နောက်နေ့မနက်၊ ယန်ယိုမင်နှင့် ရှရှင်းချန် ဟော်တယ်၌ မနက်စာစားပြီးနောက် ကားဖြင့်ထွက်ခွါဖို့လုပ်လိုက်သည်။
လီယွမ်က သူတို့နှစ်ယောက်ကို ဟော်တယ် ဝင်ပေါက်အထိ လိုက်ပို့ပြီး ကားငှါးပေးခဲ့ပေမယ့် သူတို့နှင့်တော့ အတူလိုက်မလာ။
ဟော်တယ်အခန်းမှ ထွက်လာကတည်းက ရှရှင်းချန် ဦးထုတ်နှင့် mask ဝတ်ထားပြီး ယန်ယိုမင်ကလည်းနေကာမျက်မှန် ဝတ်ထားတာတောင်မှ သူတို့ကို လူအများအပြား မှတ်မိကြဆဲ။ ကားပေါ်မတက်ခင် သူတို့နှစ်ယောက်အား ဖုန်းဖြင့် ဓာတ်ပုံလှမ်းရိုက်ယူနေတာကို ရှရှင်းချန် မြင်လိုက်ရသည်။ သူ ဟွမ်းကျီစင်းရဲ့အပ်ကြောင်းထပ်အောင် ဆိုဆုံးမညွန်ကြားမှုများကို တွေးမိပြီး အကြောင်းအရင်းမရှိ ထိတ်ပျာသွားမိသည်။
သူ အဲ့ဘက်နေရာကို ငေးကြည့်နေတုန်း ယန်ယိုမင် သူ့အနောက်မှ အမြန်ဝင်ဖို့ လောဆော်နေတာကို ကြားလိုက်ရပြီးနောက် သူ ခေါင်းငုံ့ကာ ကားထဲဝင်ထိုင်လိုက်သည်။
ယန်ယိုမင် သူ့အနောက်မှ လိုက်ဝင်လာပြီး ကားဆရာက အပြင်မှ တံခါးပိတ်ပေးလိုက်သည်။
ကားအတွင်းက ကျယ်ကျယ်ပြန့်ပြန့်ရှိလှပြီး အပူပေးစက်ကလည်း ကောင်းကောင်းအလုပ်လုပ်နေသည်။ ရှရှင်းချန်ဦးထုတ်၊ maskများကို ဆွဲချွတ်ပြီး သူ့ဘေးမှာ ထိုင်နေသည့် ယန်ယိုမင်ကို ကြည့်ရင်း ပြောလိုက်သည်။
"ကျွန်တော် တစ်ယောက်ယောက် ဓာတ်ပုံလှမ်းရိုက်တာကို မြင်လိုက်တယ်။"
ယန်ယိုမင် သူ့နေကာမျက်မှန်ကို ချွတ်ပြီး အပေါ်ဝတ်ဂျက်ကပ်၏ အိတ်ကပ်ထဲ ထည့်ရင်း ပြောလိုက်သည်။"အသားမကျသေးဘူးလား။"
ရှရှင်းချန် မနေနိုင်ပဲ ပြောလိုက်မိသည်။ "ကောနဲ့အတူရှိနေချိန်ဆို မတူဘူး။"
ယန်ယိုမင် ဘာမှပြန်မပြောပဲ ကားမောင်းသမားရှိသည့်ဘက်ကိုသာ တစ်ချက်လှမ်းကြည့်လိုက်သည်။ ရှရှင်းချန်လည်း ထိုအကြောင်းကို ဆက်ပြောခြင်း မရှိတော့။
သူတို့နှစ်ယောက်လုံး အပေါ်ဝတ်ကို ဆွဲချွတ်လိုက်သည်။ ဒီနေ့ ယန်ယိုမင် လည်ပင်ဖုံးဆွယ်တာဝတ်ထားသည်။အကြောင်းကား သူ မနက်နိုးချိန်တွင် သူ့လည်ပင်းတစ်ခုလုံးက အမှတ်ရာများ ဟိုတစ်ကွက်၊ ဒီတစ်ကွက်ရှိနေခြင်းကြောင့်ရယ် သူ့နောက်ကျောနှင့် ပခုံးတစ်ဝှက်တွင် ရှရှင်းချန် ဆွဲကုတ်ခြင်းကြောင့် ဖြစ်လာသည့် ဒဏ်ရာအသေးလေးများ ရှိနေတာကြောင့် ဖြစ်သည်။
ရှရှင်းချန် ရေချိုးပဝါလှမ်းဖို့ ရေချိုးခန်းထဲ ဝင်လာချိန် ယန်ယိုမင်က မှန်ကြည့်လျက်ရှိနေသည်။ ယန်ယိုမင် သူ့ပခုံးပေါ်မှ သွားကိုက်ရာကို လက်ညှိုးဖြင့် ဖိထားရင်း ရှရှင်းချန်ကို မှန်ထဲမှ တစ်ဆင့် လှမ်းကြည့်လာသည်။
ရှရှင်းချန် ရှက်ရွံ့မှုအနည်းငယ်ဖြင့် အပြင်ပြန်ထွက်သွားပေမယ့် အပြင်ရောက်သွားချိန်တွင်တော့ စိတ်ထဲကျေနပ်မှုသိပ်မရှိ။ သူ ယန်ယိုမင်ကို စေ့စေ့စပ်စပ် ပြန်လှည့်ကြည့်ရင်း ပြောလိုက်သည်။
"အဲ့ဒါ ကျွန်တော့်အပိုင်ဆိုပြီး အမှတ်ပေးတာ။"
သူ ပြောပြီးသည်နှင့် ထွက်သွားချင်ပေမယ့် ယန်ယိုမင် သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲရင်း ရေချိုးခန်းအတွင်းသို့ဆွဲခေါ်လိုက်သည်။ ယန်ယိုမင် သူ့ကို ဖက်ထားလျက် ဘေစင်ပေါ် မတင်ပေးပြီး ထိုင်စေသည်။ ထို့နောက်မှာတော့သူ့ကော်လံကို ဆွဲဖွင့်ကာ ဖြူဖျော့ဖျော့ လည်ပင်းသားလေးကို ပေါ်လာစေပြီး နာနာကိုက်ချဖို့ လုပ်လိုက်သည်။
ယန်ယိုမင် တကယ်ကိုက်ချတော့မည်ဟု ရှရှင်းချန် တွေးထင်မိသွားတာမို့ အနာဒဏ်ကို ကြံ့ကြံ့ခံဖို့ မျက်လုံး စုံမှိတ်ထားပေမယ့် အဆုံးသတ်မှာတော့ သူ့ကိုယ်ပေါ်ကို အနမ်းဖွဖွတစ်ခုသာ ကျရောက်လာသည်။
ယန်ယိုမင် နှုတ်ခမ်းပါး ဖယ်ခွါသွားချိန်တွင် သူနမ်းခဲ့သည့် နေရာကို ငေးစိုက်ကြည့်နေရင်း နူးနူးညံ့ညံ့ပြောလာသည်။ "အမှတ်အသား လုပ်ထားလိုက်ပြီ။"
ရှရှင်းချန် ခေါင်းလှည့်ပြီး သူ့ကို ကြည့်လိုက်ချိန်တွင် သူ့အမူအရာက စူးစိုက်မှုအပြည့်ဖြင့် ငြင်ငြင်သာသာရှိလှသည်ကို မြင်လိုက်ရသည်။ သူ့နှလုံးခုန်သံက ရုတ်တရက်ဆိုသလို ကဆုန်ပေါက်လာပြီး ယန်ယိုမင်က သူ့ကိုယ်ပေါ်တွင် အမှန်တကယ်ကို အမှတ်မှတ်ထားလိုက်သည့်အလား သူ့တကိုယ်လုံး အချိန်ခဏလေးအတွင်ကို အပူတက်လာတော့သည်။
အခု ပြန်တွေးမိသွားချိန်မှာတော့ ရှရှင်းချန် အဝတ်အပေါ်မှ သူ့ညှပ်ရိုးနားကို ထိစမ်းကြည့်ရင်း ရုတ်တရက်ဆိုသလိုသူ့နှလုံးသားထဲ အတွေးတစ်ခု ဝင်ရောက်လာသည်။
ယန်ယိုမင်က ထိုင်ခုံ နောက်မှီလှဲရင်း မျက်လုံးမှိတ်ကာ အနားယူနေသည်။
ရှရှင်းချန် စိတ်အခြေအနေက ကောင်းမွန်နေဆဲပင်။ သူ ယန်ယိုမင် ကော်လံကို အောက်အနည်းငယ်ဆွဲချပြီးလည်ပင်းမှ အမှတ်များကို ကြည့်ဖို့ လက်ဆန့်ထုတ်လိုက်သည်။
ယန်ယိုမင်က သူ့မျက်လုံးများကို မှိတ်ထားလျက် လက်မြှောက်ပြီး ရှရှင်းချန်လက်ကို ဆုပ်ကိုင်လိုက်သည်။ထို့နောက် သူ့ပေါင်ပေါ်တင်ကာ လက်ကို ခပ်ဖွဖွ ဆွဲညှစ်ရင်း ပြောလိုက်သည်။
"ခဏ နားလိုက်၊ လိမ္မာတယ်။"
ရှရှင်းချန် အရှေ့ခုံတွင် ထိုင်နေသည့် ကားဆရာကို လှမ်းကြည့်လိုက်ပြီး မျက်လုံးမှိတ်ကာ ခုံနောက်ကို မှီချလိုက်သည်။ ထို့အပြင် သူ ယန်ယိုမင် လက်သန်းလေးကိုသာ သူ့လက်သန်းလေးဖြင့် ချိတ်ကိုင်ထားလိုက်သည်။
ကားက တစ်နာရီကျော်အောင် မောင်းပြီးနောက်မှာတော့ မြို့ထဲမှ ထွက်လာပြီး မြို့အပြင်ပိုင်းရှိ တောင်ပေါ်လမ်းကိုမောင်းတက်သွားသည်။ တောင်က မြင့်မားလှသည်တော့မဟုတ်ပေမယ့် တောင်ထိပ်ပိုင်းတွင် နှင်းများ မြင်နေရသေးသည်။ တောင်ပေါ်တက်ရာလမ်းက လူသွားလူခြေအရမ်းပြတ်ပြီး လမ်းနှစ်ဘက်လုံးရှိ ထူထပ်အုံ့ဆိုင်းနေသည့်သစ်ပင်များမှ လွဲလျှင် ကျန်နေရာများတွင် နံရံတံတိုင်းဖြင့် ကာခြားထားသည့် ကိုယ်ပိုင်ခြံဝင်းတစ်ခုကိုသာ တွေ့နေရသည်။
ရှရှင်းချန် ကားမှန်မှ ကြည့်နေရင်း ကားလမ်းမဘေးတွင် ရပ်ထားသည့် ကားနက်တစ်စီးကို တွေ့လိုက်ရသည်။ သူတို့ကားလည်း အရှိန်စတင်နှေးလာပြီး ထိုကားအနားတွင် ရပ်တန့်သွားသည်။
ကားရပ်သွားသည်နှင့်တပြိုင်နက် ယန်ယိုမင်က ကားဆရာ ကားထဲမှမထွက်ခင် အရင်ထထွက်လိုက်သည်။ သူအပေါ်ဝတ်ကို ကောက်ဝတ်ရင်း ကားတံခါးကို ဆွဲဖွင့်ကာ ထွက်ပြီးနောက် တံခါးအနားတွင် ရပ်လျက် ရှရှင်းချန်ရှိရာဆီသို့ လက်ဆန့်တန်းပေးလာသည်။
ရှရှင်းချန် သူ့လက်ကို ကိုင်ထားရင်း ကားပေါ်မှ ခုန်ထွက်လိုက်သည်။ သူတို့ ကားအပြင်ရောက်သည်နှင့် နှစ်ယောက်လုံး လက်ကိုင်ထားသည်ကို လွှတ်လိုက်ရသည်။ အကြောင်းကား သူတို့၏ အရှေ့က ကားမှ လူနှစ်ယောက်ထွက်လာပြီး တစ်ယောက်က ချန်းဟိုင်လန်ဖြစ်ကာ နောက်တစ်ယောက်က ချင်းရွှဲယွဲ့ဖြစ်နေသည်။။
ချင်းရွှဲယွဲ့၏ အဖြူရောင် အပေါ်ဝတ်လေးကို စကပ်ရှည်တစ်ထည်နှင့် တွဲဝတ်ထားပြီး စကပ်နှင့် ရှုးဖိနပ်ကြားတွင်ခြေသလုံးသားအနည်းငယ်သာ လစ်ဟနေသည်။ သူမ ရှရှင်းချန်ကို မြင်လိုက်ချိန်တွင် အံ့အားတကြီး ဖြစ်သွားပြီးရှရှင်းချန်အနား အပြေးလာတော့သည်။
"ရှင်းချန်၊ အကို ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ။"
သူမ ရှရှင်းချန် အရှေ့ကို အပြေးသွားလိုက်သည်။ ရှရှင်းချန် သူမကို ခပ်ဖွဖွဖက်ကာ ကျောပုတ်ပေးပြီးနောက်လက်ပြန်ရုတ်ရင်း ပြောလိုက်သည်။
"ကိုယ် မင်ကောနဲ့ အတူလာတာ။" ယန်ယိုမင် ဘယ်သူနှင့်တွေ့ဖို့ သူ့ကို ခေါ်သွားတာလဲဆိုတာတောင် သူမသိ။
ချန်းဟိုင်လန်လည်း အနားလျှောက်လာပြီး လက်မြှောက်ကာ ရှရှင်းချန်ကို လက်ယမ်းပြသည်။
"ရှင်းချန်ကော ပါလာတာလား။"
ထို့နောက် သူ ချင်းရွှဲယွဲ့ဘက်လှည့်ပြီး ပြောလိုက်သည်။ "ရှောင်းယွဲ့၊ မင်ကောကတော့ မိတ်ဆက်ပေးစရာ မလိုဘူးမလာ။"
ချင်းရွှဲယွဲ့ ခေါင်းမော့ပြီး ယန်ယိုမင်ကို ကြည့်လိုက်သည်။ ပြုံးခဲသည့် ရှက်ကို့ရှက်ကန်းအပြုံးမျိုးဖြင့် သူမနှုတ်ဆက်လာသည်။
"တွေ့ရတာ ဝမ်းသာပါတယ်၊ မင်ကော။" [Ming Ge Hao]
ယန်ယိုမင်လည်း ယဉ်ယဉ်ကျေးကျေး ခေါင်းငြိမ့်ပြလိုက်သည်။
ချန်းဟိုင်လန် အနားကပ်လာပြီး ပြောလိုက်သည်။ "ကျင်းယွမ်က မနက်စောစော ငါ့ကို ဖုန်းခေါ်ပြီး ငါနဲ့အတူ ရှောင်းယွဲ့ကိုပါ ခေါ်ခဲ့ပေးဖို့ ပြောလာတယ်။ ငါ ရှင်းချန်ပါ လာလိမ့်မယ်လို့ မထင်ထားဘူး။ သူတို့လူငယ်တွေအချင်းချင်းခဏနေကျ ပျော်ပါးလို့ရသွားတာပေါ့။"
ယန်ယိုမင် ပြောလိုက်သည်။ "သူ မြင်ဖူးရအောင် ငါ ခေါ်လာတာ။"
ချန်းဟိုင်လန်က သူတို့တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးမှန်း သိနေတာမို့ အံ့ဩခြင်း မရှိ၊ သို့ပေမယ့် ချင်းရွှဲယွဲ့ကတော့ ယန်ယိုမင်ကို စပ်စပ်စုစုမျက်လုံးများဖြင့် ကြည့်နေတော့သည်။
ဒီတစ်ကြိမ်မှာတော့ ယန်ယိုမင် ချန်းဟိုင်လန်ကို ပြန်မေးလိုက်သည်။ "မင်းမိန်းမကော မင်းနဲ့အတူ မလာဘူးလား။"
ချန်းဟိုင်လန် ပြောလိုက်သည်။ "သူ့အလုပ်ကနေ ထွက်လာလို့မရဘူး။"
ထို့နောက် သူ အရှေ့မှ တောင်တက်လမ်းကို ကြည့်ပြီး ပြောလိုက်သည်။ "အဲ့ကို ဆယ်မိနစ်လောက်ဆိုရောက်ပြီ။"
ချင်းရွှဲယွဲ့ ရုတ်တရက် ရှရှင်းချန် လက်ကို ကိုင်ပြီး အရှေ့ဆွဲခေါ်သွားရင်း ပြောလိုက်သည်။ "သွားမယ်၊ ညီမတို့ကားနဲ့ လိုက်ခဲ့။"
ရှရှင်းချန် တုံ့ဆိုင်းခြင်းတောင်မရှိပဲ သူမ အပြောကို ငြင်းလိုက်သည်။ "ကိုယ် မလိုက်ဘူး၊ ကိုယ် ဒါနဲ့ပဲ စီးလိုက်ခဲ့မယ်။"
ယန်ယိုမင် ချင်းရွှဲယွဲ့ တင်းတင်းကြပ်ကြပ်ကိုင်ထားသည့် ရှရှင်းချန်လက်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ချင်းရွှဲယွဲ့က အလျော့မပေးချင်သေး။ ချန်းဟိုင်လန် အနားရောက်လာပြီး ချင်းရွှဲယွဲ့ ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။ "ခဏနေရင် ရောက်တော့မှာပဲ။ ရှင်းချန်က မင်ကောနဲ့ တစ်ကားတည်းအတူလိုက်လာမှာပဲကို။ သူတို့ရောက်တဲ့အချိန်ကျ မင်း သူ့ကို တောင်တက်ခေါ်သွားလိုက်လေ၊ ဟုတ်ပြီလား။"
ချန်းဟိုင်လန် ပြောတာကို နားထောင်ပြီးကာမှ ချင်းရွှဲယွဲ့ လွှတ်ပေးလာသည်။
ရှရှင်းချန် ယန်ယိုမင်အနားကို ပြန်ရောက်လာပြီး ပြောလိုက်သည်။ "မင်ကော၊ ကားထဲဝင်ရအောင်။"
KittyKitling