မာမားဖန်က အခြေအနေ စိုးရိမ်ရသည့် အူအတက်ရောင်ခြင်းကို ခံစားနေရသည်။ အမှန်တကယ် သူမ နာကျင်မှုကို ခံစားရသည်မှာ အချိန်တစ်ခုကျော် ကြာနေပြီ ဖြစ်ပေမယ့် အရေးမကြီးဟု တွေးကာ ဖန်းကျန်းယွမ်ကိုလည်း မပြောပြထားသလို ဆေးရုံကိုလည်း မသွား။ သူမ ညဘက် အိပ်မောကျနေချိန်မှ နာကျင်မှုကို သည်းမခံနိုင်တော့ပဲဘေးအခန်းမှ သူမသားကို လှမ်းခေါ်ရတော့သည်။
ဖန်းကျန်းယွမ် အပြေးလာပြီး အိပ်ယာဘေး ဒူးထောက် ထိုင်ချလိုက်ချိန် သူ့အမေ ဆံပင်များ ချွေးများဖြင့် စိုရွှဲနေသည်ကို တွေ့လိုက်ရသည်။ သူမ အရမ်း နာကျင်နေသည်ကို မြင်တွေ့ရတာမို့ သူ ချက်ချင်းပြောလိုက်သည်။
"သား ဆေးရုံကို ခေါ်သွားပေးမယ်!!"
သူတို့ နယ်မြို့ ဆေးရုံသည် ဖန်းကျန်းယွမ်တို့ အိမ်နှင့် သိပ်မဝေး။ လမ်းလျှောက်သွားပါက ဆယ်မိနစ်မျှနှင့် ရောက်ပေမယ့် သူတို့အိမ် အနီးအနားတွင် အလွယ်အကူ ငှါးလို့ရမည့် တက်စီများ မရှိ။ ထို့အပြင် နောက်ကျနေသောအချိန်၌ လမ်းတွင် ကားတားလို့ ရမည်လို့လည်း သူမထင်။
ဖန်းကျန်းယွမ် သူ့အမေကို ထထိုင်နိုင်ဖို့ ကူညီပေးလိုက်ပြီး တစ်ဖက်သို့ လှည့်ကာ ဒူးကွေး ထိုင်ချရင်း ပြောလိုက်သည်။
"ကျောပေါ်တက် မေမေ။ သား ဆေးရုံအထိ သယ်သွားပေးမယ်။"
ထိုအချိန်၌ ယွီဟိုင်ယန် ပွင့်နေပြီးသား တံခါးကို ခေါက်ရင်း ပြောလာသည်။
"ကိုယ် သယ်မယ်။"
-Script Mood (End)-
ဇာတ်ညွှန်းထဲတွင် ယွီဟိုင်ယန်သည် ဖန်းကျန်းယွမ် အမေကို ကျောပေါ်တင်ကာ ဆေးရုံသို့ အပြေး ပို့ပေးပြီး ဖန်းကျန်းယွမ် အရေးပေါ် ဖုန်းနံပါတ်အား ဆက်သွယ်ရာတွင်လည်း ကူညီပေးပြီး မာမားဖန်းကို ကြည့်ရှုဆောင်မှခွဲစိတ်ခန်းသို့ ပို့သည်အထိ အစအဆုံး ကူညီပေးလိုက်သည်။
သူတို့ နှစ်ယောက် ခွဲခန်းရှေ့၌ စောင့်နေချိန်တွင် ဖန်းကျန်းယွမ်ဘက်မှ စတင်ပြီး ယွီဟိုင်ယန် လက်ကို ကိုင်လိုက်သည်။ သူ မပြောပြနိုင်လောက်အောင် ကျေးဇူးတင်နေမှုကို ဖော်ပြရန်အတွက်ကော ယွီဟိုင်ယန်အပေါ်၌ သူ၏အလုံးစုံ မှီခိုနေမှုကိုပါ ဖော်ပြရန်အတွက် ဖြစ်သည်။
ထိုအခန်းများကို လက်တလော ရိုက်ကူးမည် မဟုတ်။ ဟောကျန်းက လူနေဝေးတဲ့ မြို့တစ်မြို့နှင့် ဆေးရုံဟောင်းတစ်ခုအား ရှာတွေ့ထားပြီး ထိုနေရာသို့ သွားရောက် ရိုက်ကူးရန် သူ စိတ်ကူးထားသည်။ ထိုအချိန်ကျလျှင် အဲ့ဒီ့မြို့မှာပဲ အခြား Sceneများလည်း ရိုက်ရန် ရှိနေပေသေးသည်။
ဆေးရုံ ရိုက်ကွက်များ ပြီးသွားပါက ဇာတ်လမ်း၏ ဒုတိယမြောက် ဖန်းကျန်းယွမ်နှင့် ယွီဟိုင်ယန်ကြားမှချစ်ကျွမ်းဝင်သည့် အခန်း တွဲကာ ပါလာမည်ဖြစ်ပြီး ထိုအခန်းသည် ဆေးရုံအတွင်းမှ အိမ်သာတွင် ဖြစ်သွားခြင်းပင်။
အိမ်သာကို အိုဟောင်းသည့်ပုံစံတည်ထားပြီး ညစ်ပေနေသည့် တံခါးချပ်များကို ရိုက်ကူးရေး ဝန်ထမ်းများကိုယ်တိုင် ပြုလုပ်ထားသည်။
ယနေ့အချိန်အထိ ရှရှင်းချန် ယန်ယိုမင်နှင့်တွဲကာ အလွန်အကြူး ထိတွေ့ရမည့် အခန်းများ ရိုက်ရမည်ဆိုပါကပြင်းထန်သည့် စိတ်ဖိအားများ ခံစားရဆဲပင်။ သို့သော် ထိုစိတ်ဖိအားများကို ဖန်းကျန်းယွမ်၏ စိတ်ခံစားချက်အနေဖြင့် သူပြောင်းလဲနိုင်ခဲ့ပြီ။
သူတို့ ရိုက်မည့် Sceneအကြောင်း ဆွေးနွေးချိန်တွင် ဟောကျန်း ရှရှင်းချန်အား မေးလာသည်။
"အခုအချိန် ဖန်းကျန်းယွမ် ဘယ်လိုအတွေးမျိုး ရှိနေမယ်လို့ ထင်လဲ။"
ရှရှင်းချန် သူ့လက်ထဲမှ ဇာတ်ညွှန်းအား စိုက်ကြည့်နေသည်။ သူ ပြောရမည့် စာကြောင်းတိုများကို အကြိမ်ပေါင်းများစွာ ဖတ်ပြီးနေပေမယ့် မည်သူ့မျက်လုံးကိုမှ မော့ မကြည့်ချင်သည်မို့ ခေါင်းငုံ့ရင်းသာ ဖြေလိုက်သည်။
"သူ့စိတ်ထဲ အနစ်နာခံပြီး ပေးအပ်လိုက်မယ်ဆိုတဲ့ အတွေးမျိုး ရှိနေမယ်လို့ ထင်တယ်။"
သူ့စကား ဆုံးသည်နှင့် ဇာတ်ညွှန်းငုံ့ဖတ်နေသည့် ယန်ယိုမင်ပင် သူ့အား မော့ကြည့်လာသည်။
ရှရှင်းချန် ထိုအကြောင်းအား သတိမမူမိ။
ဟောကျန်း သူ့အား ဆက်မေးသည်။
"ဘာလို့ အနစ်နာခံပြီး ပေးအပ်တယ်လို့ ထင်တာလဲ။ ဖန်းကျန်းယွမ်က ဒီကိစ္စကို စိတ်ပါလို့ လုပ်တာ မဟုတ်ပဲကျေးဇူးတင်လို့ လုပ်ခွင့်ပေးလိုက်တယ်လို့ ထင်တာလား။"
"မဟုတ်ဘူး။ မဟုတ်ဘူး။" ဟောကျန်း စကား ကြားချိန်တွင် ရှရှင်းချန် ချက်ချင်း ခေါင်းမော့ကာ ငြင်းလိုက်ပြီးနောက် သူ့အား နှစ်ယောက်လုံး စိုက်ကြည့်နေသည်ကို သတိထားမိသွားသည်။ သူ စိတ်မသက်မသာ ဖြစ်သွားပေမယ့် ဆက်ရှင်းပြလိုက်သည်။
"နတ်ဘုရားကို ယုံကြည်တဲ့သူတွေက ယစ်ပူဇော်သလိုမျိုးပဲ။ သူ့နှလုံးသားက ကြောက်ရွံတုန်လှုပ်နေပေမယ့် သူ့ရင်ထဲက အချစ်တွေက ဒီလူသာ လိုချင်တယ်ဆို သူ့ကိုယ်သူ ပေးလိုက်နိုင်တယ်ဆိုတဲ့ သတ္တိမျိုး ပေးသွားတာလို့ကျွန်တော် ထင်တယ်။"
ယန်ယိုမင် သူ့အား ရုတ်တရက် မေးခွန်း မေးလာသည်။
"အသက် 18နဲ့ 19ကြားက ကောင်လေး သူ သဘောကျနေတဲ့ သူနဲ့ အတူ ချစ်ကျွမ်းဝင်ရမှာ ၊ ဖန်းကျန်းယွမ်မှာကောတူညီတဲ့ လိုချင်စိတ်တွေ ရှိနေမှာ မဟုတ်ဘူးလား။"
ရှရှင်းချန် ယန်ယိုမင်အား ဖြတ်ကနဲ လှမ်းကြည့်ပြီးနောက် ချက်ချင်း မျက်လွှာချကာ ပြောလိုက်သည်။
"ကျွန်တော်က ကျွန်တော့်အနေနဲ့ နားလည်ထားတဲ့ ဖန်းကျန်းယွမ် ပုံစံကို ပြောပြတာပါ။ သူက ကျောင်းလည်း မပြီးသေးဘူး။ တစ်ခုခုဆိုလည်း ရှက်တတ်တယ်။ တစ်ဖက်လူကျတော့ လူကြီး ပြီးတော့ ပိုဆိုးတာ ယောက်ျားတစ်ယောက်။ သူ ခံစားနေရတဲ့ ဖိအားတွေက ထင်ထားတာထက် ပိုကြီးမှာ။ ပြီးတော့ ဒီဆက်ဆံရေးက အစကတည်းကမဖြစ်လာသင့်တဲ့ ဆက်ဆံရေး။ ဒါက ရွယ်တူ ကောင်လေးနဲ့ ကောင်မလေး မခူးရ အသီးကို ခိုးခူးတာထက် ပိုဆိုးတယ်။ အဲ့တာကြောင့် ကျွန်တော် တွေးမိတာ..."
သူ စကားဆုံးသည်အထိ မပြောလိုက်။ သူ ဟောကျန်း အမြင်အား ကြားသိချင်သေးသည်။ ဘယ်လိုပဲ ဖြစ်ပါစေဟောကျန်းက ဒါရိုက်တာဖြစ်ပြီး ဒါရိုက်တာနှင့် သရုပ်ဆောင်သူ အမြင်ချင်းမတူပါက ထွက်လာမည့် ရလာဒ်အပေါ်ထိရောက်မှု အများကြီး ရှိသွားနိုင်သည်။
ဟောကျန်း စကားတစ်ခွန်းမှ မပြောလာ။ သူ ရှရှင်းချန် ပြောသည်ကို နားထောင်ရင်း တိတ်ဆိတ်သွားပြီးမှ ယန်ယိုမင်အား မေးလိုက်သည်။
"မင်းကော ဘယ်လိုမြင်လဲ။"
ယန်ယိုမင် ပြောလာသည်။
"ငါ့မှာ သီးသန့် ထင်မြင်ချက် ဆိုပြီး မရှိဘူး။ နှစ်ယောက်လုံးရဲ့ အတွေးကို သဘောတူပါတယ်။ ပြီးတော့ ဖန်းကျန်းယွမ်နေရာက သရုပ်ဆောင်ရမှာ ငါ မဟုတ်ဘူးလေ။"
ဟောကျန်း ခေါင်းငြိမ့်ပြီးနောက် သူ့လက်ထဲမှ ဇာတ်ညွှန်းအား လိပ်လိုက်သည်။
"ဒါဆို ရှရှင်းချန် တွေးတဲ့ ပုံစံအတိုင်း အရင်ရိုက်ကြည့်တာပေါ့။ ငါ ထွက်လာတဲ့ ရလာဒ်ကို ကြည့်ပြီး ပြန်ရိုက်ရမလား မရိုက်ရဘူးလား ပြောမယ်။"
ရှရှင်းချန် 'အွန်း' ဟုသာ အသံထွက်လိုက်သည်။
ဟောကျန်း ရှရှင်းချန်း ပုခုံးပေါ် လက်တင်ရင်း ပြောလိုက်သည်။
"ငါ ရိုက်ကွင်းနေရာကို လူရှင်းခိုင်းလိုက်တော့မယ်။ ငါနဲ့ ကင်မရာမန်း တစ်ယောက်ပဲ အခန်းထဲ ရှိနေမှာ။ မင်းတို့လက်ထောက် နှစ်ယောက်ကိုလည်း အပြင်ထွက်ခိုင်းထားမယ်။ အဲ့တာကြောင့် ဘာကိုမှ စိုးရိမ်မနေနဲ့။ ငါ့အတွက်မင်းရဲ့ နှလုံးသားကော စိတ်ဝိဉာဉ်ကော ဒီSceneထဲမှာ နစ်ဝင်ပေးနေဖို့ မျှော်လင့်တယ်။"
ရှရှင်းချန် : "ဟုတ်ကဲ့"
ထို့နောက် ဟောကျန်း ယန်ယိုမင်အား ပြောလိုက်သည်။
"မင်းကတော့ ပရိုဆိုတော့ ငါ ထပ်ပြီး သတိပေးစရာ မလိုတော့ပါဘူး။"
ယန်ယိုမင် သူ့အား ခေါင်းလှုပ်ရုံမျှသာ ခေါင်းငြိမ့်ပြလိုက်သည်။
ရှရှင်းချန် သူတို့ အစမ်း စတင် မရိုက်ခင် နောက်ဆုံးတစ်ကြိမ် အလင်းရောင် စစ်နေခြင်း ပြီးသွားသည်အထိ ထိုင်ခုံတွင် ထိုင်စောင့်နေလိုက်သည်။
သူ ရေခွက်လှမ်းယူကာ ရေ အများကြီး သောက်လိုက်ပေမယ့် လည်ချောင်း ခြောက်သွေ့နေဆဲပင်။
သူ့လက်ထောက် ရှောင်းတန် အာရုံကတော့ သူ့အပေါ်တွင် ရှိမနေ။ ဘေးမှ အင်္ကျီစီစဉ်ပေးသည့် အစ်မအသစ်တစ်ယောက်နှင့် အတင်းစကားများ ပြောနေသည်။
ရှရှင်းချန် ယန်ယိုမင်အား တစ်ချက် အမြန် လှမ်းကြည့်လိုက်မိသည်။
သူတို့နှစ်ယောက် စိမ်းကားနေသည်လည်း မဟုတ်။ သို့သော် ဟိုနေ့ည အဖြစ်အပျက် ပြီးသွားချိန်မှ စကာ ရှရှင်းချန်ယန်ယိုမင်နှင့် သူ့ကြားမှ အကွာအဝေးကို တမင် ထိန်းထားတော့သည်။ သူ ဇာတ်ကောင်ထဲ အရမ်း နစ်မြှပ်နေတာမို့ ရုပ်ရှင်ထဲမှ အခြားသူတစ်ယောက်အတွက် ခံစားချက်အား ယန်ယိုမင်နှင့် လွဲမှားကာ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု မထင်စေချင် - ဒါက ယန်ယိုမင်ကို စိတ်ရှုပ်စေလေ့မည်။
သူတို့ နေ့တိုင်း ရိုက်ကွင်းတွင် တွေ့နေကြပေမယ့် နှစ်ယောက်ကြားတွင် ယဉ်ကျေး စိမ်းကားသော နှုတ်ဆက်မှုမှလွဲ၍ ပိုရှိမလာ။ အခြားသော စကားပြောမှုများသည် ရိုက်ကူးရေးနှင့် ဆက်စပ်လာမှသာ ဖြစ်ပေါ်လာသည်။
အစကတည်းက သူတို့နှစ်ယောက်သည် ရိုက်ကွင်း အပြင်တွင် ခင်မင်ခြင်းမရှိ။ အခုအချိန်တွင် ထိုခင်မင်ခြင်းမရှိသည်မှာ ပို၍ သိသာသွားသည်။ ရိုက်ကွင်းမှ လူတိုင်း သူတို့နှစ်ယောက်ကြား ပြောဆိုဆက်ဆံခြင်း သိပ်မရှိတော့သည်မှာ ရှရှင်းချန် ယန်ယိုမင်အား ပါးရိုက်လိုက်ခြင်းကြောင့်ဟု ထင်နေကြသည်။ သို့သော် သူတို့နှစ်ယောက်ကြား အနေအေးသွားခြင်းမှာ ထိုပါးရိုက်ချက်ကြောင့် မဟုတ်ပဲ သူ မူးနေချိန် ပြောလိုက်သော စကားများကြောင့်ဆိုသည်ကို ရှရှင်းချန် သိသည်။
အလင်းရောင် ချိန်ဆပြီး အဆင်သင့်ဖြစ်ချိန်တွင် လက်ထောက် ဒါရိုက်တာ စပီကာအသေးလေးဖြင့် လူရှင်းဖို့ အော်လိုက်သည်။
ရှရှင်းချန် အသက်ပြင်းပြင်း ရှုကာ ထရပ်လိုက်ပြီးနောက် သူ့ဘေး၌ ယန်ယိုမင် ရပ်နေသည်ကို မြင်လိုက်ရသည်။သူ့ဘေးနား ဒီလူရှိနေသည်ဆိုသည့် အသိက သူ့အား ရုတ်တရက် စိတ်လှုပ်ရှားလာစေသည်။
ယန်ယိုမင် ပြုံးကာ သူ့အား အသံတိုးတိုးလေးဖြင့် ငြင်သာစွာ ပြောလာသည်။
"ကိုယ် ဒီအခန်းကို ရိုက်ဖို့ စိတ်ကော ကိုယ်ကော နှစ်ထားမှာ။ ကိုယ်တို့ ကောင်းကောင်း တွဲလုပ်နိုင်မယ်လို့ မျှော်လင့်တယ်။"
ရှရှင်းချန် ယန်ယိုမင် ပြောချင်သည့် အဓိပ္ပါယ်ကို သေချာ နားမလည်ပေမယ့် ခေါင်းငြိမ့်လိုက်သည်။
"ကျွန်တော် နားလည်ပါတယ်။"
သူ့မျက်လုံးများက နားမလည်သည်ကို ဖော်ပြနေ၍လား မသိ။ ယန်ယိုမင် ပြုံးရင်း သူ့လက်ကို မြှောက်ကာ ရှရှင်းချန် ခေါင်းအား အသာပွတ်ပေးပြီးနောက် ရိုက်ကူးမည့်နေရာဘက်သို့ ထွက်သွားတော့သည်။
//KittyKitling//