ထို့နောက်မှာတော့ ရှရှင်းချန် ယန်ယိုမင် ရင်ခွင်ထဲ ခွေခွေလေး တိုးဝင်ရင်း ခဏတဖြုတ် ပြန်အိပ်လိုက်သည်။ ဒီတစ်ခေါက်တွင်တော့ သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး သူ တဖန်ပြန်နိုးလာချိန်တွင် ယန်ယိုမင်က အိပ်ရာထပြီးနေပြီ ဖြစ်သည်။
ယန်ယိုမင်က အပြာနုရောင် လည်ဝိုက်ဆွယ်တာလေးနှင့် အညိုဖျော့ရောင် ဘောင်းဘီကို တွဲဖက်ဝတ်ထားသည်။ သူ ခြေရင်းနားတွင် ခြေတစ်ဖက်ချိတ်ကာ ထိုင်နေပြီး သူ၏ဖြူဖွေးနေသည့် ခြေချင်းဝတ်က ဘောင်းဘီအပြင်ဘက်သို့ ထွက်နေသည်။ သူ ခါးအနည်းငယ်ကိုင်း၊ ခေါင်းငုံ့ကာ ဖုန်းနှင့် စာရိုက်နေသည်။
အမှောင်ချ ပိတ်စည်းထားသည့် အခန်းလိုက်ကာက အနည်းငယ်မျှ လှစ်ဟထားပြီး နွေးထွေးလှသည့် အဝါရောင်နေရောင်ခြည်တန်းများသည် ယန်ယိုမင်ထိုင်နေသည့် နေရာကို ဖြန့်ကျဲကျနေပြီး သူ့အား လုံးဝ လွှမ်းခြုံထားလေသည်။ သူ့ဆွယ်တာနှင့် ဆံပင်က နေရောင်ကြားထဲတွင် နူးညံ့ပွရွကာ ဝေဝါးဝါး ဖြစ်နေစေသည်။ လူတကိုယ်လုံးထံမှ နူးညံ့ကြင်နာမှုဆိုသည့် အငွေ့အသက်များက မူးနောက်ဖွယ် ထုတ်လွှင့်နေသည်။
ရှရှင်းချန် သူ၏ ပြီးပြည့်စုံလှသည့် မျက်နှာကျပုံစံကို ကြောင်တတငေးကြည့်နေပြီးမှ မနေနိုင်စွာ ရယ်မိသွားသည်။
ထိုအချိန်မှာပဲ ယန်ယိုမင် သူ့ဘက်ကို ခေါင်းလှည့်ကြည့်လာပြီး ဖုန်းဘေးချလျက် မေးလိုက်သည်။
"ဘာတွေကို ရယ်နေတာလဲ။"
ရှရှင်းချန် အခုချိန်ထိ ဘာအဝတ်အစားမှ ဝတ်ထားခြင်း မရှိသေး။ သူ့စောင်အတွင်းမှ လက်ဆန့်ထုတ်ရင်း ပြောလိုက်သည်။
"ကျွန်တော် မယုံနိုင်သေးဘူး။ ကျွန်တော် ယန်ယိုမင်နဲ့ အတူ အိပ်ခဲ့တယ်တဲ့။"
ဒီစကားများ ကြားချိန်မှာတော့ ယန်ယိုမင်ပါ ရယ်သွားသည်။ သူ ပြောလာသည်။
"အိပ်ရတာနဲ့ ပတ်သတ်ပြီး ကျေနပ်မှုရှိရဲ့လား။"
ရှရှင်းချန် သူ ဒီလိုမေးခွန်း မေးလာမယ်လို့ မျှော်လင့်မထားမိခဲ့။ ရုတ်တရက် သူ အနည်းငယ်မျှ ရှက်ရွံ့သွားပေမယ့်လူဆိုးလေးပုံစံအယောင်ဆောင်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။ သူ စောင်အတွင်း ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီးမှချုပ်တည်းမရအောင် သာယာခဲ့ခြင်းများကို ပြန်အမှတ်ရလာတော့သည်။
ယန်ယိုမင် သူ့ကို ကြည့်နေဆဲဖြစ်ပြီး ထို့နောက်တွင်တော့ မေးလိုက်သည်။ "မင်း ဗိုက်ဆာနေလား၊ တစ်ခုခု စားချင်လား။"
ရှရှင်းချန် ရုတ်တရက် အခြားတစ်စုံတစ်ခုကို အမှတ်ရသွားသည်။ သူ ဘေးလှည့်ပြီး အိပ်ရာဘေး စားပွဲပေါ်မှ ဖုန်းကို ရှာလိုက်ချင်ပေမယ့် ရှာမတွေ့။ သူ ယန်ယိုမင်ကို မေးလိုက်သည်။
"အခု ဘယ်အချိန်ရှိပြီလဲ။"
ယန်ယိုမင် သူ့အားပြောလိုက်သည်။ "၁၂ထိုးခါနီးပြီ။"
ရှရှင်းချန် ချက်ချင်းဆိုသလို ထထိုင်မိသွားသည်၊ ဒါ နေ့ခင်းအချိန်တောင် ရှိတော့မယ်။ သူ ဒီနေ့ အခြား အစီအစဉ်များတော့ မရှိ။ သူ အစက နေ့လည်ပြန်ဖို့ လက်မှတ်ဝယ်ထားပေမယ့် ယန်ယိုမင် အခန်းထဲ ရောက်သွားခြင်းနှင့်အဆုံးသတ်သွားသည်။ ဒီအချိန်ရောက်သည်အထိ အိပ်ပျော်သွားမိတာ၊ ဟွမ်းကျီစင်းကတော့ သူ့ကို လိုက်ရှာရင်းရူးချင်နေလောက်ပြီ။
သူ စောင်ကိုမရင်း ကုတင်အပြင်သို့ ထွက်လိုက်သည်။ သူ ကော်ဇောပေါ် ခြေချချိန်တွင် သူ့ခြေထောက်များကအနည်းငယ်ပျော့ခွေသွားသည်။ သူ ဒီလို သာယာမှု၌ မွေ့ပါးပျော်ရွှင်တာမျိုး မလုပ်ဖြစ်တော့တာ အတော်ကြာလှပြီ။
ကြမ်းပြင်ပေါ် ပြန့်ကျဲကျနေသည့် အဝတ်များကို ယန်ယိုမင် ကောက်ထားပြီးဖြစ်သည်။ ဒီအချိန်မှာတော့ အိပ်ရာဘေး ထိုင်ခုံပေါ်တွင် ထိုအဝတ်များအား သပ်သပ်ရပ်ရပ် ခေါက်တင်ထားသည်။ ရှရှင်းချန် ဖုန်းကို ရှာဖို့ အိတ်ကပ်များကို ထိကြည့်လိုက်ပေမယ့်လည်း မရှိ။
ယန်ယိုမင် သူ့လှုပ်ရှားမှုများကို ကြည့်နေရင်း ပြောလိုက်သည်။ "ကိုယ် မင်းဖုန်းကို မတွေ့မိဘူး။"
ရှရှင်းချန် ပြန်တွေးကြည့်ရင်း မနေ့ညက ဒီလာချိန် သူ့ဖုန်းကို မယူခဲ့ခြင်း ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။ ဒီတစ်ကြိမ်မှာတော့ ဟွမ်းကျီးစင်း တကယ်ရူးသွားလောက်ပြီလို့ သူ ခံစားမိနေသည်။
ယန်ယိုမင် သူ၏ ပျာယာခတ်နေတဲ့ မျက်နှာအမူအရာကို ကြည့်ပြီး ပြောလိုက်သည်။ "လီယွမ် ကိုယ့်ကို အခုလေးတင် ဖုန်းခေါ်လာတယ်။ သူက မင်းအေးဂျင့် မင်းကို လိုက်ရှာနေတယ်ဆိုတာရယ်၊ သူ့ဆီရောက်လာပြီး ကိုယ်မင်းကို တွေ့လိုက်သေးလားဆိုတာကော မေးလာတယ်တဲ့။"
ရှရှင်းချန် ယန်ယိုမင်အား လှည့်ကြည့်လိုက်သည်။
ယန်ယိုမင် ဆက်ပြောသည်။ "မင်းက ကိုယ်နဲ့အတူ ရှိနေတယ်လို့ မင်းအေးဂျင့်ကို လီယွမ်ကနေတစ်ဆင့် ပြောခိုင်းလိုက်တယ်။"
သူ့စကားဆုံးရုံရှိသေး၊ သူတို့နှစ်ယောက်လုံး တံခါးခေါက်လာသံကို တပြိုင်နက်ထဲ ကြားလိုက်ရသည်။
ယန်ယိုမင် အိပ်ယာပေါ်မှ ထရပ်ကာ ရှရှင်းချန်ကို ပြောလိုက်သည်။ "အင်္ကျီ ဝတ်ထား။"
ထို့နောက် သူ အပြင်ဘက် လျှောက်ထွက်သွားလိုက်သည်။
ရှရှင်းချန်မှာ လဲဝတ်စရာအဝတ်အစားသစ်မရှိ၊ ထို့ကြောင့် သူ မနေ့က ဆုပေးပွဲတက်ချိန် ဝတ်ခဲ့သည့် အင်္ကျီကိုသာပြန်ဝတ်လိုက်သည်။
သူ အင်္ကျီဝတ်နေချိန်အတွင်း ယန်ယိုမင် အပြင်လျှောက်ထွက်သွားပြီး တံခါးဖွင့်လိုက်သံနှင့် ထွက်ပေါ်လာသည့် ဟွမ်းကျီစင်း အသံတို့ကို ရောထွေးကြားလိုက်ရသည်။ နံရံခြားထားခြင်းကြောင့် ဘာကိုမှတော့ သေချာ မကြားရ။
သူ ဘောင်းဘီ၊ ရှပ်အင်္ကျီများ ဝတ်ဆင်ပြီးသည်နှင့် အခန်းထဲမှ ထွက်လာလိုက်သည်။ ယန်ယိုမင်အနောက်မှ သူပေါ်လာသည်ကို မြင်တာနှင့် ဟွမ်းကျီစင်း မျက်မှောင်ကြုတ်သွားသည်။
ယန်ယိုမင် ပြောလိုက်သည်။ "အထဲဝင်လာပြီး ပြောလေ။"
သူတို့ထဲ အပြင်လူ မြင်သွားတာကို လိုချင်တဲ့သူ တစ်ယောက်မှ မရှိ။
ဟွမ်းကျီစင်း အထဲဝင်လာပြီး တံခါးပိတ်လိုက်သည်။ သူ သိသိသာသာကို ဒေါသထွက်နေပေမယ့် ချုပ်တည်းထားဖို့အတော်ကို ကြိုးစားနေလေသည်။ သူ ရှရှင်းချန်ကို ပြောလိုက်သည်။
"ငါတို့ လေဆိပ်ကို သွားဖို့ အချိန်ရသေးတယ်။"
ရှရှင်းချန် သူ့ကို ပြန်မဖြေ၊ သို့ပေမယ့် သူ ယန်ယိုမင်ကို ကြည့်ရင်း စိုးရိမ်မှုစွက်သောအသံဖြင့် မေးလိုက်သည်။
"မင်ကော၊ ဘယ်အချိန်ပြန်မှာလဲ။"
ယန်ယိုမင် သူ့ကို ပြောလိုက်သည်။ "ကိုယ် သန်ဖက်ခါအတွက် လတ်မှတ်ဖြတ်ထားပြီးပြီ။"
ထို့နောက် သူ့ကို ငေးကြည့်နေဆဲဖြစ်သည့် ရှရှင်းချန်ကို ကြည့်ရင်း ထပ်စောင်းပြောလိုက်သည်။
"ကိုယ် ဒီကြားထဲနှစ်ရက် ဒီမှာပဲနေရလေ့မယ်။"
ရှရှင်းချန် ဟွမ်းကျီစင်းကို ပြောလိုက်သည်။ "ကျွန်တော့်လတ်မှတ်ကို သန်ဖက်ခါ ကူပြောင်းပေးပါလား။"
နေရာမှာတင် ဟွမ်းကျီစင်း မျက်နှာက ဖုံးကွယ်လို့တောင်မရ၊ ကွက်ကနဲ ပျက်သွားသည်။ သူ ပြောလိုက်သည်။
"မင်း အခန်းကို ပြန်လိုက်ခဲ့။ ငါ မင်းကို ပြောစရာ ရှိတယ်။"
ရှရှင်းချန် ပြောလိုက်သည်။ "မလိုက်ဘူး။"
"ရှရှင်းချန်!" အကယ်၍ ယန်ယိုမင်သာ သူ့အရှေ့မှာ မရှိပါက ဟွမ်းကျီစင်း သူ့လက်သီးကို သုံးပြီးနေလောက်ပြီ။
ရှရှင်းချန် သဘောထားက မကြုံစဖူး ခိုင်မာနေသည်။ "ကျွန်တော် မပြန်ဘူး။"
သူ ဖော်ပြလို့မရသည့် အလျှော့မပေးချင်စိတ် အနည်းငယ်ရှိနေသည်။ သူ "ထွက်မသွားဘူး"ဟု ယန်ယိုမင်ကို ပြောချိန်က ယန်ယိုမင် သူ့ကို "ကောင်းပြီ"ဟု ပြန်ဖြေလာသည်။ သို့ပေမယ့် သူ ဒီအခန်းထဲက ထွက်သွားတာနှင့် ယန်ယိုမင် သူ့ကို အခွင့်အရေး ထပ်မပေးတော့မှာကို တွေးကြောက်နေမိသည်။
ဟွမ်းကျီစင်း သူ့ဒေါသထွက်နေခြင်းကို ထိန်းချုပ်ထားရသည်။
ထိုအချိန်မှာပဲ ယန်ယိုမင် ပြောလာသည်။ "ကိုယ် အပြင်သွားပြီး လီယွမ်ကို တစ်ခုခုစားဖို့ ဝယ်ခိုင်းလိုက်ဦးမယ်။မင်းတို့ တစ်ခုခုပြောစရာ ရှိတယ်ဆို ဒီမှာပဲ ပြောကြလေ။"
ပြောပြီးနောက် သူ အိပ်ခန်းအတွင်း ဝင်သွားပြီး အပေါ်ထပ် ကုတ်အင်္ကျီကို ယူကာ အပြင်ကို ပြန်ထွက်လာပြီး ရှရှင်းချန် ဘေးမှ ဖြတ်သွားလိုက်သည်။ ဒီတစ်ခါမှာတော့ သူ ရှရှင်းချန် ပခုံးကို ဖွဖွလေး ပုတ်သွားသည်။
ယန်ယိုမင် သူတို့နှစ်ယောက်အတွက် နေရာဖယ်ပေးမှန်း ဟွမ်းကျီစင်း သိတာမို့ ကျေးဇူးတင်ကြောင်းပြဖို့ ယန်ယိုမင်ကို ခေါင်းငြိမ့်ပြလိုက်သည်။
ယန်ယိုမင် ဘာမှ မပြောပဲ တံခါးဖွင့်ပြီးသာ အပြင်ထွက်သွားသည်။
ယန်ယိုမင် ထွက်သွားသည်နှင့် ဟွမ်းကျီစင်း ရှရှင်းချန်ကို ရုတ်ချည်းဆိုသလို အော်ပြောတော့သည်။
"မင်း အခုချက်ချင်း ငါနဲ့ ပြန်လိုက်ခဲ့၊ အဝတ်အစားတွေ သိမ်းပြီးတာနဲ့ အိမ်ပြန်မယ်!"
ရှရှင်းချန်က သူ့အပြုအမူကြောင့် ဒေါသထွက်ပုံမရ၊ သို့ပေမယ့် သူ့ဘက်ကလည်း အလျော့ပေးလာပုံမပေါ်ပေ။
"ကျွန်တော် အခု မပြန်နိုင်ဘူး။ သွားတော့။"
ဟွမ်းကျီစင်း အရှေ့တိုးလာပြီး သူ့ကို ဆွဲခေါ်ဖို့ လုပ်လိုက်ပြီး ရှရှင်းချန်လက်ကောက်ဝတ်ကို ဆွဲပြီးကာမှ သူရုတ်တရက် ရပ်တန့်သွားသည်။
ရှရှင်းချန် ရှပ်အင်္ကျီ၏ ကော်လံက ပွင့်ဟနေပြီး အနီရောင် အမှတ်အသားနှစ်ခုက သူ့လည်ပင်းနားတွင် အသိအသာကို မြင်နေရလေသည်။
ယန်ယိုမင် အခန်းထဲ တစ်ညကုန်ဆုံးခဲ့သည်ဟု ကြားကတည်းက ဘာတွေဖြစ်ခဲ့မှန်း ဟွမ်းကျီစင်း ခန့်မှန်းပြီးသားဆိုပေမယ့် ချစ်ခြင်း၏ လက်ရာများကို သူ့မျက်စိဖြင့် ကိုယ်တိုင် မြင်လိုက်ရချိန်မှာတော့ သူ့နှလုံးသားမှာ တုန်လှုပ်သွားရတော့သည်။ သူ ရှရှင်းချန် လက်ကို လွှတ်ပြီး ဖျော့တော့တော့မေးလိုက်သည်။
"မင်း ဘာတွေလျှောက်လုပ်နေတာလဲ။"
သူ့အသံပျော့ပြောင်းသွားတာကို နားထောင်ပြီးနောက် ရှရှင်းချန် အပြုအမူလည်း တင်းမာခြင်းမရှိတော့။ "ငါ့အတွက် အလုပ်အသစ် စီစဉ်ထားမျိုးလည်း မရှိသေးဘူး။ ကုမ္ပဏီကို အရင်ပြန်နှင့်ပြီး အကြောင်းရှိမှ ဖုန်းခေါ်လိုက်။"
ဟွမ်းကျီစင်း သက်ပြင်းလေးလေးကန်ကန်ချလိုက်သည်။ "မင်းက ဘာလို့နေခဲ့မှာလဲ။ ယန်ယိုမင်နဲ့ တိတ်တိတ်ပုန်းအချစ်ဇာတ်ခင်းမလို့လား။"
ရှရှင်းချန် သူ့ပြောပုံကို သဘောမကျ။ "သူက ကွာရှင်းပြီးသွားပြီ၊ ဘာကို တိတ်တိတ်ပုန်းလဲ။"
ဟွမ်းကျီစင်း ပြောလိုက်သည်။ "ဒါပေမယ့် သူက ယောက်ျားတစ်ယောက်လေ။ ယောက်ျားတစ်ယောက်ဆိုတာထားပါဦး၊ သူက မိန်းမတစ်ယောက်ဆိုရင်တောင် သူ့လက်ရှိအရွယ်နဲ့ အဆင့်အတန်း၊ သူနဲ့ အတူရှိနေသ၍ မင်းဖိအားတွေအများကြီးကို တောင့်ခံရတော့မယ်။ ရှောင်းတိတိ၊ မင်း ဒီအခြေအနေတွေကိုကော ထည့်တွေးစဉ်းစားမိရဲ့လား။"
ရှရှင်းချန် ခဏတာမျှ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။ "ကျွန်တော် ရှင်းရှင်းလင်းလင်းကို တွေးထားပြီးသွားပြီ။"
"မင်း ဘာကို ရှင်းရှင်းလင်းလင်းတွေးလိုက်တာလဲ။" ဟွမ်းကျီစင်း သူ့ကို အသိစိတ်ဝင်လာအောင် ပိတ်ရိုက်ချင်လာတော့သည်။
"ဘယ်လိုပဲဖြစ်ဖြစ် မင်း သူနဲ့ အတူရှိနေလို့လည်း အကြာကြီးမြဲမှာမှ မဟုတ်တာ။ ဘာလို့ စွန့်စားမှု အကြီးကြီးယူရတာလဲ၊ မတော်တဆ လမ်းချော်သွားရင် မင်း အလုပ်အကိုင်တစ်ခုလုံး မြောင်းထဲ ရောက်မှာနော်။"
ရှရှင်းချန် ပြောလိုက်သည်။ "ကျွန်တော် သူနဲ့ အကြာကြီး မမြဲဘူးလို့ ဘယ်သူပြောလဲ။"
ဟွမ်းကျီစင်း သူ့ကို မေးလိုက်သည်။ "မင်း နောက်ဆုံးထားခဲ့တဲ့ ကောင်မလေးနဲ့ ဘယ်လောက်ကြာအောင်များ တွဲလိုက်လို့လဲ။"
ရှရှင်းချန် ပြန်မဖြေ။ အတော်ကြာမှ သူပြောလာသည်။ "သူက ထူးခြားတယ်။ ကျန်တဲ့အခြားဘယ်သူနဲ့မှ မတူဘူး။"
KittyKitling