T/N : ဒီအပိုင်းက စပြီး Film mood ပုံစံ သွားတာပါ
...
ဖန်းကျန်းယွမ်က ချူးကျန်နှင့် တွဲလိုက်သည်။ ကျန်တဲ့ အကြောင်းပြချက်ဆိုသည်များထက် သူ အားကိုးရာမဲ့ဖြစ်နေတဲ့ အသူရာချောက်ထဲမှ လွတ်မြောက်အောင် ဆွဲခေါ်ပေးမည့် ကောက်ရိုးမျှင် တစ်ကြောင်းလောက်ပဲ ဖြစ်ဖြစ် ပြင်းပြင်းထန်ထန် လိုအပ်နေခဲ့ပြီး ချူးကျန်ကလည်း ထိုကောက်ရိုးမျှင်အဖြစ် ကူညီပါဝင်ပေးခဲ့သည်။
သို့ပေမယ့် များမကြာခင်မှာပဲ သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြသည်။ ချူးကျန်မှစကာ ဖန်းကျန်းယွမ်ကို လမ်းခွဲလိုက်ခြင်း ဖြစ်သည်။ သူက ဖန်းကျန်းယွမ် ပုံစံက အရမ်း ပျင်းစရာကောင်းသည်ဟု တွေးသောကြောင့်ပင်။ ဖန်းကျန်းယွမ်က ဘယ်လောက်ပဲ ကြည့်ကောင်းပါစေ အချိန် အနည်းငယ် အတူကုန်ဆုံးပြီးချိန်မှာတော့ သူ့မှာ ကြည့်ကောင်းတာ တစ်ခုပဲ ရှိနေတာကို သိလိုက်ရသည်။
ချူးကျန်က သူနှင့် ဆောင်းရာသီ အားလပ်ရက်များ မစတင်ခင် တစ်ရက်အလိုတွင် လမ်းခွဲခဲ့သည်။ ဖန်းကျန်းယွမ်ဝမ်းလည်း မနည်းသလို ဒေါသလည်း မထွက်ပဲ တည်တည်ငြိမ်ငြိမ်သာ လက်ခံခဲ့သည်။ သူတို့ လမ်းခွဲချိန်တွင် ဖန်းကျန်းယွမ်က သူ့အဆောင်အခန်းထဲတွင် အင်္ကျီများ သိမ်းဆည်းကာ အိမ်ပြန်ဖို့ အသင့်ပြင်နေသည်။ သူ့ခေါင်းထဲ ရှိနေသည့် တစ်ခုတည်းသော အတွေးမှာ 'အကယ်၍ ချူးကျန်သာ သူ့အဆောင်ခန်းထဲမှ အမြန် မထွက်သွားပါက သူတော့ သူ့ရထားအချိန်နှင့် လွဲတော့မည်' ဟူသည်ပင်။
ဆောင်းရာသီ အားလပ်ရပ်များ ပြီး၍ ဖန်းကျန်းယွမ် တက္ကသိုလ်သို့ ပြန်ရောက်လာချိန်တွင် ချူးကျန်က သူ့အဆောင်ခန်းထဲသို့ နောက်တစ်ကြိမ် ထပ်ရောက်လာခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ ချူးကျန်ပုံစံမှာ သတင်းဆိုးတစ်ခုကို သယ်လာရသည့်အတိုင်း ဖြူဖပ်ဖြူလျော် ဖြစ်နေသည်။
ယွီဟိုင်ယန်ကတော့ မြို့ရှိ စက်ရုံတစ်ခုမှာ အလုပ်လုပ်ဖို့ ပြန်သွားသည်။ ထို စက်ရုံတွင် အလုပ်သမားများအတွက်အဆောင် အဆောက်အဦးတစ်ခုရှိပြီး ယွီဟိုင်ယန်က နေ့လည်ရောက်တိုင်း ထိုအဆောင်သို့ ပြန်ကာ တရေးတမောအိပ်လေ့ရှိသည်။
ထို့နေ့ရဲ့ နေ့လည်တွင် သူ တရေးတမောအိပ်ပြီးနောက် အပေါ်ဝတ် ထပ်ကာ သူ့အလုပ်ဖော်များနှင့်အတူ အဆောင်အခန်းထဲမှ ထွက်လာပြီး လှေကားမှတစ်ဆင့် အောက်ထပ်သို့ စကား တပြောပြောနှင့် ဆင်းလာသည်။ သူတို့လှေကားအကွေ့သို့ ရောက်ချိန်တွင် ယွီဟိုင်ယန် ရင်းနှီးနေသည့် ပုံရိပ်တစ်ခု ရပ်နေတာကို တွေ့လိုက်သည်။
သူ့ကို လာရှာသူမှာ ဖန်းကျန်းယွမ် ဖြစ်သည်။ သူက အပေါ်ဝတ် ဂျက်ကပ်ထူထူတစ်ထည်ကို ဝတ်ထားပြီး သူ့လည်ပင်းမှာလည်း လည်စည်းပဝါတစ်ထည်ကို ဝတ်ကာ သူ့မေးရိုးချွန်လှလှလေးကို ဖုံးထားတာမို့ သူ့ဆံပင်အောက်မှ လှပပေမယ့် မှေးမှိန်နေသည့် မျက်လုံး တစ်စုံကိုသာ မြင်နေရသည်။
ဒီအချိန်က လူတော်တော်များများ တစ်ရေးအိပ်ကာ နိုးလာပြီးနောက် အလုပ်သို့ ပြန်သွားကြချိန် ဖြစ်သည်။ လူများက အောက်ထပ်ကို ဆင်းကြချိန်တွင် ဖန်းကျန်ယွမ်ကို ဖြတ်ကာ ဆင်းသွားကြရသည်။ ဖန်းကျန်းယွမ်က မရင်းနှီးတဲ့မျက်နှာတစ်ခု ဖြစ်တာမို့ သူတို့အကုန်လုံး ပြန် ပြန်လှည့်ကြည့်သွားကြသည်။
ဖန်းကျန်းယွမ် ခေါင်းမော့ကြည့်လိုက်ချိန်တွင် ယွီဟိုင်ယန်ကို မြင်လိုက်သည်။ သူ မျက်တောင် နှစ်ခါမျှ ခပ်လိုက်ပေမယ့် ဘာမှတော့ မပြော။
ယွီဟိုင်ယန် သူ့ဘေးမှ သူ့အလုပ်ဖော်တစ်ယောက်ကို ပြောလိုက်သည်။
"ငါ့ကို ခွင့်လေး ကူ ယူပေးဦး၊ ငါ့မှာ လုပ်စရာ တစ်ခု ပေါ်လာလို့။"
ထိုအလုပ်သမားက ဖန်းကျန်းယွမ်ကို ထူးထူးဆန်းဆန်း ကြည့်ကာ ခေါင်းငြိမ့်ပြပြီး အောက်ထပ်သို့တစ်ယောက်တည်း ဆင်းသွားလိုက်သည်။
ယွီဟိုင်ယန် သူ့လမ်းလျှောက်နှုန်းကို နှေးကာ ဖန်းကျန်းယွမ် ဘေးသို့ လျှောက်သွားပြီး မေးလိုက်သည်။
"ရှောင်းယွမ်၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ။"
လူတွေက သူတို့နှစ်ယောက်ကို ကျော်ဖြတ်သွားဆဲ။ သူ ဖန်းကျန်းယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး အခြားလူတွေရဲ့အာရုံစိုက်မှုကို မထိန်းချုပ်နိုင်တာမို့ သူ ဖန်းကျန်းယွမ် လက်မောင်းကို ဆွဲကိုင်လိုက်သည်။
ဖန်းကျန်းယွမ် တိုးတိုးလေး ပြောလိုက်သည်။ "ကျွန်တော်နဲ့ ခဏလောက် နေပေးလို့ ရမလား။"
ယွီဟိုင်ယန် သူ့ကို အပေါ်ထပ်သို့ ဆွဲခေါ်သွားလိုက်သည်။ "ကိုယ်နဲ့ လိုက်ခဲ့။"
ယွီဟိုင်ယန် ဖန်းကျန်းယွမ်ကို သူ့အဆောင်အခန်းထဲ ခေါ်သွားလိုက်သည်။ အခန်းထဲတွင် အိပ်ယာလေးခု ရှိပေမယ့်သူတို့ ဝင်သွားချိန် အခန်းထဲ ဘယ်သူမှ ရှိမနေတော့။
တံခါးပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ယွီဟိုင်ယန် ဖန်းကျန်းယွမ်ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။
ဖန်းကျန်းယွမ် ရုန်းကန်ခြင်း မပြု။ သူ သူ့မျက်နှာကို ယွီဟိုင်ယန် ပခုံးကြားတွင် ဝှက်ထားပြီး သူ့လက်ကိုတော့ အိပ်ကပ်ထဲတွင်သာ ထည့်ထားကာ ယွီဟိုင်ယန် ဖက်တာကို ခွင့်ပြုထားလိုက်သည်။
အချိန်အတော်ကြာမှ သူ ပြောလိုက်သည်။
"ကျွန်တော် AIDS ရှိနေနိုင်လောက်တယ်။"
ယွီဟိုင်ယန် တောင့်တင်းသွားသည်။ သူ ဖန်းကျန်းယွမ်ကို တဖြည်းဖြည်း လွှတ်ပေးပြီး လက်မြှောက်ကာ ဖန်းကျန်းယွမ်မျက်နှာကို ဖုံးထားသည့် လည်စင်းပဝါလေးကို ဆွဲချွတ်ရင်း ဖြူလျော့နေသည့် နှုတ်ခမ်းပါးကို ကြည့်ပြီး မေးလိုက်သည်။
"မင်း ဘာပြောလိုက်တာ၊"
ဖန်းကျန်းယွမ် ယွီဟိုင်ယန်ကို ကြည့်ရင်း တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်သည်။
"ကျွန်တော် ကောင်လေးတစ်ယောက် ရှိခဲ့တယ်။ လမ်းခွဲပြီးပြီ ဆိုပေမယ့် လွန်ခဲ့တဲ့ နှစ်ရက်လောက်က သူ ကျွန်တော့်ကို ပြန်လာရှာပြီး သူ့မှာ AIDS ရှိနေတယ်လို့ ပြောလာတယ်။"
ချက်ချင်းဆိုသလိုပဲ ယွီဟိုင်ယန်မျက်နှာတွင် သွေးမရှိသလို ဖြစ်သွားသည်။ သူ ဖန်းကျန်းယွမ် လက်ကို ဆုပ်ကိုင်ပြီး မေးလိုက်သည်။ "ဘယ်တုန်းက ဖြစ်သွားတာလဲ။"
ဖန်းကျန်းယွမ် သူမေးချင်တာကို သေချာ နားမလည်။
"ဘာကို ဘယ်တုန်းက ဖြစ်တာလဲ။"
ယွီဟိုင်ယန် လည်ချောင်းက သွေးများဖြင့် ပိတ်ကာစီးနေသလို ခြောက်ကပ်၊ နာကျင်နေသည်။ သူ ပြောလိုက်သည်။
"သူက ဘယ်တုန်းက အာ့ရောဂါ ရခဲ့တာလဲ၊ မင်းနဲ့ သူနဲ့ကကော ဘယ်တုန်းက -"
"သူပြောတာတော့ သူ မသိဘူးတဲ့ - ကျွန်တော် သူနဲ့ နှစ်ခါပဲ လုပ်ဖူးတယ်။ နောက်ဆုံး လုပ်ခဲ့တာက နိုဝင်ဘာ၁၀ရက်နေ့က"
ဖန်းကျန်းယွမ် လေသံက တည်ငြိမ်သည်၊ မသိသူ နားထောင်ပါက အခြားသူတစ်ယောက် အကြောင်း ပြောပြနေသလိုပင်။
ယွီဟိုင်ယန် ဖန်းကျန်းယွမ်လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ "သူက ကွန်ဒုံး မသုံးဘူးလား။"
ဖန်းကျန်းယွမ် သူ့လက်အားကြောင့် နာသွားသည်။ မျက်မှောင်ကြုတ်ကာ အနောက်သို့ ခြေဆုတ်ရင်း သူ့လက်ကိုဆွဲထုတ်လိုက်သည်။
ယွီဟိုင်ယန် သူ့လက်ကို ဆုပ်ကိုင်ခြင်းက ချက်ချင်းဆိုသလို ငြင်ငြင်သာသာလေး ဖြစ်သွားသည်။
"ဆောရီး၊ ရှောင်းယွမ်"
ထိုအခါမှသာ ဖန်းကျန်းယွမ် ပြောလိုက်သည်။ "နောက်ဆုံးတစ်ခေါက်က မသုံးဘူး။"
အခုက ဖေဖော်ဝါရီ လကုန်သို့ ရောက်နေပြီ။
ယွီဟိုင်ယန် သူ့ကို နူးနူးညံ့ညံ့ မေးလိုက်သည်။ "မင်း ဆေးစစ်သွားသေးလား။"
ဖန်းကျန်ယွမ် ယွီဟိုင်ယန်ကို စိုက်ကြည့်လာသည်။ သူ ခဏကြာအောင် တိတ်နေပြီးမှ ပြောလိုက်သည်။
"ကျွန်တော် မသွားရဲလို့၊ အစ်ကို ကျွန်တော်နဲ့ လိုက်ခဲ့ပေးလို့ ရမလား။"
ယွီဟိုင်ယန် အသံမှာ ဖန်းကျန်းယွမ် ကြောက်လန့်သွားမှာကို စိုးထိတ်နေသည့်အလား နူးညံ့ ညင်သာသည်။ သူ ဖန်းကျန်းယွမ် အရပ်နှင့် ညီအောင် ဒူးကွေးချလိုက်ပြီး ဖန်းကျန်းယွမ်၏ ရေခဲတမျှ အေးစက်နေသည့် လက်နှစ်ဖက်ကိုသူ၏ နွေးထွေးသော လက်တစ်စုံဖြင့် ကိုင်ကာ ပြောလိုက်သည်။
"ကိုယ်တို့ အခု ဆေးသွားစစ်လည်း ရတာပဲ၊ ကိုယ်တို့ ဒီနေ့လည်ခင်းပဲ သွားကြမယ်။ ဟုတ်ပြီလား။"
ဖန်းကျန်းယွမ် ခေါင်းငုံ့ကာ သူ့လက်ကို တင်းတင်းကျပ်ကျပ် ကိုင်ထားသည့် ယွီဟိုင်ယန် လက်တစ်စုံကို ကြည့်ပြီးပြောလိုက်သည်။
"ကျွန်တော် ကူးနေပြီးသား ဖြစ်နေမှာ အစ်ကို မကြောက်ဖူးလား။"
ယွီဟိုင်ယန် ဖန်းကျန်းယွမ်ကို ရုတ်တရက် အားကုန်သုံးကာ ဆွဲဖက်လိုက်ပြီး သူ့လက်များကို ဖန်းကျန်ယွမ်လက်မောင်းအောက်မှ လျှိုကာ ဖက်ထားပြီး ဖန်းကျန်းယွမ် နား အနားကပ်ကာ ပြောလိုက်သည်။
"လုံးဝပဲ၊ မင်းက သေချာပေါက် အဆင်ပြေသွားမှာ။ မကြောက်နဲ့နော်။"
ဖန်းကျန်းယွမ် ယွီဟိုင်ယန်၏ အနောက်ရှိ နံရံကို ငေးငေးငိုင်ငိုင် ကြည့်နေလိုက်သည်။ ခဏကြာမှ သူ လက်မြှောက်ကာ ယွီဟိုင်ယန်၏ အင်္ကျီအနားစလေးကို ဆွဲကိုင်ထားလိုက်သည်။
ထိုနေ့လည်ခင်းက ယွီဟိုင်ယန် ဖန်းကျန်းယွမ်ကို သွေးစစ်ဖို့ CDCသို့ ခေါ်သွားလိုက်သည်။
တစ်ရက်တည်းမှာပဲ အဖြေက ထွက်မလာနိုင်။ သူတို့ CDCမှ ထွက်လာချိန်တွင် ယွီဟိုင်ယန် ပြုံးကာ တမင် ပေါ့ပေါ့ပါးပါး ဖြစ်နေသလို လေသံနှင့် ဖန်းကျန်းယွမ်ကို မေးလိုက်သည်။
"ဒီည ဘာစားချင်လဲ၊ ကိုယ် မင်း စားဖို့ လိုက်ပို့ပေးမယ်။"
ဖန်းကျန်းယွမ် လမ်းလျှောက်နေတာကို ရပ်ပြီး ယွီဟိုင်ယန်ကို ကြည့်လိုက်သည်။
"အစ်ကို အိမ်ပြန်ဖို့ မလိုဘူးလား။"
ယွီဟိုင်ယန် ပြောလိုက်သည်။ "ကိုယ် ဒီနေ့ အိမ်မပြန်ဖြစ်လောက်ဘူး။"
ဖန်းကျန်းယွမ်က သူ့မျက်နှာ တစ်ဝက်လောက်ကို လည်စည်းပဝါနှင့် ကွယ်ထားဆဲပင်။ သူ ပြောလိုက်သည်။
"ကျွန်တော် တောင်းပန်ပါတယ်။"
ယွီဟိုင်ယန် ကြောင်သွားသည်။ "ဘာလို့ တောင်းပန်တာလဲ။"
ဖန်းကျန်းယွမ် ပြောလိုက်သည်။ "ကျွန်တော် အစ်ကို့ကို လာမရှာသင့်ဘူး။ ဒါပေမယ့် တခြား ဘယ်သူ့ကို သွားရှာရမလဲဆိုတာလဲ ကျွန်တော် မသိဘူး။"
ယွီဟိုင်ယန် အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ ဖန်းကျန်းယွမ် လက်မောင်းကို ကိုင်ထားတာကို ပိုတင်းကြပ်လိုက်ပြီး သူတို့လက်ချောင်းချင်း ယှက်လိုက်ကာ အနားသို့ ဆွဲပြီး - "မင်း ကိုယ့်ကို လိုအပ်နေသ၍ မင်း မလုပ်သင့်ဘူးဆိုတာ ဘာဆိုဘာမှ မရှိဘူး။"
သူတို့ CDC အနားမှ ဘတ်စ်ကား တစ်စီးပေါ် တက်လိုက်သည်၊ ဘယ်သွားမလဲဆိုတာ ဆွေးနွေးထားခြင်း မရှိပဲဘတ်စ်ကား တစ်စီးလုံး လူမရှိတော့တာကိုသာ ကြည့်နေလိုက်ကြသည်။ ထို့နောက်တွင်တော့ သူတို့ နောက်ဆုံးတန်းသို့ သွားထိုင်လိုက်ကြသည်။
နွေဦးပွဲတော်များက ပြီးဆုံးသွားပြီ ဆိုပေမယ့် ဆောင်းရာသီကတော့ လုံးဝ ပြီးဆုံးသွားသေးတာ မဟုတ်။ ညကောင်းကင်က စောစော မှောင်မိုက်ပြီး ကားလမ်းဘေး သစ်ပင်များမှာလည်း အရွက်မရှိ သစ်ကိုင်းများသာဖြစ်သည်။ မြို့တစ်မြို့လုံးတွင်တော့ ပွဲတော်၏ အငွေ့အသက်များ ကျန်ရှိနေသေးဆဲ - Shopping mall တံခါးဝမှာ မဖြုတ်ရသေးသည့် အနီရောင် မီးအိမ်များကဲ့သို့ပင်၊ သို့ပေမယ့် သူတို့အကုန်လုံးက ပွဲတော် အချိန်အခါတုန်းကလိုမျိုး စည်ကား အသက်ပါမှု မရှိတော့။ ဆန့်ကျင်ဘက်အနေနှင့် သူတို့က ညှိုးမှိုင်းစေသော အထီးကျန်မှုဆိုသည့်ခံစားချက်ကို ပေးစွမ်းနေသည်။
ဖန်းကျန်းယွမ် သူ့လက်ကို မလွှတ်တမ်း ကိုင်ထားသည့် ယွီဟိုင်ယန်နှင့်အတူ ပြတင်းပေါက်ဘက်ခုံတွင် ထိုင်လိုက်သည်။
သူ တဖြည်းဖြည်း မှောင်နက်သွားပြီး အပြင်ဘက်မှ မြင်ကွင်းများအစား မှန်မှ ကိုယ့်အရိပ်ကိုယ် ပြန်မြင်နေရသည့်အချိန်အထိ ပြတင်းပေါက်ကိုသာ ငေးကြည့်နေသည်။ သူ နေရာအနည်းငယ် ရွေ့လိုက်ရင်း ခေါင်းလှည့်လာကာ ဖြည်းဖြည်းချင်း ယွီဟိုင်ယန် ပခုံးပေါ် မှီချရင်း ပြောလိုက်သည်။
"အကယ်၍များ ကျွန်တော့်မှာသာ တကယ် AIDS ရှိနေရင် ဘယ်လိုလုပ်မလဲ။"
ယွီဟိုင်ယန် သူ့ကို တိုးတိတ်သော အသံတစ်ခုဖြင့် ပြန်ဖြေလာသည်။ "ကိုယ် မင်းနဲ့အတူ ရှိနေပေးမယ်လေ၊ ဟုတ်ပြီလား။"
ဖန်းကျန်းယွမ် ရုတ်တရက် ထရယ်သည်။ ထိုရယ်သံမှာ လှောင်ရယ်သံမျိုးပင်။ သူ ပြောလိုက်သည်။
"အစ်ကို ကျွန်တော့်ကို ထပ်လိမ်နေပြန်ပြီ။"
ယွီဟိုင်ယန် သူ့လက်များကို ဆုပ်ကိုင်ရင်း သူ့နှုတ်ခမ်းနားတေ့ကာ အနမ်းတစ်ပွင့်ပေးပြီး ပြောလိုက်သည်။
"ဒါတွေအကုန် အဆင်ပြေသွားမှာပါ၊ ရှောင်းယွမ်။"