ဂိမ်းပွဲ ပြန်စသည်။
ချင်းရွဲယွဲ့ဘေးတွင် ထိုင်နေသည့် ကောင်မလေးနှစ်ယောက်က တစ်စုံတစ်ရာအကြောင်းကို ပတ်ဝန်းကျင် သတိမူခြင်း မရှိ အတင်းပြောနေကြပြီး ရှရှင်းချန် သူတို့ထဲက တစ်ယောက် မေးနေတာကို ကြားလိုက်ရသည်။
"ယန်ယိုမင် ပြန်သွားပြီလား။"
အခြားတစ်ယောက်က ပြောလာသည်။ "နင်က ဘာလို့ ယန်ယိုမင်အကြောင်း မေးနေတာလဲ။"
ကောင်မလေးက ပြန်ပြောသည်။
"ငါ့ အိုင်ဒေါအကြောင်း မေးလို့မရဘူးလား။"
သူတို့အသံက မတိုးလှတာမို့ လူတိုင်းနီးပါး သူတို့ပြောတာကို ကြားနိုင်သည်။
လျန့်ကျင်းယွမ် ရုတ်တရက် ဝင်ပြောသည်။
"သူ မပြန်သေးဘူး၊ သူက ဟိုနားမှာ လန်ကောနဲ့ အတူ ရှိနေတယ်။ သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် သိလာတာ ဆယ်နှစ်ကျော်ပြီဆိုတော့ ဆက်ဆံရေး တော်တော်လေး ကောင်းကြတယ်။"
T/N : လန်ကော = ချန်းဟိုင်လန်
အဲ့အချိန်မှာပဲ ကောင်လေးတစ်ယောက်က ထိုကောင်မလေးကို ပြောလိုက်သည်။
"ယန်ယိုမင်နဲ့ နင်က ဘာများလုပ်ချင်လို့လဲ။ နင်က ယွမ်ကျင့်ရဲ့ တစ်ဝက်လောက်တောင် လှလို့လား။"
ကောင်မလေးက ထိုအကြောင်းကို လက်မခံနိုင်။
"ယွမ်ကျင့်မှ ဒီမှာ မရှိတာ။ တွေးလို့တော့ ရတယ်လေ၊ မဟုတ်ဘူးလား။ အနည်းဆုံးတော့ ငါက ယွမ်ကျင့်ထက်ဆယ်နှစ်နီးပါးတောင် ငယ်တယ်။ ယန်ယိုမင်လည်း သူ့အကြိုက် ပြောင်းချင်တာမျိုး ရှိနိုင်တာပဲလေ။"
သူမ စကားပြောပြီးသည်နှင့် သူမဘေးမှ ကောင်မလေးက သူမအား စိုးတထိတ်ထိတ်နှင့် တံတောင်တွတ်ကာအပေါ်မော့ကြည့်ဖို့ အချက်ပြလာသည်။
ထို့ကြောင့် ရှရှင်းချန်လည်းပဲ ထိုအခန်းကို လှမ်းကြည့်လိုက်မိပြီး ရေကူးကန်ဘေးရှိ တည်းခိုအိမ် ဒုတိယထပ်၏လေသာဆောင်တွင် မတ်တပ်ရပ်ကာ အောက်ငုံ့ကြည့်နေသည့် ယန်ယိုမင်နှင့် ချန်းဟိုင်လန်ကို တွေ့လိုက်ရသည်။ယန်ယိုမင် သူတို့စကားများကို ကြားလိုက်မှာ အသေအချာပင်။
အခြေအနေက အနည်းငယ် ကို့ရို့ကားယားနိုင်သွားပေမယ့် ဝေ့ဇယ်ဟွေးက သူတို့ မျက်နှာပူရတာကို ဖုံးကွယ်နိုင်ဖို့လူတိုင်းကို ဂိမ်းဆက်ကစားရန် ချက်ချင်း လှုံ့ဆော်လိုက်သည်။
ရှရှင်းချန် ရေအေးများ ပါးစပ်ထဲ ဝင်ကာ သီးသွားလား မသိ၊ သူ့မှာ ချောင်းဆိုးနေတာ မရပ်နိုင်တော့။
ဂိမ်းကို ဆက်ကစားလိုက်ကြပြီး ရှရှင်းချန်နှင့် ချင်းရွှဲယွဲ့ နှစ်ယောက်သား အတူ ရှုံးသွားသည်။
လျန့်ကျင်းယွမ်က သူတို့ကို ဂိမ်းရှုံးသည့်အနေနှင့် အရက်သောက်တာမျိုး မလုပ်စေချင်တာမို့ သူက အခြားအပြစ်ပေးနည်း လုပ်ဖို့ ပြောလာသည်။
ဝေ့ဇယ်ဟွေးက ပြောလိုက်သည်။ "မင်းတို့နှစ်ယောက် နမ်းကြရင်ကော။"
ပြောပြီးသည်နှင့် သူက ရှရှင်းချန်ကို ဝင့်ကြွားသလို အမူအရာနှင့် အဓိပ္ပါယ်များစွာ ပါဝင်သော အကြည့်တစ်ချက်ပစ်လွှတ်လာသည်။
ရှရှင်းချန် ထိုခဏအတွင်း ရယ်ရမလား၊ ဒေါသထွက်ရမလားတောင် မသိတော့။ သူ အလျင်အမြန်ပဲ ပြောလိုက်သည်။
"ငါက အဆင်ပြေပေမယ့် ရွှဲယွဲ့က မိန်းကလေးကွ။ သူက မရဘူး ဒါမှမဟုတ် မလုပ်နိုင်ဘူးလို့ ပြောလာရင် ငါ ရေထဲပဲ ဆင်းလိုက်မယ်။"
ချင်းရွှဲယွဲ့ကလည်း အရက်များစွာ သောက်ထားပြီး ဖြစ်သည်။ လက်မြှောက်ကာ သူမနှုတ်ခမ်းကို ကာရင်း သူမကခေါင်းခါယမ်းပြီး ပြောလိုက်သည်။
"ရှင်းချန်က ညီမရဲ့ အစ်ကို။ ညီမ မနမ်းနိုင်ဘူး။"
လျန့်ကျင်းယွမ် ပြောလိုက်သည်။
"ကစားဖို့ လက်ခံနိုင်ရင်၊ ရှုံးတာကိုလည်း လက်ခံနိုင်ရမှာပေါ့။"
ထို့နောက်မှာ သူက ချင်းရွှဲယွဲ့ကို ပြောလိုက်သည်။
"ဒီတစ်ခါဆို ရေထဲ ဆင်းရုံတင် မဟုတ်ဘူး။ အသွားအပြန် တစ်ခေါက်ပါ ကူးရမယ်။ မင်း မင်းအကိုကို လုပ်ခိုင်းရက်ပြီပေါ့။"
ရှရှင်းချန် သူ့မျက်မှန်ကို ချွတ်ကာ ရေချိုးပဝါကို ဘေးပစ်ချလိုက်ပြီး ရေကူးကန် အစွန်းထိပ်တွင် မတ်တပ်ရပ်လိုက်သည်။
သူ့ဘေးမှ တစ်ယောက်ယောက်က လက်ခုပ်တီးပြီး အားပေးလာသည်။
ရှရှင်းချန် လျန့်ကျင်းယွမ်ကို ပြောလိုက်သည်။
"တစ်ပတ်၊နှစ်ပတ် ကူးရတာလောက်တော့ အဆင်ပြေပါတယ်။ ငါ့ရည်ရွယ်ချက်က မိန်းကလေးတစ်ယောက်ကိုအခက်အခဲဖြစ်အောင် မလုပ်ဖို့ပဲ။"
ထိုစကားကို ကြားချိန်မှာတော့ ဝေ့ဇယ်ဟွေး သူ့အတွက် လေချွန်ပြီး အားပေးလာတော့သည်။
ထိုအချိန်မှာပဲ တည်းခိုအိမ် ဒုတိယထပ်မှ ချန်းဟိုင်လန် အသံထွက်လာသည်။ သူက လက်ရန်းကို မှီရင်း အောက်ကလူများရှိရာကို လှမ်းအော်လိုက်သည်။
"ကျင်းယွမ်၊ မင်းကို ငါ့အစား ကလေးတွေကို ထိန်းခိုင်းထားတာနော်၊ သူတို့ကို အနိုင်မကျင့်နေနဲ့။"
ရှရှင်းချန် မော့ကြည့်လိုက်ချိန်တွင် ချန်းဟိုင်လန် ဘေးတွင် ရပ်နေကာ သူ့အား ကြည့်နေသည့် ယန်ယိုမင်ကို မြင်လိုက်ရသည်။
လျန့်ကျင်းယွမ်က ပြန်အော်သည်။ "လန်ကော၊ ခင်ဗျားက လူငယ်တွေရဲ့ ကစားနည်းတွေကို နားမလည်ပါဘူးဗျာ။ မရီးကိုသာ သွားပြီး အဖော်လုပ်နေစမ်းပါ။"
နေရာ အနှံ့တွင် ချက်ချင်းဆိုသလို ရယ်သံများ ထွက်လာတော့သည်။
ရှရှင်းချန် သူ့အကြည့်များကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ့အစာအိမ်မှာ ကဗြောင်းဆန် လှုပ်ရှားနေသည်။ ဒါ သူသောက်ထားသည့် အရက်များက နှောင့်ယှက် ကျီစယ်နေခြင်း ဖြစ်နိုင်သည်။ သူ ရေထဲ ဒိုင်ဗင် ထိုးဆင်းတော့မည့်အချိန်မှာပဲ ချင်းရွှဲယွဲ့က ရုတ်တရက် သူ့ကို လှမ်းဆွဲပြီး ပြောလိုက်သည်။
"ထားလိုက်ပါ၊ ညီမ ရှင်းချန်ကို ဒုက္ခများအောင်လည်း မလုပ်နိုင်ပါဘူး။"
ယနေ့ ဒီအချိန်မတိုင်ခင်အထိ သူတို့Variety showမှ အပိုင်း ၃ပိုင်းသာ ထုတ်လွှင့်ရသေးသည်။ ပရိုဂရမ်ကို လူသိများအောင် ကြော်ငြာရန်အတွက် အပိုင်းတစ်ပိုင်း ပြီးတိုင်းတွင် ရှရှင်းချန်နှင့် ချီရွှဲယွဲ့ နှစ်ယောက်က Weiboပေါ်တွင်ရေပန်းစား ပြောစရာတစ်ခု ဖြစ်လာပြီး အခုဆိုလျှင်ဖြင့် "ရှင်းယွဲ့" ဟုခေါ်သည့် CP ပရိတ်သတ်များပင် ရှိနေလေသည်။
[T/N : ရှင်းချန်ရဲ့ 'ရှင်း'က ကြယ်ဆိုတဲ့ အဓိပ္ပါယ်ရတယ်လို့ တစ်ခါ ပြောဖူးတယ် ထင်တယ်။ ရွှဲယွဲ့ရဲ့ 'ယွဲ့' ကကျလမင်းဆိုတဲ့ အဓိပ္ပါယ်ရတယ်။ ပြောရရင် လမင်းနှင့် ကြယ်လေးပေါ့။]
လူတိုင်းက ထိုအကြောင်းကို အနည်းနှင့် အများ သိကြတာမို့ သူတို့အကုန်လုံးက ဒီနှစ်ယောက်ကို နေရကြပ်အောင်အနှောင့်အယှက်ပေးဖို့ လုပ်ရာတွင် အထူး စိတ်ပါဝင်စားနေကြသည်။ ချင်းရွဲယွဲ့ ပြောတာကို ကြားလိုက်သည်နှင့်တစ်ယောက်ယောက်က အစပြုကာ အော်လိုက်သည်။
"နမ်းပါဗျို့၊ နမ်းပါဗျို့!"
ထို့နောက်မှာတော့ ကျန်သည့်လူများကလည်း လိုက်ပါကာ လက်ခုပ်တီးပြီး အော်ဟစ်ကြတော့သည်။
"နမ်းပါ! နမ်းပါ!"
ချင်းရွှဲယွဲ့က ရယ်ပြီး သူမကပဲ တရားမျှတစေဖို့အတွက် အရာအားလုံး စွန့်လွှတ် အနစ်နာခံလိုက်ရသလို ပြုမူနေသည်။ ရှရှင်းချန်ကို မျက်နှာချင်းဆိုင်ရင်း သူမ ခေါင်းမော့ကာ မျက်လုံးကို မှိတ်ထားလိုက်သည်။ သူမ စိတ်ထဲတွင်တော့ ဒါက တကယ်ကို သာမန် ဂိမ်းတစ်ခုသာသာ ဖြစ်လောက်မည်။
ရှရှင်းချန် ချင်းရွှဲယွဲ့ကို ငေးကြည့်နေသည်။ သူ့မှာ ငြင်းဆန်ဖို့ နည်း မရှိတော့။ သူ ခဏကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် အနည်းငယ် ငုံ့ကာ ချင်းရွှဲယွဲ့ နှုတ်ခမ်းနားသို့ နီးကပ်သွားပြီး နူးနူးညံ့ညံ့ ဖြတ်ကနဲ တစ်ချက်ထိပြီးတာနှင့် ခွါလိုက်ဖို့ တွေးကြံထားလိုက်သည်။
သူတို့ဘေးပတ်ဝန်းကလည်း ရုတ်တရက် ငြိမ်ကျသွားသည်။
သို့ပေမယ့် သူတို့နှုတ်ခမ်းနှစ်စုံ မထိခင်မှာပဲ သူ့အစာအိမ်က ရုတ်တရက် ဗြောင်းဆန်လာပြီး သူ ချက်ချင်းဆိုသလိုချင်းရွှဲယွဲ့ကို တွန်းထုတ်ကာ ပြောလိုက်သည်။
"ကိုယ် တောင်းပန်ပါတယ်။"
ပြီးသည်နှင့် သူ ပါးစပ်ကို လက်နှင့် အုပ်ကာ အနီးဆုံး တည်းခိုအိမ် ရှိရာဘက်သို့ ပြေးထွက်သွားလိုက်သည်။
တည်းခိုအိမ် အခန်းတံခါးက ကျယ်ကျယ်ပြန့်ပြန် ဖွင့်ထားပြီး အခန်းတွင်း မီးများကလည်း လင်းထိန်နေသည်။ သူအောက်ထပ်မှာပဲ ရေချိုးခန်းကို ရှာတွေ့သွားပြီး အိမ်သာခုံအရှေ့တွင် ဒူးထောက်ကာ အပြင်းအထန် အန်ချတော့သည်။
သူ အလွန်အကျွံကို အန်မိတာမို့ ဒီနေ့တစ်နေကုန် စားထားသမျှ အစာမချက်ရသေးသော အစားအစာတို့ အကုန်ပြန်အန်ထွက်လာသလိုပင်။ ထို့အပြင် အစာအိမ်ထဲမှ အက်စစ်၏ လှုံ့ဆော်မှုများကြောင့် မျက်ရည်များ၊ နှာရည်များပါစီးကျလာတော့သည်။
သူ သူ့အစာအိမ်ထဲ ဘာဆိုဘာမှ မကျန်တော့တဲ့အထိ အန်ချလိုက်သည်။ ထို့နောက် အသက်လုရှူရင်း သူလက်လှမ်းကာ ရေဆွဲချလိုက်ပေမယ့် သူ မတ်တပ်ထရပ်ဖို့ လုပ်ချိန်မှာတော့ သူ့ခြေထောက်များက ကျဉ်တက်နေပြီး သူ့မှာ ထဖို့ အင်အားတောင် မရှိတော့။
ဒါတောင်မှ သူ အခုလေးတင် ရေကန် နှစ်ပတ်ကတော့ ကူးနိုင်တယ်လို့ တွေးလိုက်သေးသည်။
ထိုအချိန်မှာပဲ အနောက်မှ တစ်စုံတစ်ယောက်က သူ့ခါးနှင့် လက်မောင်းကို ကိုင်ကာ သူ့ကို မတ်တပ် ထနိုင်ဖို့ ကူပေးလာသည်။ သူ တစ်ယောက်ယောက် ဝင်လာသည့် ခြေသံလည်း မကြားမိတာမို့ အနောက်လှည့်ကာ ကြည့်လိုက်မိပြီးသူ့ကို မတ်တပ်ထနိုင်ဖို့ ကူပေးလာသည့်သူမှာ သူ မထင်ထားသည့် ယန်ယိုမင် ဖြစ်နေသည်။
ယန်ယိုမင် စကားတစ်ခွန်းမှ မပြောလာသလို ရှရှင်းချန် ရေစိုအဝတ်တွေက သူ့ကိုပါ စိုရွှဲသွားစေတာကိုလည်း ဂရုမထား။ သူ ရှရှင်းချန်ကို လက်ဆေးဘေစင် အထိ ခေါ်သွားလိုက်ပြီး ရှရှင်းချန်အတွက် ရေပူ လှည့်ဖွင့်ပေးလိုက်သည်။
ရှရှင်းချန်မှာ ချုံးချုံးကျကာ မောပန်းနေပြီး သူ့မျက်နှာတွင်လည်း သုတ်ဖို့တောင် အခွင့်မရသေးတဲ့ မျက်ရည်စီးကြောင်းများ ရှိနေလေသည်။ သူ မှင်သေသေနှင့် ခေါ်လိုက်သည်။
"မင်ကော"
ယန်ယိုမင် ရေခွက်ထဲကို ရေနွေးများဖြင့် ဖြည့်လိုက်ပြီး ရှရှင်းချန်ကို ပလုပ်ကျင်းဖို့ ပေးလိုက်သည်။
လက်ဆေးဘေစင် အစွန်းကို မှီထားရင်း ရှရှင်းချန် သူ့ပါးစပ်ကို ပလုပ်ကျင်းပြီးနောက် ရေနွေးဖြင့် မျက်နှာပါ သစ်လိုက်သည်။
ယန်ယိုမင် သူ့ကို လွတ်ပေးကာ နေရာကျယ် ရေစိမ်ကန်အပေါ်မှ ရေပန်းကို ဖွင့်ပေးပြီး ပြောလိုက်သည်။
"ဒါ ကိုယ့်အခန်း၊ ရေချိုးပြီး အဝတ်အစား လဲလိုက်။"
ပြောပြီးသည်နှင့် ယန်ယိုမင် ရေချိုးခန်းထဲမှ ထွက်သွားသည်၊ သို့ပေမယ့် မကြာခင်မှာပဲ သူ ရှရှင်းချန်အတွက်ရေချိုးဝတ်စုံ ယူပြီး ပြန်လာသည်။
ယန်ယိုမင် နောက်တစ်ကြိမ် ပြန်ထွက်သွားချိန်မှာတော့ သူ လှမ်းပြီး ရေချိုးခန်းတံခါးကို ပိတ်လိုက်သည်။
ရှရှင်းချန် သူ၏ ရေစိုနေသည့် ဖိနပ်၊ ခြေအိတ်များကို ချွတ်လိုက်ပြီး ရေချိုးခန်း ကြွေပြားကို ခြေဗလာဖြင့် နင်းလျှောက်လိုက်သည်။ သူ သူ့အဝတ်အစားတွေ အကုန်ချွတ်ချလိုက်ပြီး ရေစိမ်ကန်ထဲသို့ ဝင်ကာ နောက်ဆုံးမှာတော့ရေနွေးများ ပန်းကျနေသည့် ရေပန်းအောက်တွင် မတ်တပ်ရပ်နေလိုက်တော့သည်။
KittyKitling
T/N : အစက ဒီနေ့ ခရီးသွားရမှာမို့လို့ မနက်ဖြန်မှပဲ Double update ပေးမလို့၊ မနေ့ညက Cmtတွေ ဖတ်လိုက်တော့Cliffhangerမှာ ထားခဲ့သလိုကြီး ဖြစ်နေလို့ .. ပြန်ရောက်ရောက်ချင်း တစ်ထိုင်တည်း ရေးလိုက်မိ။
Good Night ပါ ...