ရှရှင်းချန် ယန်ယိုမင်ရဲ့ မျက်နှာအမူအရာကို သေချာမြင်ချင်တာမို့ အမှောင်ထဲတွင် ကြိုးစားကြည့်ပေမယ့် သူ ဘာမှ မမြင်ရ။
ယန်ယိုမင် ခဏကြာအောင် တိတ်ဆိတ်နေပြီးမှ ရှရှင်ချန်းဆီသို့ လက်လှမ်းကာ သူ့လက်များက ရှရှင်းချန်၏လည်ပင်း ညှပ်ရိုးဘေးတွင် ရပ်သွားပြီး ပွင့်အာနေသည့် ရေချိုးဝတ်ရုံအစွန်းစကို လှမ်းယူကာ သူ့ရင်ဘတ်ထိပ်မှအောက်အထိ ဆွဲယူဆင်းလာသည်၊ နူးညံ့သည့်အဝတ်စလေးက သူ့လက်ချောင်းများကြားတွင် ကပ်ပါသွားသည်။
အံ့ဩတုန်လှုပ်သွားတာမို့ ရှရှင်းချန် လှုပ်ပင်မလှုပ်ရဲ။
ယန်ယိုမင် လက်ချောင်းများက အောက်အထိ ဆင်းသွားကာ ဗိုက်အနားရောက်ခါနီးမှသာ ရပ်သွားပြီး ကိုင်ထားသည့် ရေချိုးဝတ်ရုံစကို အလယ်အထိ ဆွဲလိုက်ကာ အခြားတစ်ဖက်အစကိုလည်း လှမ်းဆွဲပြီး နှစ်ဖက်လုံးကို စုစည်းပေးလိုက်သည်။
ဖော်ထားသလို ပေါ်နေသည့် ရှရှင်းချန်၏ ဖြူဖွေးသော ရင်ဘတ်နှင့် စောင်အောက်တွင် ရှိနေသည့် ဗိုက်သားများက အခုအချိန်တွင်တော့ ရေချိုးဝတ်ရုံဖြင့် လုံလုံခြုံခြုံ ဖုံးပြီးသားဖြစ်သွားသည်။
ယန်ယိုမင် ပြောလာသည်။ "အိပ်တော့။"
ရှရှင်းချန် မလိုလား။ သူ့ရင်ဘတ်က ပြင်းပြင်းထန်ထန် မြင့်လိုက်နိမ့်လိုက် ဖြစ်နေသည်။ သူ လက်မြှောက်လိုက်မိပေမယ့် တစ်ဖန် ပြန်ချလိုက်သည်။ ဒီနှလုံးရေးကိစ္စအတွက် အဖြေကို လိုချင်မိတာကြောင့် သူ ခေါ်လိုက်မိသည်။
"မင်ကော -"
"နောက်ကျနေပြီ။" ယန်ယိုမင် သူ မနာခံလို့ မရမည့် အသံအနေအထားဖြင့် စကားဖြတ်ပြောလာသည်။
ရှရှင်းချန် ချက်ချင်း သူ့ပါးစပ်ကို ပိတ်လိုက်သည်။ ယန်ယိုမင် တစ်ဖက်လှည့်ကာ သူ့ကို ကျောပေးလိုက်ပြီဆိုတာကို မြင်ချိန်မှာတော့ သူ အသက်ပြင်းပြင်း ရှုထုတ်ရင်းသာ ပြန်လှဲချရင်း မျက်လုံးများ မှိတ်ထားလိုက်ရတော့သည်။
သူ့စိတ်က အလွန်ကို ရှုပ်ထွေးနေသည်၊ ဒီအနှောင့်အယှက်ပေးနေတဲ့ ခံစားချက်များနှင့် ရစ်သီနေတဲ့ မေးခွန်းတွေကသူ့နှလုံးခုန်သံကို မတည်မငြိမ် ဖြစ်နေစေတာမို့ သူ ငြိမ်ငြိမ်လေး လှဲနေတာတောင်မှ သူ့နှလုံးခုန်သံကိုသူ ပြန်ကြားနေရလေသည်။ ထို့အပြင် သူ့ခန္ဓာကိုယ်က အလွန်ကို ပင်ပန်းနေသည်ကို သိသာလှသည်၊ သို့ပေမယ့် သူ့ဦးနှောက်က နိုးကြားနေဆဲ ဖြစ်သည်။ သူ ယန်ယိုမင်၏ အချစ်ရေး ပြဿနာများအကြောင်း ထပ်တလဲလဲတွေးနေရင်းနောက်ဆုံးမှာတော့ တွန့်ဆုတ်တွန့်ဆုတ်နှင့် သူ ရေချိုးဝတ်ရုံကို ချွတ်ကာ ဘေးသို့ ပစ်ချလိုက်သည်။ ထို့ကြောင့် သူယန်ယိုမင်နှင့် စောင်တစ်ထည်တည်းအောက်မှာ အိပ်နေချိန်အတွင်း ရှရှင်းချန် ဘာအဝတ်အစားမှ ဝတ်ထားခြင်း မရှိ။
သို့ပေမယ့် ယန်ယိုမင်ကတော့ ဘာတုန့်ပြန်ချက်မှ မပေးတော့။ သူ အိပ်ပျော်သွားပြီလားဆိုတာတောင် ရှရှင်းချန်မသိ။
သူ့ရဲ့ ဒေါသတကြီး မခံမရပ်နိုင်ဖြစ်မှုနှင့် အိပ်သွားဖို့ကို မလိုလားပေမယ့် အဆုံးသတ်မှာတော့ ရှရှင်းချန်တဖြည်းဖြည်း သတိတရား ပျောက်ဆုံးကာ ဖြည်းဖြည်းချင်း အိပ်မောကျသွားတော့သည်။
သူ ပြန်နိုးလာချိန်တွင်တော့ မနက်ခင်းပင် ရောက်နေပြီ ဖြစ်သည်။
သူ မျက်လုံးဖွင့်လိုက်ချိန်မှာတော့ အရက်သောက်ပြီး နိုးလာချိန်တွင်ဖြစ်သည့် မအီမသာဖြစ်မှုနှင့်အတူ ခေါင်းထိုးကိုက်မှုကိုပါ နာနာကျင်ကျင် ခံစားလိုက်ရတာမို့ သူ နဖူးကို ဖိထားလိုက်သည်။ ထို့နောက်တွင်တော့ သူက စောင်ဖြင့်လုံးထွေးနေကာ ကုတင်၏ အလယ်တည့်တည့်တွင် အိပ်နေမှန်း သတိထားမိသွားသည်။ သူ့ခေါင်းက ခေါင်းအုံးနှစ်လုံးကြားတွင် နစ်မြှုပ်နေပြီး သူ့ဘေးရှိ ယန်ယိုမင်ကတော့ ဘယ်နေရာမှာမှ ရှာမတွေ့။
ရှရှင်းချန် ကုတင်ပေါ် ထထိုင်လိုက်ပြီး သူ့လက်များဖြင့် မျက်နှာကို အုပ်ထားလိုက်သည်။ သူ မနေ့ညက အရက်အလွန်အကျွံသောက်မိတာ မှန်ပေမယ့် သူဘာပြောလိုက်ပြီး ဘာလုပ်မိတယ် ဆိုတာတွေကို မမှတ်မိတော့သည်အထိ မူးသွားတာ မဟုတ်ခဲ့။ ထိုအရာများသည် အရက်အရှိန်နှင့် အမှောင်ထု ပူးတွဲပေါင်းစပ်မှုကြောင့် သူ ပြောနိုင်လုပ်နိုင်ခဲ့သည်များသာ။ သို့ပေမယ့် သူ အမူးပြေကာ ထိန်လင်းနေသည့် နေ့ဘက်အချိန်တွင်တော့ ဘာဆိုဘာမှ မလုပ်ရဲတော့။
သူ ခဏကြာအောင် ငြိမ်ငြိမ်သက်သက် ထိုင်နေမိသည်။ မနေ့ညက အိပ်ယာမဝင်ခင် စားခဲ့သည့် နို့ဆန်ပြုတ်ကမနက်စောစော ရှင်းရမည့် တာဝန်တစ်ခု ဖြစ်လာပေမယ့် သူ စောင်ကို ဆွဲမနေသည့် လမ်းတစ်ဝက်တွင် သူအောက်ခံဘောင်းဘီ ဝတ်ထားခြင်းမရှိတာကို သတိရသွားသည်။ ထိုတစ်ခုတည်းသာမက၊ သူ မနက်စောစောတွင်ဖြစ်လေ့ရှိသည့် ကို့ရိုးကားယားနိုင်သော ထောင်မတ်အခြေအနေတစ်ခုကိုလည်း ကြုံတွေ့နေရတာမို့ သူ စောင်ဖုံးထားလျက်သာ ဆက်နေနေလိုက်ပြီး ဘေးဘီကို ကြည့်ကာ သူမနေ့ညက ပစ်ချခဲ့သည် ရေချိုးဝတ်ရုံကို ရှာဖွေလိုက်တော့သည်။
သို့ပေမယ့် ရေချိုးဝတ်ရုံကလည်း နေရာမှာ ရှိမနေ။
ရှရှင်းချန်လည်း သူကိုယ်တိုင် မချုပ်တည်းထားနိုင်တော့သည့် အခြေအနေသို့ ရောက်ခါနီးလာသည်။ သူ အခန်းတစ်ဝိုက်ကို လှည့်ပတ်ကာ ကြည့်လိုက်သည်။ သူ့မြင်ကွင်းအတွင်းတွင် ယန်ယိုမင်အား မြင်ရခြင်းမရှိတာမို့ သူစောင်ကိုမကာ အဝတ်မပါလျက်ပဲ အိပ်ယာပေါ်မှ ထကာ အောက်ထပ်မှ ရေချိုးခန်းသို့ တန်းသွားဖို့ ပြင်လိုက်သည်။
မမျှော်လင့်ထားသည်ကတော့ သူ လှေကားနား ရောက်သည်နှင့် သူ အောက်ထပ်မှ အပေါ်တက်လာသည့် ယန်ယိုမင်နှင့် တည့်တိုးတွေ့ခြင်းပင်။
ယန်ယိုမင် မော့ကြည့်လိုက်ပြီး သူ ရှရှင်းချန်ကို တွေ့ချိန်မှာတော့ ချက်ချင်းဆိုသလို သူ လမ်းလျှောက်နေတာကို ရပ်လိုက်သည်။
ရှရှင်းချန်ကလည်း ချက်ချင်း တစ်ဖက်သို့လှည့်ကာ အိပ်ရာရှိရာဘက်သို့ ပြန်ပေးသွားပြီး စောင်ကိုသုံးကာ သူ့တစ်ကိုယ်လုံးကို ဖုံးထားလိုက်တော့သည်။
ခဏအကြာ ယန်ယိုမင် တက်လာချိန်တွင်တော့ ရှရှင်းချန်၏ သွေးများယိုစိမ့်ကျလာတော့မတတ် နီရဲနေသည့်မျက်နှာတစ်ခုသာ ဖော်ထားလျက် သူ့ကိုယ်သူ စောင်ဖြင့် လုံးထွေးထားသည့် မြင်ကွင်းကို မြင်လိုက်ရလေသည်။
ယန်ယိုမင် လက်ထဲတွင်တော့ ဟောတယ်မှ လာပို့သည့် ရှရှင်းချန်၏ အဝတ်အစားအသန့်များ ရှိနေသည်။ သူ ဘာဆိုဘာမှ မပြောပဲ အဝတ်များကို အိပ်ရာဘေးတွင် တင်ထားပေးပြီး ပြန်လှည့်ထွက်သွားလိုက်သည်။
ရှရှင်းချန်မှာ ထိုအချက်ကို ဂရုမစိုက်နိုင်သေးပဲ အင်္ကျီများ အလျင်အမြန်ဝတ်ဆင်ကာ ရေချိုးခန်းဆီသို့ အပြေးသွားလိုက်ရသည်။
သူ ပြန်ထွက်လာချိန်တွင်တော့ ပထမထပ်၏ ဧည့်ခန်းအရှေ့ရှိ ကြမ်းပြင်မှ မျက်နှာကျက်အထိ ကြီးမားလှသည့်ပြတင်းပေါက်အရှေ့တွင် မတ်တပ်ရပ်နေရင်း ရေကူးကန်ကို လှမ်းငေးနေသည့် ယန်ယိုမင်ကို သူ တွေ့လိုက်သည်။
ရှရှင်းချန်မှာ အခုနလေးတင် ဖြစ်ခဲ့သည့် အရှက်ရစရာမြင်ကွင်းကို မေ့သွားဖို့ ဘာမှမလုပ်နိုင်တာမို့ နောက်ထပ်တစ်ကြိမ် မျက်နှာ နီရဲလာပြီးနောက် သူ ယန်ယိုမင်အနားသို့ လျှောက်သွားကာ တိုးလျသော အသံဖြင့် ခေါ်လိုက်သည်။
"မင်ကော"
သူ မနေ့ညက ဝတ်ခဲ့သည့် ကြာပန်းဖျော့ရောင် တီရှပ်ကိုသာ ဝတ်ထားပေမယ့် သူ့ဆံပင်များကတော့ ဖရိုဖရဲဖြစ်နေပြီး သူ့မျက်မှန်ကလည်း ပျောက်နေသည်။ တကယ်တော့ သူ့မျက်မှန်တစ်ခုတည်း ပျောက်နေတာမဟုတ်၊ သူ့အခန်းကတ်ကော ဖုန်းပါ အနားတွင် ရှာမတွေ့။ သူ မနေ့ညက ရေကူးကန်ဘေးတွင် ချထားခဲ့ပြီး ပြန်မယူလာခဲ့မိ၊ သို့ပေမယ့် မနေ့ညက ထိုနေရာတွင် ရှိနေသည့် တစ်ယောက်ယောက်က သိမ်းယူထားခြင်းလည်း ဖြစ်နိုင်လောက်သည်။
ယန်ယိုမင် သူ့ကို တစ်ချက်လှည့်ကြည့်ပြီး မေးလိုက်သည်။
"ကောင်းကောင်း အိပ်ပျော်ရဲ့လား။"
ရှရှင်းချန် ပြောလိုက်သည်။ "အိပ်ပျော်ပါတယ်။"
ယန်ယိုမင် ခေါင်းငြိမ့်ပြသည်။ "မနက်စာ သွားစားကြတာပေါ့။"
ရှရှင်းချန် မေးလိုက်သည်။ "အတူတူလား။"
သူမေးတာ ကြားချိန်တွင်တော့ ယန်ယိုမင်က ပြန်မေးလာသည်။
"မစားချင်ဘူးလား။"
ရှရှင်းချန် မဆိုင်းမတွ ပြောလိုက်သည်။ "စားချင်ပါတယ်၊ အတူတူသွားတာပေါ့။"
ယန်ယိုမင် တည်းခိုသည့် တည်းခိုအိမ်မှ ထွက်လာချိန်တွင် ရှရှင်းချန် ရေကူးကန်ဘေးဘီကို အထူး ဂရုထားကာ ကြည့်ရှုလိုက်သည်။ သူ သူ့ပစ္စည်းများကို ရှာမတွေ့ချိန်မှာတော့ ဝေ့ဇယ်ဟွေး ဒါမှမဟုတ် ချင်းရွှဲယွဲ့ကို သွားမေးရမည်ဟု တွေးထားလိုက်သည်။ သို့ပေမယ့်လည်း ဘယ်သူ့ဆီသွားသွား သူ ချင်းရွှဲယွဲ့ဆီကိုတော့ တောင်းပန်ဖို့ သွားရဦးမည်။ မနေ့ညက အဖြစ်အပျက်က မတော်တဆဖြစ်ရပ်ဆိုပေမယ့်လည်း သူ ချင်းရွှဲယွဲ့ မျက်နှာပျက်အောင် လုပ်လိုက်သည်ပင်။
တစ်စုံတစ်ယောက်က ရေကူးကန် အစွန်းနားတွင် ပြေးလွှားနေသည်။ ထိုနေရာက သူတို့ရပ်နေသည့်နေရာနှင့်အနည်းငယ်ကွာဝေးသည်ဆိုပေမယ့် ပြေးလွှားနေသူမှာ သရုပ်ဆောင်ငယ်တစ်ယောက်ဖြစ်မှန်း ရှရှင်းချန်သေသေချာချာ မြင်လိုက်ရသည်။
ထိုကောင်လေးကလည်း ပြေးနေရင်းနှင့် သူတို့ဘက်ကို လှည့်ကြည့်သွားသည်။
ရှရှင်းချန် ယန်ယိုမင် ခေါ်ဆောင်ရာ မနက်စာဘူဖေးရှိရာသို့ တိတ်တိတ်ဆိတ်ဆိတ်နှင့် လိုက်လာပြီး သူ အခန်းထဲဝင်လိုက်ချိန်မှာတော့ ချန်းဟိုင်လန်နှင့်အတူ ထိုင်ကာ မနက်စာ စားနေကြပြီဖြစ်သည့် ယိုရှုနှင့် ချိုင်မေ့တင်းကို မြင်လိုက်ရသည်။
KittyKitling
.....
T/N : ကိုယ် စကားလုံး ဆင်ဆာဖြတ်တာ (တကယ်က ဖြတ်ဖို မလိုပေမယ့် တိုက်ရိုက်ရေးရတာကို မကြိုက်မိလို) ရှရှင်းချန် မနက်ခင်း ရှင်းရတဲ့ တာဝန်ဆိုတာ အပေါ့သွားခြင်းကို ပြောချင်တာပါ ..