လူခြေတိတ်ဆိတ်လှသည့် ဗီလာအိမ်အတွင်း ဧည့်သည်များ အစုအပြုံလိုက်ရောက်လာတာမို့ တည်းခိုနေထိုင်ရန်အတွက်က မလွဲဧကန် အနည်းအကျဉ်းတော့ စိုးရိမ်ကြောင့်ကြရလေသည်။
ချင်းရွှဲယွဲ့က မိန်းကလေးဖြစ်တာမို့ သူမကတော့ အခန်းထဲ တစ်ယောက်တည်း နေခွင့်ရလေသည်။
ရေချိုးခန်း၊အိမ်သာ အပြည့်အစုံပါသည့် အခန်းကြီး တစ်ခန်းလည်း ရှိသည်။ ထိုအခန်း၏ အတွင်းခန်းမှာတော့ နှစ်ယောက်အိပ်ကုတင်ရှိပြီး အတွင်းခန်းအပြင်ဘက်တွင်တော့ တစ်ယောက်အိပ်ကုတင်အဖြစ် ပြောင်းလို့ရသည့် ဆိုဖာရှိသည်။
အစပိုင်းတွင် လျန့်ယွီချန်က လျန့်ကျင်းယွမ်၏အခန်းကို ချန်းဟိုင်လန်ကို ပေးပြီး လျန့်ကျင်းယွမ် အိပ်ဖို့အတွက်ကိုတော့ ကုတင်အသေးတစ်လုံး ထည့်ပေးဖို့ စီစဉ်ထားသည်။ ယန်ယိုမင်နှင့် ရှရှင်းချန်ကိုတော့ ရေချိုးခန်း၊အိမ်သာ အပြည့်အစုံပါသည့် အခန်းအတွင်း တည်းစေသည်။
ရလဒ်အနေနှင့် ချန်းဟိုင်လန်က ယန်ယိုမင် ပခုံးကို သိုင်းဖက်ပြီး ပြောလိုက်သည်။ "ကျင်းယွမ်ကို ကုတင်ပြောင်းခိုင်းစရာမလိုပါဘူး။ ငါနဲ့ ယိုမင် ကုတင်ကြီးပေါ်မှာ အိပ်လည်း ကောင်းတာပဲ။ အရင်ကလည်း တကုတင်တည်း မအိပ်ဖူးတဲ့လူတွေမှ မဟုတ်တာ။"
ထိုအကြောင်းကို ကြားလိုက်ရချိန် ရှရှင်းချန် စိတ်ပျက်အံ့အားသင့်သွားပြီး ယန်ယိုမင်ကို လှမ်းကြည့်လိုက်မိသည်။
ယန်ယိုမင် ပြုံးပြီး ပြောလိုက်သည်။ "ငါက ရပါတယ်၊ ကျင်းယွမ်ကို အပြောင်းအရွေ့ မလုပ်ခိုင်းရအောင်။"
ယန်ယိုမင် ယဉ်ကျေးမှုအရပြန်ပြောနေမှန်း သိပေမယ့်လည်း ရှရှင်းချန် မဆိုသလောက် စိတ်မကျေမနပ်ဖြစ်သွားသည်။ သူ အစက နောက်ဆုံးညကိုတော့ ယန်ယိုမင်နှင့် နှစ်ယောက်တည်းအတူနေလို့ ရနိုင်သေးသည်ဟု တွေးထားခဲ့တာဖြစ်သည်။
ချန်းဟိုင်လန် ဝိုင်နည်းနည်းသောက်ထားပြီးနောက် ရှားရှားပါးပါး ပြောရခက်နေတော့သည်။ လျန့်ယွီချန် ဘာပဲပြောပြော၊ သူ ယန်ယိုမင်နှင့်ပဲ နေမည်ဟု မလျော့တမ်းပြောပြီး ဒီည စကားပြောစရာများရှိသည်ဟု ပြောလာလေသည်။ ထို့ကြောင့်လည်း အိမ်ရှင်ဖြစ်သူမှာ အင်တင်တင်ဖြင့် ဆက်ပြောခြင်းမရှိတော့။
ထို့နောက်မှာတော့ ယန်ယိုမင်နှင့် ချန်းဟိုင်လန်က အပေါ်ထပ်ရှိ အခန်းသို့ အရင်တက်သွားလိုက်သည်။ ရှရှင်းချန်ကတော့ လျန့်ကျင်းယွမ်နှင့် ချင်းရွှဲယွဲ့တို့နှင့် အဖော်ပြုကျန်ခဲ့ပြီး အပေါ်တက်မနားခင် ဘီယာနှစ်ပုလင်းမျှ ထပ်သောက်လိုက်ရသေးသည်။
အခန်းအပြင်တံခါးက လော့ချထားခြင်းမရှိ။ ရှရှင်းချန် အခန်းတံခါးကို ဖွင့်ပြီး အထဲဝင်သွားလိုက်သည်။ အတွင်းအိပ်ခန်းအပြင်ဘက်တွင် ကုတင်အသေးလေးတစ်ခု ခင်းထားပြီးရှိသည်ကို သူတွေ့လိုက်ရသည်။ ကုတင်အခင်းက နူးညံကာ နွေးထွေးမည့်ပုံပေါ်သည်။ အတွင်းအခန်းသို့ ဝင်သွားလို့ရသည့် မှန်ဆွဲတံခါးတစ်ခုရှိနေသည်။ ထိုတံခါးက ပွင့်ဟနေပြီး သူ ဝင်သွားလိုက်ချိန်တွင် သာမန်ဧည့်သည်တည်းရန် ထည့်ထားသည့် ပရိဘောဂပစ္စည်းများကို တွေ့လိုက်ရသည်။ အခန်းအလယ်တွင်တော့ ယောက်ျားနှစ်ယောက် ကျယ်ကျယ်ပြန့်ပြန့်အိပ်လို့ရအောင်အထိ ကြီးမားသည့် ၁.၈မီတာရှိသည့် နှစ်ယောက်အိပ်ကုတင် ရှိနေသည်။
အတွင်းအခန်းအပြင်ဘက်မှာတော့ လေသာဆောင်ရှိပြီး မှန်ဆွဲတံခါးတစ်ခုနှင့်ပဲ ကာခြားထားလေသည်။ သို့ပေမယ့် ဒီတံခါးကိုတော့ ပိတ်ထားသည်။ ယန်ယိုမင်နှင့် ချန်းဟိုင်လန်နှစ်ယောက်လုံး အခန်းထဲ မရှိ။ သူတို့ အပေါ်ဝတ်ဂျက်ကပ်များ ဝတ်ကာ လေသာဆောင်တွင် မတ်တပ်ရပ်ပြီး စကားပြောနေကြသည်။
ရှရှင်းချန် တုံ့ဆိုင်းမိပေမယ့် သူ့အပေါ်ဝတ်ကို ထပ်ကာ တံခါးကိုဖွင့်ပြီး အပြင်လိုက်ထွက်သွားလိုက်သည်။
တံခါးဖွင့်လိုက်တာနှင့် ခိုက်ခိုက်တုန်မတတ် အေးလှသည့် လေညင်းများက သူ့မျက်နှာကို ကျီဆယ်သွားကြသည်။ ရှရှင်းချန် ချန်းဟိုင်လန်၏ "ယွမ်ကျင့် .." ဆိုသည့် စကားကိုနှစ်လုံးကို ကြားလိုက်ပေမယ့် စကားသံက ရပ်တန့်သွားသည်။
သူတစ်ဖက်ပြန်လှည့်ပြီး မှန်တံခါးကို ဆွဲပိတ်လိုက်သည်။ အခန်းအတွင်းမှ နွေးနွေးထွေးထွေးခံစားချက်ကို ကာဆီးလိုက်တာမို့ သူ အနွေးထည်ကို တင်းတင်းကြပ်ကြပ် ပတ်ခြုံလိုက်ရတော့သည်။ ထိုအချိန်မှာပဲ ချန်းဟိုင်လန် သူ့ကို ခေါ်လာတော့သည်။
"ရှင်းချန်၊ ဒီလာ။"
ချန်းဟိုင်လန်က လူတိုင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံတတ်သည့်သူမျိုး ဖြစ်သည်။ ထို့ကြောင့်မို့လည်း သူနှင့် စကားပြောဆက်ဆံရသည့်အချိန်တိုင်း လူတိုင်းရင်ထဲတွင် သက်တောင့်သက်သာဟူသည့် ခံစားချက်ကို ရလေ့ရှိသည်။
ယန်ယိုမင်ကတော့ စကားမပြော၊ သူ ဝရံတာ၏ လက်ရန်းကို မှီရင်းသာ ရှရှင်းချန်ကို ညင်ညင်သာသာ ကြည့်နေသည်။
ရှရှင်းချန် သူတို့အနားလျှောက်သွားပြီး ချန်းဟိုင်လန်နှင့် ယန်ယိုမင်ကြား ဝင်ကာ သူတို့နှစ်ယောက်ကို ခွဲလိုက်သည်။ ထိုနောက် အပြင်ကို ငေးကြည့်ရင်း ပြောလိုက်သည်။ "ဒီမှာ အရမ်းအေးနေတာကို၊ ဘာလို့ အထဲမဝင်သေးတာလဲ။"
ချန်းဟိုင်လန် ပြောလိုက်သည်။ "ငါ အိမ်ထဲ နေရတာ ကြာတော့လည်း ပျင်းလာလို့ အပြင်ထွက် လေကောင်းလေသန့် ရှုနေတာ။" ထို့နောက်တွင်မှ သူ ရှရှင်းချန်ကို မေးလိုက်သည်။ "မင်းကော စားပြီးပြီလား။"
ရှရှင်းချန် ခေါင်းငြိမ်လိုက်သည်။ "ဟုတ်။"
"အင်္ကျီကို ဇစ်စေ့ထား။" ယန်ယိုမင် ရုတ်တရက်ဆိုသလို ပြောလိုက်သည်။ ချန်းဟိုင်လန်ကော ရှရှင်းချန်ပါ နှစ်ယောက်လုံး သူ့ကို တပြိုင်တည်း လှည့်ကြည့်လာချိန်မှာတော့ သူ အေးအေးဆေးဆေး ပြောလိုက်သည်။
"အရမ်းအေးနေတယ်၊ အအေးမိမှာကို ဂရုစိုက်။"
ရှရှင်းချန် ခေါင်းငုံပြီး သူ့အပေါ်ဝတ်ဂျာကင်၏ ဇစ်ကို ဆွဲတင်လိုက်သည်။
"ကျေးဇူးပါ၊ မင်ကော။"
စောစောစီးစီး မှောင်ရီသန်းနေပြီဖြစ်ပြီး အဝေးမှ တောင်တန်းများကို မှုန်ရီရီသာ မြင်ရတော့သည်။ ညဘက် လေမထန်သလို ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်လှသည်။ ပထမထပ်မှ တစ်ခါတစ်ခါ ထွက်လာသည့် အသံများမှ လွဲပြီး အခြား ဘာအသံကိုမှ မကြားရ။
ရှရှင်းချန်၏ မျက်နှာနှင့် လက်များက အလျင်အမြန်ပင် အေးစက်လာတော့သည်။
ချန်းဟိုင်လန် တိုးလျလျပြောလာသည်။ "ငါတို့ 'နားနားနေနေ အားလပ်ရက်" ရိုက်တုန်းကနေ့တွေကို ပြန်တွေးမိတယ်။ နေ့တိုင်းလိုလို ဒီလို တိတ်ဆိတ်တဲ့နေရာတွေမှာ နေခဲ့ရတာ။ အဲ့တုန်းက ငါ ရှင်းချန်ကို စတွေ့တော့ ဒီကောင်လေးက နည်းနည်း လွမ်းလွမ်းဆွေးဆွေးဖြစ်နေတာပဲလို့ ခံစားမိလိုက်တယ်။"
"လွမ်းလွမ်းဆွေးဆွေး?" ရှရှင်းချန် ကြောင်အသွားသည်။ ချန်းဟိုင်လန် သူ့ကို ဒီလိုတွေးထားလေ့မယ်လို့ မထင်ထား။
ချန်းဟိုင်လန် ပြောလိုက်သည်။ "အင်း၊ အဲ့တုန်းက မင်း ဇာတ်ကားရိုက်ပြီးကာစလို့ ပြောတယ်လေ။ အမြဲတမ်းလိုလို မင်း ဘယ်သူ့ကိုမှလည်း စကားမပြောပဲ တစ်ယောက်တည်း ငြိမ်ငြိမ်ကုတ်ကုတ်လေး ထိုင်နေတာကို ငါ တွေ့တယ်။ မင်း ဘာတွေ တွေးနေလဲ ငါလည်း မသိတာမို့ ငါ့ဘက်ကပဲ စပြီး စကားပြောဖို့ လုပ်ခဲ့တယ်။"
ရှရှင်းချန် ထိုစကားများကြားချိန်မှာ ယန်ယိုမင်ဘက်ကို လှည့်ကြည့်လိုက်ပြီး ယန်ယိုမင်ကလည်း ချန်းဟိုင်လန်ကို ကြည့်နေမှန်း တွေ့လိုက်ရသည်။
ချန်းဟိုင်လန် ဆက်ပြောသည်။ "ဒီတစ်ခါတော့ မတူတော့သလို ငါ ခံစားရတယ်။ အရင်ကထက် ပိုပြီး တက်တက်ကြွကြွဖြစ်လာတယ်။"
ယန်ယိုမင် ခပ်တိုးတိုးအသံဖြင့် ပြောလိုက်သည်။ "အဲ့တုန်းက ဇာတ်ကား ရိုက်ပြီးကာစမလို့ပါ။"
ချန်းဟိုင်လန် သူ့ကို နားမလည်သလို ကြည့်လိုက်သည်။
ယန်ယိုမင် ရှရှင်းချန်ကို တစ်ချက်လှမ်းကြည့်ပြီးနောက် ပြောလိုက်သည်။ "သူ ဇာတ်ကောင်ထဲကနေ အပြီးအပိုင် မထွက်နိုင်သေးဘူး။"
ချန်းဟိုင်လန် နားလည်သွားသကဲ့သို့ ခေါင်းငြိမ့်ပြီး ဆက်ပြောသည်။ "အဲ့လိုကိုး။ မင်းပြောလာမှပဲ ငါ အဲ့ဇာတ်ကားအကြောင်းကို စိတ်ဝင်စားလာပြီ။ ဇာတ်သိမ်းက ဆိုးလို့လား။"
ရှရှင်းချန်ကို "မျောလွင့်နေသည့် အနာဂတ်" ဇာတ်ကားအကြောင်း ပြောလာသူမရှိသည်မှာ အတော်ကြာလှပြီ ဖြစ်သည်။ သူ ချန်းဟိုင်လန်စကားများဖြင့် ဇာတ်လမ်း၏ အဆုံးသတ်ရှိရာဆီကို ဆွဲခေါ်သွားခံလိုက်ရပြီး ရုတ်တရက်ဆိုသလို သူ့နှလုံးသားမှာ နစ်မြှပ်သွားတော့သည်။ အကူအညီမဲ့ခြင်း၊ အားကိုးရာမဲ့ခြင်းဟူသည့် နာကျင်ဖွယ် ခံစားချက်များက သူ့နှလုံးသားထဲ တစ်ဖန်ပြန်ပျံ့နှံ့လာတော့သည်။ ထို့ကြောင့် သူခေါင်းကိုသာ ငုံ့ထားပြီး ဘာမှပြန်မပြော။
ယန်ယိုမင် ပြောလိုက်သည်။ "အခွင့်ရရင် ငါ မင်းကို ဖိတ်လိုက်မယ်။ ကြည့်ပြီးရင် မင်းသိမှာပေါ့။"
ချန်းဟိုင်လန် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ "ဒါဆို ပြောပြီးပြီပဲ၊ ဇာတ်ကားထွက်လာရင် အတူသွားကြည့်ကြတာပေါ့။" ပြောပြီးသည်နှင့် သူပြောလိုက်သည်။ "ငါ အရင် ရေသွားချိုးလိုက်ဦးမယ်၊ အပြင်မှာ အရမ်းအေးတယ်။ မင်းတို့လည်း ဝင်ခဲ့တော့လေ။"
ယန်ယိုမင် သူ့ကို ပြောလိုက်သည်။ "မင်း အရင်ဝင်နှင့်။ ငါတို့ ခဏလောက် နေလိုက်ဦးမယ်။"
ရှရှင်းချန်ကတော့ ဘာမှ မပြော။ သူ ခေါင်းလှည့်ပြီး ချန်းဟိုင်လန် တံခါးဖွင့်ဝင်သွားပြီး တံခါးပြန်ပိတ်ပေးသွားတာကိုသာ ကြည့်နေလိုက်သည်။ မှန်တံခါးကို ဖြတ်ပြီး ကြားနေရသည့် အခန်းတွင်း လှုပ်ရှားမှုများက အလွန်ကို တိုးလျသည်။ သူ ချန်းဟိုင်လန် ကုတင်ပေါ် ပြင်ဆင်ကာ တင်ထားသည့် ညအိပ်ဝတ်စုံကို ကောက်ယူပြီး အခန်းအပြင်ဘက်ရှိ ရေချိုးခန်းသို့ လျှောက်သွားတာကိုသာ ကြည့်နေလိုက်ရသည်။
ချန်းဟိုင်လန် ရေချိုးခန်းထဲ ဝင်သွားပြီး တံခါးပိတ်သွားသည်နှင့် ရှရှင်းချန် အရှေ့တိုးပြီး သူ့ကို ဖက်ပေးရန် အသင့်အနေအထားဖြင့် စောင့်နေသည့် ယန်ယိုမင်ကို ပြေးဖက်လိုက်သည်။
ယန်ယိုမင် ရှရှင်းချန်ကို တင်းတင်းကြပ်ကြပ် ပြန်ဖက်ထားပြီး သူ့နဖူး ဘယ်ဘက်ကို ဖွဖွလေး နမ်းလိုက်သည်။ "ဘာလို့ မပျော်မရွှင်ဖြစ်နေတာလဲ။"
ရှရှင်းချန် သဲသဲကွဲကွဲ မရှိသော အသံဖြင့် ပြောလိုက်သည်။ "ဒီနေ့က နောက်ဆုံးညကို။"
ယန်ယိုမင် ရယ်သည်၊ သူ့ရင်ဘတ်က အနည်းငယ်မျှ တုန်ခါနေလေသည်။ "ပြန်သွားရင်လည်း မတွေ့ရတော့မှာမှ မဟုတ်တာ။"
ရှရှင်းချန် ဘာမှ ပြန်မပြော၊ သူ့မှာ ဖော်မထုတ်ပြချင်သည့် ခံစားချက်အချို့ ရင်ထဲ ရှိနေသေးသည်။ ဖန်းကျင်းယွမ်က ယွီဟိုင်ယန်၏လက်ကို ဆွဲမကိုင်နိုင်ဖို့ ကံကြမ္မာဖန်လာသည်ဟု သူ အမြဲခံစားခဲ့ရသည်။ သို့ပေမယ့် သူကတော့ ကွဲပြားသည်။ အနည်းဆုံး ဒီအချိန်လေးမှာတော့ သူ ယန်ယိုမင်၏လက်ကို ခိုင်ခိုင်မာမာ ကိုင်ဆွဲထားနိုင်သည်။
ယန်ယိုမင် အအေးဒဏ်ကြောင့် နီနေသည့် ရှရှင်းချန် မျက်နှာကို ထိလိုက်သည်။
ရှရှင်းချန် ခေါင်းမော့ပြီး ယန်ယိုမင်၏နှုတ်ခမ်းကို အတင်းအကြပ်နမ်းရှိုက်လိုက်သည်။
အေးစက်လှသည့် လေထုကြားထဲ တစ်ဖက်လူ၏ အသက်ရှုငွေ့နှင့် ခန္ဓာကိုယ်ကသာ နွေးထွေးလျက်ရှိနေသည်။ ရှရှင်းချန် ထိုအနွေးဓာတ်ကို အစွမ်းကုန်ကြိုးပမ်း သိမ်းယူနေမိသည်။ ယန်ယိုမင်၏ အနမ်းကလည်း တဖြည်းထက် တဖြည်း နက်ရှိုင်း၊ ပြင်းထန်လာသည်ကို သူ ခံစားမိနေသည်။ လက်တစ်ဖက်က သူ့ခါးပေါ်တွင် တင်လျက် နောက်တစ်ဖက်က လည်ဂုတ်ကို ထိန်းကိုင်ထားသည်မို့ သူ့မှာ နောက်ပြန်ဆုတ်ဖို့ နေရာလပ်တောင် ရှာမတွေ့။
ဖြစ်နိုင်ပါက ရှရှင်းချန် အခုချက်ချင်းကို ယန်ယိုမင်ကိုယ်ပေါ်မှ အင်္ကျီများကို ဆွဲချွတ်ဖို့ မစောင့်ချင်တော့။ သို့ပေမယ့် သူတို့အတွက် အချိန်ကော နေရာပါ မရှိ။ ထို့ကြောင့် သူတို့နှစ်ယောက်လုံး နမ်းရှိုက်ခြင်းဖြင့်သာ သူတို့၏ ပိုင်ဆိုင်လိုစိတ် ပြင်းထန်နေမှုကို လျော့ချနေရလေသည်။
ထို့နောက်မှာတော့ အချိန်ဘယ်လောက်ကြာသွားလဲ သူ မသိ။ ရှရှင်းချန် အလွန်တကာကို တိုးညှင်းလှသည့် တံခါးဖွင့်သံ 'ကလစ်' ဆိုပြီး ကြားလိုက်ရသည်။ သူ့အနားတစ်ဝိုက်ကပဲ အလွန်တိတ်ဆိတ်နေ၍လား၊ သူကိုယ်တိုင်ကပဲ စိုးထိတ်နေလို့လား မသိ၊ သာမန်ဆို ဒီလို တိုးလျနေသည့်အသံမျိုးကို ကြားလိုက်မှာ မဟုတ်ပေမယ့် အခုအချိန်မှာတော့ သူ ချန်းဟိုင်လန် ရေချိုးပြီး ထွက်လာမှန်း သိလိုက်လေသည်။
သူ မျက်လုံးများကို ပြူးကျယ်အောင် ဖွင့်လိုက်မိသည်။ ချန်းဟိုင်လန်သာ ထွက်လာပါက သူတို့နှစ်ယောက် လေသာဆောင်မှာ လုပ်နေသည်မှာကို တစ်ချက်ဝေ့ကြည့်ရုံနှင့် မြင်နိုင်လောက်သည်။
သို့ပေမယ့် ယန်ယိုမင် သူ့ကို မလွှတ်ပေး၊ ထိုအစား သူ အနောက်ကို နှစ်လှမ်းမျှ ဆုတ်ကာ ထောင့်တွင် ပုန်းနေလိုက်သည်။
ယန်ယိုမင် သူ့ကို နမ်းနေရင်း မှန်တံခါးပေါက်ဘက်အား မျက်လွှာပင့်ကြည့်နေသည်ကို ရှရှင်းချန် မြင်လိုက်သည်။ တံခါးကို ကျောပေးထားရသည့် ဒီနေရာမှ ရှရှင်းချန် ဘာကိုမှ မမြင်ရပေ။ ထို့ကြောင့် သူ ယန်ယိုမင်ကိုသာ အလုံးစုံ မှီခိုထားရတော့သည်။ သူ့နှလုံးခုန်သံက ပြင်းထန်လာပြီး သူ့အသက်ရှုနှုန်းကလည်း မမှန်တော့။
ယန်ယိုမင်က သူ့လက်ချောင်းများဖြင့် သူ့နားရွက်များကို ပွတ်သပ်ပေးနေဆဲ။
ရှရှင်းချန် ယန်ယိုမင်၏အင်္ကျီစကို သူ့လက်ချောင်းများဖြင့် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားမိသည်။
ရုတ်တရက်ဆိုသလို ယန်ယိုမင် သူ့ကို လွှတ်ပေးလိုက်ပြီး တိုးလျလျ အသံဖြင့် ပြောလာသည်။ "သူ လာပြီ။"
ရှရှင်းချန် ရုတ်ချည်း ပျော့ခွေသွားတာမို့ တစ်ဖက်လှည့်ကာ လက်ရန်းကို မှီထားလိုက်ရသည်။ သူ့နှလုံးသားကလည်း စိတ်လှုပ်ရှားမှု၊ ထိတ်လန့်ရမှုတို့ကြောင့် ပြင်းပြင်းထန်ထန် ခုန်ပေါက်နေသည်။ သူ ခေါင်းကို လက်မောင်းများကြား ဝှက်ထားရင်း အသက်ရှူနေလိုက်ရသည်။
ချက်ချင်းဆိုသလိုပဲ သူ့ဘေးမှ မှန်တံခါး ဆွဲဖွင့်သံကို ကြားလိုက်ရသည်။ ချန်းဟိုင်လန် တံခါးပေါက်မှာ ရပ်ရင်း ပြောလာသည်။ "အမြန် အထဲဝင်တော့၊ ဒီထက်ကြာကြာနေရင် ဖျားလေ့မယ်။"
ထို့နောက်မှာ ယန်ယိုမင် သူ့ပခုံးပေါ် လက်တင်လာတာကို ခံစားလိုက်ရသည်။ တည်တည်ငြိမ်ငြိမ်အသံဖြင့် သူ ဖြည်းဖြည်းချင်း ပြောလာသည်။
"အထဲဝင်ရအောင်၊ ရှင်းချန်။"
KittyKitling