ရှရှင်းချန် တကယ်ကို ဗိုက်ဆာနေပေမယ့်လည်း ယန်ယိုမင် သူ့ဘေးမှာရှိနေတာမို့ သူ အစားစားဖို့အတွက် စိတ်မရောက်နိုင်။ ထို့ကြောင့် သူ ခေါက်ဆွဲကြော် တစ်ပွဲစာနှင့် နွားနို့ခွက် တစ်ခွက်ကိုသာ ဆွဲပြီး ယန်ယိုမင်သွားရာ မနက်စာ စားမည့်ထိုင်ခုံဆီသို့ လိုက်သွားလိုက်သည်။
ယန်ယိုမင်က ချန်းဟိုင်လန်တို့ စားပွဲရှိရာသို့ တည့်တည့်လျှောက်သွားလိုက်သည်။ ရှရှင်းချန်မှာ ရွေးချယ်စရာမရှိသူ့နောက်မှလိုက်သွားရတော့သည်။ သို့ပေမယ့် အနီးရောက်လာသည်နှင့် ချန်းဟိုင်လန်နှင့် အမျိုးသမီးနှစ်ယောက်အပြင် စားပွဲတွင် ထိုင်နေသည့် အခြားအမျိုးသားတစ်ယောက်လည်း ရှိနေတာကို သူ မြင်လိုက်ရသည်။
ထိုအမျိုးသား နာမည်မှာ ဒင်းဝမ်ရွှမ်း၊ အသက်သုံးဆယ်အရွယ်၊ လူသိများသော သရုပ်ဆောင်တစ်ယောက်ဖြစ်သည်။ သို့ပေမယ့် သူသည် သရုပ်ဆောင်စွမ်းရည်ကို လူတန်းစားအားလုံးမှ တညီတညွတ်တည်းအသိအမှတ်ပြုခံထားရသည့် ယန်ယိုမင်နှင့် မတူညီစွာ သူ့လက်ရာများက အရမ်း နာမည်မကြီးပဲ အလယ်အလတ်မျှသာဖြစ်သည်။
သူ အနုပညာလောကအလယ်တွင် မျက်နှာထွက်မပြသည်မှာ နှစ်များစွာကြာနေပြီဖြစ်ပြီး ထိုနှစ်များအတွင်း သူနိုင်ငံခြားသွားကာ ရုပ်ရှင်ရိုက်ကူးရေးအကြောင်း လေ့လာနေသည်ဟု ကြားသိထားရသည်။
ရှရှင်းချန် သူ့ကို မနေ့က ချန်းဟိုင်လန် လက်ထပ်ပွဲတွင် မမြင်လိုက်၊ ညကမှ အလောတကြီး ပြန်လာသည်လား၊ မနက်အစောကျမှ ရောက်လာတာလားဆိုတာကိုလည်း ရှရှင်းချန်မသိ။
ရှရှင်းချန်အနားရောက်လာပြီး ယန်ယိုမင်တောင် စကားတစ်ခွန်း မဟရသေးသည့် အချိန်တွင် ချိုင်မိန့်တင်းက ရှရှင်းချန်ကို မိတ်ဆက်ပေးလာသည်။
"ရှင်းချန်၊ ဒါက ဝမ်ရွှမ်းကော။ သူ အခုလေးတင် U.Sက ပြန်ရောက်လာတာ။"
ရှရှင်းချန် စားပွဲပေါ် ပန်းကန်တင်လိုက်ပြီး အနည်းငယ် ဦးညွှတ်ကာ ဒင်းဝမ်ရွှမ်းဘက်သို့ လက်ဆန့်တန်းပေးရင်းပြောလိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ်၊ ဝမ်ရွှမ်းကော။ ကျွန်တော် အစ်ကိုနဲ့ တွေ့ဆုံမိဖို့ မျှော်လင့်နေတာပါ။ ကျွန်တော်က ရှရှင်းချန်ပါ၊ ရှင်းချန်လို့ပဲ ခေါ်ပါ။"
ချိုင်မိန့်တင်း သူမနှုတ်ခမ်းကို လက်သုတ်ပဝါနှင့် ခပ်ဖွဖွ သုတ်လိုက်သည်၊ သူမ နှုတ်ခမ်းနီကတော့ ပျက်မသွား။သူမ ပြောလိုက်သည်။
"ရှင်းချန်က ကျွန်မတို့ကုမ္ပဏီက အနုပညာရှင်လေးလေ။ သရုပ်ဆောင်ငယ်လေးပေါ့။"
ဒင်းဝမ်ရွှမ်း မတ်တပ်ထရပ်ကာ ရှရှင်းချန်နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
"ငါ ကြားဖူးပါတယ်၊ တွေ့ရတာဝမ်းသာပါတယ်။"
သူနှင့် သိသိသာသာကို ရင်းနှီးနေသည့် ယန်ယိုမင်က မေးလိုက်သည်။
"မင်း ဘယ်အချိန်က ဒီရောက်တာလဲ။"
ဒင်းဝမ်ရွှမ်း ပြန်ဖြေသည်။ "ငါ မနက်အစောလေယာဉ်ဖြတ်ပြီးလာတာ ဒီကို ၃နာရီကျော်လောက်မှ ရောက်တယ်။ကံဆိုးတာက ငါ လောင်းချန်း လက်ထပ်ပွဲကို မမှီလိုက်ဘူး။"
ရှရှင်းချန် ယန်ယိုမင်ဘေးတွင် ထိုင်ရင်း ဒီလိုအခြေအနေမျိုးက သူ ပါဝင်ပြောလို့ မရမှန်း ခံစားမိတာကြောင့် ဘာစကားမှ ဝင်မပြောပဲ တူကိုသုံးပြီး ခေါက်ဆွဲကြော်ကိုသာ စားနေလိုက်သည်။
ယန်ယိုမင် ချန်းဟိုင်လန်ကို ထူးထူးဆန်းဆန်း မေးလိုက်သည်။ "မင်းမိန်းမကကော ဘယ်မှာလဲ။ ဘာလို့ သတို့သမီးကို အစောကြီးထားခဲ့ရတာလဲ။"
ရယ်ရင်း ချန်းဟိုင်လိုင် ပြောလိုက်သည်။ "ငါ အစောနိုးလာပြီး ဝမ်ရွှမ်းက သူရောက်နေပြီ ပြောထားတာ မြင်လို့ ငါသူနဲ့ မနက်စာ ထစားတာ။ ငါ့မိန်းမကတော့ အခုထိ အိပ်နေတုန်းပဲ၊ အဲ့ဒါကြောင့် ငါ သူ့ကို မနှောင့်ယှက်တော့တာ။"
ဒင်းဝမ်ရွှမ်းနှင့် ကျန်သူများက စားလို့ပြီးခါနီးနေပြီးမို့ ပန်းကန်ထဲကျန်သည့်အရာများကို သိပ်မထိတော့ပဲ ဒီတိုင်းသာ ထိုင်ရင်း စကားစမြည်ပြောနေကြသည်။ ဒင်းဝမ်ရွှမ်း ပြောလိုက်သည်။
"သူ့မိန်းမက ငယ်ငယ်လေးရှိသေးတယ်၊ သေချာပေါက် သူ ဘယ်လိုလုပ်အိပ်ရေးဝမှာလဲ။ လောင်းချန်းလိုသက်ကြီးရွယ်အိုကတော့ မအိပ်ပဲတောင် နေလို့ရတဲ့ အရွယ်ရောက်နေပြီလေဗျာ။ ကျွန်တော့်လို တကိုယ်တည်းသမားလေးကပဲ သူ့ကို အဖော်ပြုပေးနေနိုင်တာပေါ့။"
ထိုစကားများကို ကြားချိန်တွင် ချန်းဟိုင်လန်က ဒေါသထွက်ခြင်းမရှိ၊ ရယ်မောရင်း ပြန်ပြောလိုက်သည်။
"ငါ ဒါ မင်းအကြောင်းကိုမင်း ကိုးကားပြီး ပြန်ပြောတာလို့ မှတ်ယူလိုက်ပါ့မယ်။"
ရှရှင်းချန် မမော့ကြည့်ပဲ မနေနိုင်တော့။ ဒီစားသောက်ခန်းထဲတွင် သူကလွဲပြီး ကျန်သည့်သူများကြားတွင် အသက်နှစ်ဆယ်ကျော်သူများကို မတွေ့မိ။ ဒီနေရာတွင် ထိုင်နေရင်း သူ တကယ်ကို ဒီနေရာနှင့် မသက်ဆိုင်သလို ခံစားရသည်။
ယန်ယိုမင်အတွက်သာ မဟုတ်ပါက သူ အပေါ့သွားချင်ခြင်းကို အောင့်ထားနိုင်လောက်ပြီး ရေချိုးခန်းကိုလည်း မသွားဖြစ်လောက်ကာ အိပ်ယာက နိုးသည်နှင့် တန်းပြန်သွားနိုင်လောက်သည်။ ရှရှင်းချန် နွားနို့တစ်ငုံသောက်ရင်းတွေးနေမိသည်။
သူ ဖန်ခွက်ကို ပြန်ချလိုက်ချိန်တွင် ယန်ယိုမင် သူ့ဘက်ကို တစ်ချက်ကြည့်လာပြီးနောက် စားပွဲပေါ်မှ တစ်သျှူးတစ်ရွက် ဆွဲယူကာ သူ့အား ပေးလာသည်။
ရှရှင်းချန် ကြောင်အသွားပြီး သူ လှမ်းယူလိုက်ဖို့ လုပ်လိုက်ချိန်တွင် သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ယိုရှုက သူ့နှုတ်ခမ်းအား ထိုးပြနေတာကို မြင်လိုက်ရသည်။ သူ ဖန်ခွက်မှ ရောင်ပြန်ဟပ်မှုကို လှမ်းကြည့်လိုက်ပြီး သူ့နှုတ်ခမ်းတွင် အဖြူရောင် နွားနို့များ ပေကျံနေတာကို တွေ့လိုက်ရသည်။ သူ ချက်ချင်း တစ်သျှူးဖြင့် သုတ်လိုက်သည်။
ထို့နောက်တွင်တော့ ချန်းဟိုင်လန်က ရှရှင်းချန်ကို ရုတ်တရက် မေးလိုက်သည်။
"ရှင်းချန် မနေ့ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား။"
ရှရှင်းချန် အသံက ပဲ့တင်ထွက်လာသည်။ "အိပ်ပျော်ပါတယ်။"
ချန်းဟိုင်လန် ခေါင်းညိတ်လိုက်သည်။ "ကျင်းယွမ်နဲ့ အခြားသူတွေက စနောက်တာကို ထိန်းထိန်းသိမ်းသိမ်းမရှိကြတာ ငါ အားနာမိပါတယ်။"
ရှရှင်းချန် ချန်းဟိုင်လန်ကို ပြုံးပြရင်း ပြောလိုက်သည်။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲ့ဒါတွေက လူတိုင်း တစ်ယောက်နဲ့တစ်ယောက်ကြား ပျော်ပျော်ပါးပါးကစားကြတာမျိုးပါပဲ။"
ချိုင်မိန့်တင်း ရှရှင်းချန်ကို မေးလိုက်သည်။ "မင်း မနက်အစောကြီး မင်ကောနဲ့ ဘယ်လိုတွေ့လာတာလဲ။"
ဒီတစ်ကြိမ်မှာတော့ ရှရှင်းချန် ဘာမှမဟုတ်သလို ပြန်မဖြေရဲတော့၊ သူ ယန်ယိုမင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
ယန်ယိုမင် စားဖို့ ယူလာသည့် မနက်စာမှာ 'ကော်ဖီနှင့် အီကြာကွေး' ဟူသည့် ထူးခြားသော တွဲစပ်မှုတစ်ခုဖြစ်သည်။ သူ့ကိုယ်ဟန်အနေအထားမှာ ထူးထူးခြားခြား ပြောင်းလဲခြင်းမရှိစွာ ကော်ဖီတစ်ငုံ ငုံရင်း ပြောလိုက်သည်။
"မနေ့ညက ရှင်းချန် အရက်မူးနေတာမို့ ကျွန်တော် သယ်လာလိုက်တာ၊ ပြီးတော့ သူ မတ်တပ်တောင်ကောင်းကောင်းမရပ်နိုင်တော့တာမို့ ကျွန်တော့်အခန်းမှာပဲ အိပ်ခိုင်းလိုက်တော့တာ။"
ရှရှင်းချန်မှာ သူ သွယ်ဝှက်ခြင်းမရှိ ဖြေလာမည်ဟု မမျှော်လင့်ထားတာမို့ ရုတ်တရက် ဘယ်လို တုံ့ပြန်ရမလဲတောင်သူ မသိတော့။
ချိုင်မိန့်တင်း သူ့ကို စူးစိုက်ကြည့်လာသည်။ "မင်ကောကို ထပ်ပြီး အဆင်မပြေဖြစ်စေပြန်ပြီ!"
ရှရှင်းချန်းမှာ ပြုံးရင်းနှင့်သာ ပြောလိုက်ရသည်။ "ကျွန်တော် တောင်းပန်ပါတယ် မင်ကော၊ ကျွန်တော် တကယ်အများကြီး သောက်မိသွားတယ်။"
ဒင်းဝမ်ရွှမ်းက ထိုစကားများအပေါ် စိတ်ဝင်စားသည့်ပုံ ပြလာသည်။ "မင်းတို့နှစ်ယောက်က ဘယ်လိုဖြစ်ပြီး အရမ်းရင်းနှီးသွားတာလဲ။"
သူနှင့်ယန်ယိုမင်က ကောင်းမွန်တဲ့ သူငယ်ချင်းဆက်ဆံရေးရှိပေမယ့် သူ အရင်က ရှရှင်းချန်အကြောင်း သိပ်အများကြီးမကြားဖူး။ ကြားတဲ့အချိန်မှာလည်း စကားစမြည်ပြောရန်အတွက်ဟုသာ သူတွေးထင်ခဲ့သည်။
ယန်ယိုမင် ပြောလိုက်သည်။ "ငါတို့က ဟောကျန်းဇာတ်ကားအတွက် အလုပ်တူတူလုပ်ခဲ့တယ်လေ။"
သူ ပြောပြီးမှသာ ချန်းဟိုင်လန်က ဆက်ပြောသည်။ "မင်း အဲ့အချိန်တုန်းက တရုတ်မှာ မရှိလို့။ ရှင်းချန်က ငါနဲ့ယိုရှုတို့နဲ့ Showပွဲမရိုက်ခင်လေးမှာပဲ ဟောကျန်းဇာတ်ကားကို ရိုက်ပြီးသွားတာ။"
ယန်ယိုမင်က လက်မြှောက်ကာ ရှရှင်းချန်ပခုံးပေါ် လက်တင်လိုက်သည်။ "ဟောကျန်းရဲ့ ကိုယ်တိုင်ရွေး အဓိကဇာတ်လိုက်။"
ရှရှင်းချန်ကို ကြည့်သည့် ဒင်းဝမ်ရွှမ်း၏ မျက်လုံးများက အရင်ကနှင့်မတူကာ ထူးခြားသွားပုံပေါ်ပြီး သူက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
"ဒါဆို ရှင်းချန်က အဓိကဇာတ်လိုက်ပေါ့။ ယန်ယိုမင်၊ မင်းက ဒုတိယဇာတ်လိုက်လား။"
ယန်ယိုမင် ရယ်ပြီးပြောလိုက်သည်။ "ဆိုပါတော့ကွာ။"
ဘာလို့ သူတို့စကားဝိုင်းက သူ့ဆီ ဦးတည်လာသလဲဆိုတာ ရှရှင်းချန် နားမလည်။ သူ အနည်းငယ် စိတ်မသက်မသာဖြစ်ရတာမို့ သူ့တူကို ချထားရင်း ပြုံးပြလိုက်တော့သည်။
ယန်ယိုမင် သူ့ခရင်းနှင့်ဓားကို အသုံးပြုကာ အီကြာကွေးကို ဖြတ်လိုက်သည်၊ သူ့လှုပ်ရှားမှုများသည် အမဲသားကင်ကို ဖြတ်နေသည့်အလား ကြော့မော့လှသည်။ သူ အီကြာကွေး အပိုင်းအစသေးလေးကို စားရင်း ကော်ဖီကို အလျင်လိုခြင်းမရှိ တစ်ငုံ ငုံပြီးနောက် ဒင်းဝမ်ရွှမ်းကို မေးလိုက်သည်။
"မင်းဇာတ်ကားအတွက် သရုပ်ဆောင်တွေ ရွေးပြီးသွားပြီလား။"
ဒင်းဝမ်ရွှမ်း ခေါင်းခါပြသည်။ "ဆက်သွယ်နေတုန်းပဲ။"
သူက ဒါရိုက်တာတစ်ယောက်အနေနှင့် သူ၏ပထမဆုံးသော ဇာတ်လမ်းတစ်ခုကို ဖန်တီးဖို့ ပြင်ဆင်နေတာဖြစ်ပြီးသူ ထိုအကြောင်းကို အရင်က ယန်ယိုမင်ကိုကော ချန်းဟိုင်လန်ကိုပါ ပြောပြထားဖူးသည်။ သူက ပြောလိုက်သည်။
"မင်း ငါ့ကို အငယ်တွေထဲက သရုပ်ဆောင်အတော်စားလေးတွေ ညွှန်းမပေးချင်ဘူးလား"
ယန်ယိုမင် သူ့ကော်ဖီခွက်ကို ပြန်ချပြီး ရုတ်တရက် ပြုံးလိုက်သည်။
ယန်ယိုမင် ထိုအကြောင်းကို အစဖော်လိုက်ကတည်းက ယိုရှုက သူ့ကို စိုက်ကြည့်နေတာဖြစ်ပြီး ဒီအချိန်မှာတော့သူမ မနေနိုင်တော့ပဲ ချိုင်မိန့်တင်းကို လှည့်ကြည့်လိုက်မိပြီး ချိုင်မိန့်တင်းကလည်း သူမကို လှည့်ကြည့်လာသည်နှင့် ကြုံလိုက်ရလေသည်။ သူတို့အကြည့်များသည် အဓိပ္ပါယ်တစ်ခုကို လေးလေးနက်နက်သယ်ဆောင်နေသည်။
ယန်ယိုမင် စကားမပြောသေးခင်မှာပဲ ချန်းဟိုင်လန်က ယန်ယိုမင်၏ ရည်ရွယ်ချက်ကို နားလည်နေပြီးဖြစ်ကာ သူပြုံးရင်း ပြောလိုက်သည်။
"မင်းအရှေ့မှာ ဒီလောက်တော်တဲ့ သရုပ်ဆောင်တစ်ယောက်ရှိနေတာတောင် မင်းက ယန်ယိုမင် ထောက်ခံပေးတာကို လိုချင်နေသေးတာလား။"
ရှရှင်းချန် ကြက်သေသေသွားသည်၊ သို့ပေမယ့် သူ့နှလုံးသားလေးကတော့ အရိုင်းဆန်စွာ ခုန်ပေါက်နေခြင်းကို မရပ်တန့်နိုင်။
KittyKitling
T/N : [မေးခွန်း] ယန်ယိုမင်က ဘာလို ရှရှင်းချန်အတွက် ဇာတ်ကားအခွင့်အရေး ရှာပေးတာလဲ။