွေ့ချောမောကာ အသက်အရွယ်က သူမအလှကို ဖုံးမထားနိုင်။
ရှရှင်းချန်တွင် ချစ်စဖွယ် အမွှာတူလေးနှစ်ယောက်လည်း ရှိကာ သူတို့ရဲ့ချစ်စနိုး နာမည်များကတော့ တင်းတင်းနှင့် သုန့်သုန့်တို့ ဖြစ်ကြသည်။ သူတို့က ဒီနှစ်မှ ငါးနှစ်ပြည့်မှာမို့ ဆိုးသွမ်းချင်စဖွယ် အရွယ်ကောင်းလေး၌ ရှိနေကြသည်။
ယန်ယိုမင် ဧည့်ခန်းထဲရောက်သည်နှင့် သူ့ခရီးဆောင်အိတ်ကို ဖွင့်ကာ သယ်လာသည့် လက်ဆောင်များကို ထုတ်ယူပြီး ရှရှင်းချန်မိသားစုထံ ပေးလိုက်လေသည်။
ထို့နောက်မှာတော့ ပါပါးရှက ယန်ယိုမင်ကို ထမင်းစားခန်းအတွင်းသို့ ဖိတ်ခေါ်လိုက်ပြီး သူတို့မိသားစုနှင့်အတူတူ ညစာ စားစေသည်။
ပထမထပ် တစ်ခန်းလုံးက ထိန်ထိန်လင်းလို့ နေပြီး သားရည်ယိုဖွယ် ဟင်းရနံ့မျိုးစုံက နွေးထွေးလှတဲ့အခန်းထဲ ရစ်သီလို့နေသည်။ တင်းတင်းက ကားအသေးလေးကို လှည့်ပတ်စီးလို့နေပြီး သုန့်သုန့်ကတော့ ယန်ယိုမင်အကြောင်း စပ်စုချင်နေတာမို့ ယန်ယိုမင် ခြေထောက်အကြား တိုးဝင်ကာ ဘောင်းဘီကို ဆွဲလျက် ခေါင်းမော့ မေးလိုက်သည်။
"ဦးဦးက နာမည်ကြီးလား။"
ဖန်းယင်း သူမသားကို ပွေ့ချီပြီး တစ်ဖက်လှည့်ကာ ရှယဲ့လက်ထဲ ထိုးထည့်ပေးရင်း ပြောလိုက်သည်။ "ရှင့်သားကို အဝေးခေါ်သွား၊ ဒီမှာ လာမရှုပ်နဲ့။"
ထိုအချိန်က ရှယဲ့ ကုတ်အင်္ကျီ ဆွဲချွတ်ဖို့ လုပ်နေတာဖြစ်ပေမယ့် ရွေးချယ်စရာမရှိ သုန့်သုန့်ကို လှမ်းယူရင်း အခဲမကြေဖြစ်မှုများကို မြိုသိပ်ထားရတော့သည်။
တော်တော်ကြာကြာ စိတ်လှုပ်ရှားပြီးနောက်မှ မိသားစုဝင်တိုင်း စားပွဲတွင် ထိုင်ဖြစ်တော့သည်။ ယန်ယိုမင်ကတော့ ပါပါးရှ၏ ဘေးတွင် ဝင်ထိုင်ပြီး ရှရှင်းချန်က ယန်ယိုမင်၏ ဘေးတွင် ထိုင်လျက်ရှိ၏။ ဖန်းယင်းကတော့ မာမားဖန်းကို ဟင်းချက်ရာတွင် သွားကူပြီး ဟင်းပူပူနွေးနွေးများကို စားပွဲသို့ လာချပေးနေသည်။ ရှယဲ့က ဝိုင်များထည့်သိမ်းရာ ဘီရိုအတွင်းမှ ဝိုင်တစ်ပုလင်း ထုတ်လာပြီး စားပွဲပေါ် တင်ပြီး ပြောလိုက်သည်။ "ဒီနေ့ ဒီဝိုင်ကို သောက်ကြတာပေါ့။ မင်-ကောအတွက် အဆင်ပြေရဲ့လားဗျ။"
ယန်ယိုမင် ပြုံးပြီး ပြန်ဖြေလိုက်သည်။ "ပြဿနာ မရှိပါဘူး။"
သူ စကားပြောပြီးနောက်မှာပဲ ရှရှင်းချန် သူနှင့်ယန်ယိုမင်ကြား တစ်ယောက်ယောက် တိုးဝင်လာတာကို ခံစားလိုက်ရသည်။ ထို့ကြောင့် သူ ငုံကြည့်လိုက်ချိန် သုန့်သုန့်ဖြစ်လို့နေတာကို မြင်လိုက်ရသည်။ သုန့်သုန့်က ကြိုးစားတိုးဝင်နေရင်း ယန်ယိုမင် အင်္ကျီစကို လှမ်းဆွဲကာ သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။ "ဦးဦးက တကယ် နာမည်ကြီးလား။"
ရှရှင်းချန်က ကလေးတွေ ထိန်းကျောင်းရခြင်းနှင့် ပတ်သတ်ပြီး မကျွမ်းကျင်။ သူ ငုံ့ကြည့်ပြီး သုန့်သုန့်ကို ပြောလိုက်သည်။ "မင်းဘာသာ သွားကစားနေချေ။"
ဖန်းယင်း စွပ်ပြုတ်ပန်းကန်ကို ချပြီးသည်နှင့် အနားရောက်လာပြီး သူ့ကို တစ်ဖန် ပြန်ဆွဲခေါ်သွားလိုက်သည်။
လူစုံတက်စုံ ထိုင်ပြီးသည့်နောက် ရှယဲ့ လူတိုင်း၏ ဖန်ခွက်ထဲ ဝိုင်များ လိုက်ဖြည့်ပေးပြီး ဧည့်သည်တော်အား ကြိုဆိုသည့်အနေနှင့် တစ်မိသားစုလုံး ခွက်တိုက်ခြင်းကို ပြုလုပ်လိုက်ကြသည်။
ဖန်းယင်း သူမ သားနှစ်ယောက်ကို ဘေးတွင် ထိုင်စေပြီး ဖုန်းထုတ်ကာ ယန်ယိုမင်ကို မေးလိုက်သည်။ "ကျွန်မ ဓာတ်ပုံရိုက်ပြီး 'Moments' မှာ တင်လို့ရမလား။"
[T/N : Moments ဆိုတာ App တစ်ခုပါ၊ မိသားစုနဲ့ သူငယ်ချင်းသီးသန့်လေးကိုမှ Privacy တော်တော်ကောင်းတယ် ပြောကြတယ်။]
ယန်ယိုမင် ပြန်မဖြေ၊ ရှရှင်းချန်ကပဲ သူမကို အလျင်အမြန် တားမြစ်လိုက်သည်။ "မရိုက်နဲ့လေ။"
ဖန်းယင်းပုံစံက အနည်းငယ်မျှ နှမြောတဿဖြစ်သွားသလို။
ယန်ယိုမင် သူမကို ပြောလိုက်သည်။ "အခု တင်ဖို့တော့ အဆင်မပြေဘူး။ တရုတ်နှစ်သစ်ကူးပြီးမှ တင်ရင်တော့ အဆင်ပြေပါတယ်။"
ထိုအချိန်ကျရင် ယန်ယိုမင်လည်း ပြန်သွားပြီမို့ Moments ပေါ်ရှိ ဓာတ်ပုံလေးတစ်ပုံက သက်ရောက်မှု အများကြီး မရှိနိုင်တော့။
ဖန်းယင်း ချက်ချင်း ပျော်ပျော်ရွှင်ရွှင် ခေါင်းငြိမ့်ပြလိုက်သည်။
မာမားရှ ပြောလာသည်။ "ငါ့ကိုလည်း ပို့ပေးလို့ရလား။"
ရှယဲ့ 'ကျစ်'သပ်လိုက်သည်။ "မား၊ မားအရွယ်ကြီးနဲ့ ဘာတွေလုပ်နေတာလဲဗျာ။"
မာမားရှ ပြန်မဖြေခင်မှာပဲ ရှရှင်းချန် ဦးအောင် ပြောလိုက်သည်။ "အသက်ဘယ်လောက်ရှိပြီလဲ ပြောနိုင်လို့လား။ ကျွန်တော့်မားက အသက်ဘယ်လောက်ရှိရှိ မိန်းမလှလေးဖြစ်နေတုန်းပဲ။"
မာမားရှ ပြုံးပြီး ပြောလိုက်သည်။ "ပေါက်တက်ကရ။" သို့ပေမယ့် သူမ မျက်နှာအမူအရာကတော့ ပျော်နေပုံပင်။
ရှရှင်းချန် ဖန်းယင်းကို ကြည့်ရင်း အထူးအဆန်းလို ပြောလိုက်သည်။ "မား၊ ထားတော့။ မရီး၊ ကျွန်တော် မှတ်မိသလောက် အမ နာမည်ကျော်တွေနောက် မလိုက်ဘူးလားလို့။"
ဖန်းယင်းက သူမ သားလေးအတွက် ပုစွန်ခွါပေးလျက် ရှိနေသည်။ ပုစွန်တစ်ကောင်ကို တင်းတင်းပါးစပ်ထဲ ထည့်ပေးပြီးဖြစ်သည်။ ထို့ကြောင့် အခုပုစွန်လေးက သုန့်သုန့်အတွက် ဖြစ်သည်။
ရှရှင်းချန် အပြောအား ကြားချိန်မှာတော့ သူမ ပြန်ဖြေလာသည်။ "ငါ နာမည်ကျော်တွေနောက် မလိုက်ပါဘူး။ ရုပ်ချောတဲ့ကောင်လေးတွေကိုပဲ လိုက်တာ!"
ထို့နောက်မှာတော့ သူမ တင်းတင်းပါးစပ်ထဲ ပုစွန်နောက်တစ်ကောင် ထပ်ထည့်ပေးမိသွားသည်။
ထိုအချိန်က ပါးစပ်အဟောင်းသား ဖွင့်ထားသည့် သုန့်သုန့် ဖြည်းဖြည်းချင်း ပါးစပ်ပြန်ပိတ်ရင်း သူ့အမေအား လှမ်းကြည့်လာသည်။
တင်းတင်းကတော့ ပုစွန်တစ်ကောင် အခုလေးတင် မြိုချပြီးဖြစ်ကာ နောက်ထပ်တစ်ကြိမ် ထပ်ဝါးနေရတာမို့ စိတ်ရှုပ်သလို သက်ပြင်းချသွားသည်။
ဖန်းကျင်းမျက်နှာပေါ်မှာတော့ ဂုဏ်ယူနေသလို အပြုံးသေးသေးလေး ရှိလို့နေသည်။
ရှယဲ့ နှာရှုံ့ပြီး ဖန်းယင်းကို လက်ညှိုးထိုးလျက် ပြောလိုက်သည်။ "မင်း ဘာလို့ အပေါ်ယံတွေ အရမ်းကြိုက်ရတာလဲ။"
ဖန်းယင်း စဉ်းစားခြင်းတောင် မရှိ ဖြေလာသည်။ "ကျွန်မသာ အပေါ်ယံ မကြိုက်ရင် ရှင့်ကို လက်ထပ်ထားမလား။"
သူမ ရှယဲ့နှင့် တွဲဖြစ်ချိန်က တက္ကသိုလ်ရောက်လို့နေပြီဖြစ်သည်။ သို့ပေမယ့် ရှယဲ့ကတော့ အထက်တန်းကျောင်းတောင် မအောင်သေး။ ဖန်းယင်းရဲ့ မိဘနှစ်ပါးလုံးက ကျောင်းဆရာ/ဆရာမများ ဖြစ်ကြသည်မို့ ရှယဲ့နှင့် တွဲနေခြင်းကို အပြင်းအထန် ကန့်ကွက်ကြသည်။ သို့ပေမယ့် ဖန်းယင်းကိုယ်တိုင်ကိုက နားမထောင်ပဲ တင်းခံခဲ့သည်။ ရှယဲ့ မြို့အရာရှိစာမေးပွဲဖြေပြီးသည်နှင့် သူတို့နှစ်ယောက် လက်ထပ်လိုက်ကြပြီး သူမလည်း ကိုယ်ဝန်ရှိလာကာ ကလေးမွေးခဲ့သည်။ ထိုအချိန်တစ်လျှောက်လုံး သူမ ရှယဲ့၏ ရုပ်ချောမှုကိုသာ ကြည့်ပြီးတောင့်ခဲ့တာဖြစ်သည်။
ရှယဲ့မှာ သူမ စကားကြောင့် ဘာမှပြန်မပြောနိုင်တော့ပဲ ရုတ်ချည်းအသံတိတ်သွားသည်။
ယန်ယိုမင် ထိုအကြောင်းကြားချိန် ရယ်မောလာသည်။ သူ ဝိုင်ခွက်ကို လှမ်းယူပြီး ပါပါးရှင်း၊မာမားရှင်းတို့နှင့် ခွက်ချင်းတိုက်လိုက်ပြီး ထို့နောက်တွင်တော့ ရှယဲ့နှင့် ဖန်းယန်းတို့နှင့်အတူ ခွက်ချင်းတိုက်လိုက်သည်။ သူက စကားအများကြီး မပြောပေမယ့် အနေအထိုင် ယဉ်ကျေးသိမ်မွေ့၍ စကားလည်း အပြောတတ်သူဖြစ်သည်။ ပါပါးရှ သူ့အား ဘာကိစ္စမဆို ပြောလာပါစေ၊ သူ့ဘက်က ကောင်းကောင်း ပြန်တုန့်ပြန်နိုင်သည်။ နောက်တော့ ပါပါးရှလည်း အတော်လေး စိတ်ပျော်လာပြီး မသိလိုက်ပဲ ဝိုင်ခွက်များစွာ သောက်မိသွားလေသည်။
ပါပါးရှ အရက်မူးလာသည်နှင့် အိမ်ရှိ တစ်ဦးတည်းသော ဧည့်သည်တော်လေးအား သူ့ငယ်စဉ်ကအကြောင်း၊ ရှယဲ့နှင့် ရှရှင်းချန် ကလေးတုန်းက အကြောင်းများကို ပြောပြတော့သည်။
မာမားရှ ရှရှင်းချန်ကို မွေးချိန်က အသက်သုံးဆယ်ရှိပြီဖြစ်ကြောင်းနှင့် သန္ဓေနေရာအထားအသိုမမှန်တာကြောင့် ခွဲမွေးခဲ့ရကြောင်းကိုပါ ပြောပြလာသည်။
မာမားရှလည်း ဝင်ပြောလာသည်။ "မင်း မသိလို့၊ ရှင်းချန်ကို ကိုယ်ဝန် ရကာစကလေ ငါ အိပ်မက် မက်ခဲ့တာ။ အိပ်မက်က ငါ့အိမ်ခေါင်မိုးထိပ်မှာ နဂါး လာရပ်နားတာကို လူတွေ ဝိုင်းအုံကြည့်ကြတာတဲ့။ မကြာဘူး၊ ငါ ကိုယ်ဝန်ရှိနေမှန်း သိလိုက်ကော။ အဲ့ဒါနဲ့ ငါလည်း ဒါနမိတ်ကောင်းပဲ၊ ကလေးကို ရအောင်မွေးမယ်ဆို ဆုံးဖြတ်လိုက်တာ။"
ရှရှင်းချန် ထိုအကြောင်းများကို ကြားချိန် ရှက်လာတော့သည်။ "မား၊ မပြောနဲ့တော့!"
ယန်ယိုမင် ပြုံးပြီးပြောလိုက်သည်။ "နားထောင်လို့ ကောင်းတယ်၊ ကျွန်တော် ထပ်ကြားချင်မိသေးတယ်။"
မာမာရှလည်း ယန်ယိုမင် စိတ်ဝင်စားကြောင်း ကြားသည်နှင့် ထရပ်ကာ ရှရှင်းချန် ငယ်ငယ်က ဘယ်လောက် ချစ်ဖို့ကောင်းပြီး ထက်မြက်လိုက်သလဲ ဆိုသည်အကြောင်းများကို အတောမသတ် ပြောပြတော့သည်။ သူမက ရှရှင်းချန် သရုပ်ဆောင်ကောင်းကြောင်းကိုလည်း ပြောပြနေပြီး ရှရှင်းချန် ပါးနှစ်ဖက်လုံးကတော့ နီရဲလို့လာသည်။
ရှရှင်းချန် ထပ်နားမထောင်နိုင်တော့ပဲ သူ့မျက်နှာကို လက်နှစ်ဖက်လုံးဖြင့် အုပ်ထားလိုက်တော့သည်။
သုန့်သုန့်က သူ့အမေ မီးဖိုချောင်ခန်းထဲ ဟင်းခွက်များ သွားထားခြင်းကို အခွင့်ကောင်းယူပြီး အခွင့်အရေးတစ်ခု ရအောင် ဖန်တီးလိုက်သည်။ ဒီတစ်ခါမှာတော့ သူ သူ့အဖိုးပေါင်ပေါ် တက်ထိုင်ပြီး ယန်ယိုမင် လက်ကို ဆွဲကာ စပ်စုချင်စိတ်အပြည့်ဖြင့် အလေးအနက်ထားမေးလိုက်သည်။ "ဦးဦးက နာမည်ကြီးလား။"
ယန်ယိုမင် နူးနူးညံ့ညံ့ပြုံးပြီး သူ့အား ပြန်ပြောလိုက်သည်။ "မဟုတ်ပါဘူး။"
သုန့်သုန့် ကြောင်အလို့သွားပြီး 'အိုး'ဟုသာ အသံထွက်လာသည်။
ယန်ယိုမင် သူ၏လန်သွားတဲ့ ကော်လံကို ပြန်ပြင်ပေးရင်း ဆက်ပြောလိုက်သည်။ "ဦးဦးက သရုပ်ဆောင်တဲ့သူ။"
သုန့်သုန့် နားမလည်သေးသလို ခေါင်းငြိမ့်ပြရင်း ခဏတွေးပြီးမှ ရှရှင်းချန်ကိုလည်း မေးလိုက်သည်။ "ဦးဦးက နာမည်ကြီးလား။"
ဖန်းယင်း မီးဖိုချောင်ခန်းထဲမှ ပြန်ထွက်လာသည်နှင့် သုန့်သုန့်မေးနေတာကို ကြားလိုက်ရသည်။ "မင်းကကော အသံသွင်းထားတာလား။"
သုန့်သုန့် နားမလည်နိုင်သေးခင်မှာပဲ တင်းတင်းက စားပွဲပေါ် ထိုင်ရင်း ကျယ်ကျယ်လောင်လောင်ရယ်ကာ သူ့အမေ လေသံကို တုပပြီး အော်ပြောလာသည်။ "မင်းကကော အသံသွင်းထားတာလား။"
သူ တစ်ညလုံး အော်ပြီးရင်း အော်ဟစ်နေတာမို့ ဖန်းယင်း ခေါင်းများပင် ထိုးကိုက်လာတော့သည်။
ညစာစားခြင်းကတော့ စည်စည်ကားကား ပြီးဆုံးသွားခဲ့သည်။ ဖန်းယင်း မာမားရှကို စားပွဲ ကူရှင်းပေးပြီး ပန်းကန်များ ဆေးကြောကာ ရှယဲ့ကိုတော့ ရှရှင်းချန်နှင့် ယန်ယိုမင်အား အပေါ်ထပ်ရှိအခန်းသို့ လိုက်ပို့စေသည်။
အပေါ်မတက်ခင်မှာပဲ မာမားရှက ရှယဲ့ကို ဆွဲခေါ်ကာ အသံတိုးတိုးနှင့် တစ်စုံတစ်ခုပြောကြားလေသည်။ ရှယဲ့လည်း ခေါင်းငြိမ့်ပြပြီး လှေကားဘေး ထားထားသည့် ခရီးဆောင်အိတ် နှစ်အိတ်ကို သွားမသည်။
ယန်ယိုမင် ရှယဲ့ကို တားပြီး သူ့အိတ်သူ ယူလိုက်သည်။ "ကိုယ် သယ်လိုက်မယ်။"
ဒီည လူတိုင်း သောက်တာ များထားသည်။ ရှယဲ့ အရက်ပုလင်း မကုန်ခင်ကတည်းက ပါပါးရှက နောက်ပုလင်း ဖွင့်နေပြီးဖြစ်သည်။ ရှရှင်းချန်နှင့် ယန်ယိုမင် နှစ်ယောက်လုံးက မကြာခဏဆိုသလို အရက်များများ သောက်ကြသူများ မဟုတ်၊ သို့ပေမယ့် ပါပါးရှနှင့် တွေ့ချိန် သူတို့အများကြီး သောက်မိသွားကြသည်။
ယန်ယိုမင် သူ့အိတ်သူ ယူပြီးနောက် လှေကားပေါ် တက်နေသည့် သူ့ခြေလှမ်းများက ယိုင်တိယိုင်တိုင် ဖြစ်လာသည်။
ရှယဲ့က ကောင်းကောင်းသောက်နိုင်သူ ဖြစ်တာမို့ လက်ထဲ ခရီးဆောင်အိတ် တစ်အိတ်ကို သယ်ထားလျက် အလျင်အမြန်ပဲ လှေကားထိပ်သို့ ရောက်သွားပြီး ခဏအကြာမှာပဲ လှေကားထောင့်ချိုးကို ချိုးကွေ့သွားလေသည်။
ရှရှင်းချန် ယန်ယိုမင် အနောက်မှ လိုက်တက်လာသည်။ သူ ယန်ယိုမင်၏ ခြေလှမ်းများ တည်ငြိမ်နေခြင်း မရှိတာ မြင်နေရတာမို့ ယန်ယိုမင် လက်ကောက်ဝတ်ကို လှမ်းဆွဲပြီး ပြောလိုက်သည်။ "မင်ကော၊ ကော မူးနေပြီ။"
ယန်ယိုမင် ခြေလှမ်းများ ရပ်တန့်သွားပြီး တစ်ဖက်ပြန်လှည့်ကာ ရှရှင်းချန် နားရွက်အနားထိ တိုးကပ်သွားရင်း လက်ညှိုးက သူ့နှုတ်ခမ်းထိပ်၌ ဝဲသီလျက် ခပ်တိုးတိုးပြောလာသည်။ "ရှုး- ကိုယ် မမူးဘူး။"
ရှရှင်းချန် ပါးများနှင့် မျက်လုံးထောင့်များက နီရဲနေလျက် သူ ယန်ယိုမင်အား ရီဝေဝေ ကြည့်လိုက်သည်။
ရှယဲ့အော်သံက ဒုတိယအထပ်မှာ ထွက်ပေါ်လာသည်။ "မင်းတို့ ဘာတို့ တက်မလာသေးတာလဲ။"
ယန်ယိုမင် အသံကို ထပ်တိုးနိမ့်ရင်း ရှရှင်းချန်ကို ပြောလိုက်သည်။ "စကားမပြောနဲ့။"
ထို့နောက်မှာတော့ သူ တစ်ဖက်ပြန်လှည့်ပြီး ခရီးဆောင်အိတ်ကို သယ်လျက် အပေါ်ထပ် ဆက်တက်သွားလိုက်သည်။
ရှရှင်းချန် အကြည့်က လမ်းတစ်လျှောက် ယန်ယိုမင် နောက်ကျောကိုသာ ကပ်တွယ်လျက် ရှိနေပြီး လှေကားထောင့်ချိုး ရောက်ချိန်မှာတော့ ရှယဲ့က ဒုတိယထပ်တွင် ဆေးလိပ်သောက်ရင်း မတ်တပ်ရပ်နေတာကို မြင်လိုက်ရသည်။ သူတို့ ရောက်လာတာကို မြင်သည်နှင့် ရှယဲ့ အရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။
ဗီလာအိမ်က အထပ်နှစ်ထပ်သာ ရှိပြီး တတိယထပ်ကတော့ ခေါင်းမိုးထပ်ဖြစ်သည်။
ရှရှင်းချန် မိဘများက ပထမထပ်တွင် နေသည်။ ဒုတိယထပ်မှာတော့ အခန်းလေးခန်း ရှိပြီး တစ်ခန်းက ရှယဲ့နှင့် သူ့ဇနီးအတွက် ဖြစ်ကာ တစ်ခန်းက သူတို့ သားနှစ်ယောက်အတွက်။ နောက်တစ်ခန်းက ရှရှင်းချန်အတွက်ဖြစ်ပြီး နောက်ဆုံးကျန်သည့် တစ်ခန်းကတော့ ဧည့်သည်များ နားခိုရန်အတွက်ဖြစ်သည်။
ရှယဲ့ အရှေ့မှ လျှောက်သွားပြီး ရှရှင်းချန် အခန်းတံခါးကို ဖွင့်ပေးပြီး ပြောလိုက်သည်။ "ငါ ခဏနေမှ ကုတင် ပြန်လာယူမယ်။ မင်ကောက ဘေးခန်းမှ အိပ်လိမ့်မယ်။"
ရှရှင်းချန် နားမလည်။ သူ ရှယဲ့လက်မောင်းကို ဆွဲပြီး မေးလိုက်သည်။ "ဘာလဲ။"
ရှယဲ့ ရှရှင်းချန် အပူလောင်မှာ စိုးရိမ်တာကြောင့် သူ့လက်ထဲရှိ ဆေးလိပ်ကို အလျင်အမြန် မီးငြှိမ်းလိုက်သည်။ "မင်းဦးလေးမိသားစု မနက်ဖြန် နှစ်ကူးအတူကြိုဆိုဖို့ လာမှာ မဟုတ်ဘူးလား။ အစက မားနဲ့ပါးက မင်းအခန်းထဲ ကုတင်တစ်လုံး ထည့်ပေးပြီး ဧည့်သည်ခန်းကို မနက်ဖြန်လာမယ့် ဦးလေးတို့ မိသားစုအတွက် အလွတ်ထားမလို့။
ရှရှင်းချန် မေးလိုက်သည်။ "အဲ့တာဆို အခုကျ ဘာဖြစ်တာလဲ။"
ရှယဲ့ နည်းနည််း စိတ်မရှည်ဖြစ်လာသည်။ "အခု မားက အဲ့ကုတင်သေးကို ပြန်ယူလာခိုင်းပြီး ဧည့်သည်ခန်းထဲပဲ နေရာချပေးလိုက်တဲ့။"
ရှရှင်းချန် ခေါင်းစောင်းကြည့်ပြီး မေးလိုက်သည်။ "ဒါဆို မနက်ဖြန်ကျ ဘယ်လိုလုပ်မလဲ။"
ရှယဲ့ ပြောလိုက်သည်။ "မနက်ဖြန်မှ ပြောတာပေါ့။"
ရှရှင်းချန် အပြတ်အသား ငြင်းဆန်လိုက်သည်။ "မဖြစ်ဘူး၊ ကျွန်တော်က ကုတင်သေးလေးမှာ အိပ်မယ်။ မင်ကောက ကျွန်တော့်ကုတင်မှာ အိပ်လိမ့်မယ်။"
ရှယဲ့ မျက်မှောင်ကြုတ်သွားပြီး သူ့အား ဆိတ်ဆိတ်ငြိမ် ကြည့်လာသည်။
ယန်ယိုမင် တံခါးကို တည်တည်ငြိမ်ငြိမ်အမူအရာနှင့် မှီရပ်နေပေမယ့် သူ့မျက်လုံးများကတော့ ကြည်လင်မနေ။ သူ ခေါင်း အနည်းငယ်မော့ထားလျက် ခဏတာမျှ မျက်လုံးမှိတ်ထားလေသည်။
ရှရှင်းချန် ရှယဲ့ကို ဘေးတွန်းပြီး အထဲဝင်သွားလိုက်သည်။ အခန်းက မီးမဖွင့်ရသေးပေမယ့် ပြတင်းပေါက်မှ ဝင်ရောက်နေသည့် အပြင်လမ်းမီးများကြောင့် အခန်းဖွဲ့စည်းပုံကို ခပ်ရေးရေးမျှ မြင်နေရသည်။ သူ ပြန်မလာတာ အတော်ကြာနေပြီ ဆိုပေမယ့် ထူးထူးဆန်းဆန်း ရင်းနှီးနေသော ခံစားချက်ကို ရလေသည်။ အိပ်ရာကြီး၏ဘေးတွင် အိပ်ရာသေးလေး ခင်းပေးထားသည်။ သူ အိပ်ရာပေါ် တကိုယ်လုံး ပစ်လှဲချပြီး ပြောလိုက်သည်။ "ကျွန်တော့် အိပ်ရာလေး။"
ရှယဲ့ ရှရှင်းချန် မူးနေပြီမှန်း သိတာမို့ အချေအတင်ပြောဖို့ အာရုံမလာတော့။ သူ ခြေမြှောက်ကာ အောက်ချထားသည့် ခရီးဆောင်အိတ်ကို အခန်းထောင့် ရောက်အောင် ကန်ပြီး ပြောလိုက်သည်။ "မင်းကြိုက်သလိုသာ လုပ်တော့။"
သူ ဆေးလိပ်ကို ပါးစပ်ထဲကိုက်ထားရင်း ထွက်လာချိန် ယန်ယိုမင် တံခါးဘေး ရပ်နေဆဲ ဖြစ်တာကို မြင်လိုက်ရတာမို့ အားနာသွားရပြီး မေးလိုက်သည်။ "ဒီမှာ နေဖို့ အဆင်ပြေရဲ့လားဗျ။"
ယန်ယိုမင် မျက်လုံးဖွင့်ကြည့်ပြီး ခပ်ရေးရေး ပြုံးလိုက်သည်။ "ပြေပါတယ်။"
ရှယဲ့လည်း ခေါင်းငြိမ့်ပြပြီး တစ်ဖက်လှည့်ကာ သူ့အခန်းထဲသူ ဝင်သွားတော့သည်။