ဟောကျန်းက မျက်မှောင်ကြုတ်ကာ လက်တစ်ဖက်ပိုက်ရင်း ကျန်လက်တစ်ဖက်မှ မေးစေ့ကို ထောက်ထားရင်း အခုနက ရိုက်ထားသည့် Sceneကို ထပ်ကာတလဲလဲ ကြည့်နေသည်။ စိတ်တိုင်းမကျပုံပေါ်၏။
ယန်ယိုမင်က သူ့နား ကပ်သွားကာ မေးလိုက်သည်။
"အစအဆုံး ပြန်ရိုက်ချင်လား။"
ဟောကျန်းက မော့ကြည့်ရင်း ရေစိုပုဝါကို ပါးမှာ ကပ်ထားသည့် ယန်ယိုမင်ကို မြင်လိုက်သည့်အခါ လွတ်ကနဲ အော်ရယ်တော့သည်။
စိတ်ဓာတ်ကျကာ ထိုင်နေသည့် ရှရှင်းချန်တစ်ယောက် ဟောကျန်း ရယ်သံကို ကြားလိုက်သည့်အခါ ပိုပင်ရှက်သွားတော့သည်။ သူ ဒူးခေါင်းကို ပိုက်ထားရင်း သက်ပြင်း တိုးတိုးလေး ခိုးချကာ ခေါင်းငိုက်စိုက်ကျနေ၏။
ဟွမ်းကျီစင်းက သူ့ဘေးတွင် ဒူးထောက်ထိုင်ချရင်း ပုခုံး ပုတ်ကာ ပြောသည်
" သွား တောင်းပန်လိုက်"
ရှရှင်းချန် အသက်ပြင်းပြင်း ရှုကာ ထရပ်ပြီး ယန်ယိုမင်နှင့် ဟောကျန်း ရပ်နေသည့်နေရာသို့ လျှောက်သွားလိုက်သည်။
သို့သော် စီစဉ်ထားသလို ဖြစ်မလာ။ ယန်ယိုမင် သူ လျှောက်လာသည်ကို သတိထားမိ၍ ဖြစ်လောက်မည်။ မထင်မှတ်ထားစွာပဲ ဟောကျန်းဘေးမှ ထွက်သွားကာ လီယွမ် ရှိရာသို့ လျှောက်သွားပြီး ရေစို ပုဝါကို သူမအားပေးလိုက်သည်။ သူ့ပါး ဖူးရောင်နေသည်မှာ အသိအသာပင်။
ယန်ယိုမင် သူ့အား ရှောင်ရှားသွားပုံက ပုံမှန်အနေအထားဆန်လွန်းသည်။ သူ့ဘေးမှ လူတိုင်း ထိုလုပ်ရပ်သည် တမင် ရှောင်ရှားခြင်း ဟုတ်လား မဟုတ်လား ဆိုသည်ကို မပြောနိုင်။ ရှရှင်းချန်ကတော့ သူ့နှလုံးသားတစ်ခုလုံး နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။
ဟောကျန်း ရှရှင်းချန်း လျှောက်လာရင်း တွေဝေစွာ မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရတာကြောင့် ပြောလိုက်သည်။
"ဘာမှမဖြစ်ဘူး။ ခံစားချက် ဖော်ပြတာတွေ ကောင်းတယ်။"
"ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် -" သူ့စိတ်ထဲ အကုန် ရှုပ်ထွေးနေပြီး ဘာပြောရမှန်းပင် သူမသိ။
"ကျွန်တော်တို့ အာ့အခန်းကို ပြန်ရိုက်ရမှာလား။" ဟုသာ မေးလိုက်နိုင်သည်။
ဟောကျန်း ပြောလိုက်သည်။ "ငါတို့ ဒီနေ့ ပြန်ရိုက်မယ်ဆိုရင်တောင် ယန်ယိုမင် မျက်နှာနဲ့က ဘာမှ လုပ်မရဘူး။ ငါစဉ်းစားကြည့်ပါဦးမယ် ပြန်ရိုက်ဖို့ လိုရင် အာ့ခါကျမှ ပြောကြတာပေါ့။"
ရွေးချယ်စရာ မရှိ ရှရှင်းချန် သဘောတူ ခေါင်းငြိမ့်လိုက်ရသည်။
ဒီနေ့ ရိုက်ကူးရေးသည် သတ်မှတ်ထားသည့် အချိန်ထက် စောကာ ပြီးသွားသည်။
ဟွမ်းကျီစင်း ရှရှင်းချန်နှင့် ညစာအတူစားဖို့ စီစဉ်ထားပေမယ့် ရှရှင်းချန် စားချင်စိတ်မရှိဟု ဆိုကာ ညစာ မစားပဲဟိုတယ်သို့ တစ်ယောက်တည်း ပြန်သွားသည်။ သူ ခြေကောလက်ကော ဆန့်ကာ အိပ်ယာပေါ် လှဲချလိုက်ပြီး အခန်းအောင်းနေလိုက်တော့သည်။
7နာရီထိုးပြီး မိနစ်အနည်းငယ်အကြာတွင် ဟွမ်းကျီစင်း ရှရှင်းချန်ကို ဖုန်းခေါ်လာပြီး အလောတကြီးဖြင့် ပြောလိုက်သည်။
"မင်း အဝတ်အစားလဲပြီး ထွက်လာခဲ့"
ရှရှင်းချန် ဖုန်းကို နားအနား ကပ်ကာ ပက်လက်လှန် လှဲရင်း မေးလိုက်သည်။
"ဘာလို့လဲ"
ဟွမ်းကျီစင်း အသံကို နှိမ့်ကာ ပြောနေပေမယ့် စိတ်လှုပ်ရှားနေသည့် လေသံကိုတော့ ဖုံးမထားနိုင်။
"ခေါင်းဆောင်း ချိုင် ယန်ယိုမင်ကို ညစာ အတူစားဖို့ ဖိတ်ထားတယ်။ ငါ မင်းကို တောင်းပန်ဖို့ လမ်းရှာပေးထားတာနော်။ စိတ်ဆင်းရဲနေတာတွေကို ဂျောင်ထိုးပြီး အမြန်ထွက်လာခဲ့"
ရှရှင်းချန် သူ့ခေါင်းကို အလျင်အမြန်ပင် ထောင်လိုက်သည်။
"ခေါင်းဆောင် ချိုင်? သူက ဘာလို့ ဒီရောက်နေတာလဲ။"
ဟွမ်းကျီစင်း အသံသည် ပို၍ပင် တိုးသွားသည်။
"လူသစ်ကောင်လေး အိုင်ဒေါ ပရိုဂရမ်ရိုက်ဖို့ လာတာကို သူပါ လိုက်လာတာလေ။ မင်း ရူးနေတာလား။ မဟုတ်တာတွေ မေးမနေနဲ့တော့။ ငါ ဒရိုက်ဘာကို မင်းဆီ သွားကြိုခိုင်းထားတာမို့ အမြန်သာ လာခဲ့"
ရှရှင်းချန် ဖုန်းချပြီးသည်နှင့် အိပ်ယာပေါ်မှ လှိမ့်ထလိုက်ပြီး ဗီဒိုထဲမှ ဘာဝတ်ရမလဲဆိုသည်ကို ရွေးလိုက်သည်။
ခေါင်းဆောင်ချိုင်သည် ရှရှင်းချန် အလုပ်လုပ်နေသည့် ကုမ္ပဏီ၏ သူဠေးဖြစ်သည်။ သူမနာမည်သည် ချိုင် မိန့်တင်း။ ဒီနှစ်ထဲတွင် အသက် ၄၀ ပြည့်မှာ ဖြစ်ပြီး သူမ အခုအချိန်ထိ လက်မထပ်ရသေး။ သူမသည် အစပိုင်းတွင်လက်ထောက်အသေးလေး တစ်ယောက်သာ ဖြစ်သည်။ နာမည်ကြီးလာသည့် အိုင်ဒေါနှစ်ယောက်ကို တစ်ယောက်ပြီး တစ်ယောက် ကြီးကြပ် အုပ်ချုပ်ပေးပြီးသည့်နောက် သူမနာမည်သည်လည်း အနုပညာလောကတွင် နာမည်ကျော်သွားတော့သည်။
ရှရှင်းချန် ညစာအတွက် ချိန်းထားသည့်နေရာကို ကားဖြင့် အလျင်အမြန်သွားလိုက်သည်။ ဟွမ်းကျီစင်း သူ့အားအပြင်တွင် ရပ်စောင့်နေသည်ကို မြင်လိုက်သောအခါ သူ ခြေလှမ်းကျဲဖြင့် လျှောက်သွားပြီး မေးလိုက်သည်။
"သူတို့ ရောက်နေပြီလား။"
ဟွမ်းကျီစင်း သူ့ကို အထဲခေါ်သွားရင်း ပြောလိုက်သည်။ "အကုန်ရောက်ပြီ။ မင်းကိုပဲ စောင့်နေကြတာ"
ရှရှင်းချန် နဖူးတွင် ချွေးစို့လာတော့သည်။
"ဘာလို့ ကျွန်တော့်ကို စောစော မပြောတာလဲဗျာ"
ဟွမ်းကျီစင်းလည်း သူ့နည်းတူ အလျင်လိုနေသည်။
"ခေါင်းဆောင်ချိုင် အနီးကပ်မှ ဆုံးဖြတ်လိုက်တာ။ ငါလည်း ဒီလိုဖြစ်လာမယ်လို့ မတွေးထားဘူး။"
ရှရှင်းချန်သည် ပေါ့ပေါ့ပါးပါး ဝတ်စုံကိုသာ ဝတ်ထားသည်။ သူ့ အနက်ရောင် ဘောင်းဘီရှည်သည် သူ့ခြေတံကိုရှည်ကာ သွယ်လျစေပြီး ကုတ်အင်္ကျီ ကော်လံ ဖွင့်ထားသည့် နေရာမှ အဖြူရောင် ရှပ်အင်္ကျီကို မြင်နေရသည်။ သူဝတ်စားထားပုံသည် သူ့အား အလွန်အကြူး ခံ့ညားစေမှုလည်း မဖြစ်။ သို့သော် သူ့အား ယဉ်ကျေးကာ ရည်မွန်သည့် ပုံစံ ပေါ်လွင်စေသည်။
စားပွဲထိုး ဘိုကင်ယူထားသည့် သီးသန့် အခန်းတံခါးအား တွန်းဖွင့်လိုက်ချိန် ရှရှင်းချန် အသက်ပြင်းပြင်း ရှုလိုက်မိသည်။ သူ အခန်းအကန့်ကာများကို ဖြတ်လျှောက်လာချိန်တွင် ချိုင်မိန့်တင်း၏ အသံအား ကြားလိုက်ရသည်။
အခန်းထဲတွင် လူ လေးယောက် ရှိနေသည် __ ချိုင်မေတင်း ၊ ယန်ယိုမင် ၊ ယန်ယိုမင်၏ လက်ထောက် လီယွမ် ၊ ထို့အပြင် ဟွမ်းကျီစင်းနှင့် ချိုင်မေတင်းတို့နှင့် အတူ ရောက်နေသည့် အိုင်ဒေါ ပရိုဂရမ် ရိုက်ရမည့် လူသစ်လေး ယဲ့ကျစ်ယန်တို့ပင်။ ရှရှင်းချန် ဝင်လာသည်ကို မြင်သည်နှင့် ယဲ့ကျစ်ယန် မတ်တပ်ရပ်ကာ ယဉ်ကျေးမှုအပြည့်ဖြင့်နှုတ်ဆက်လာသည်။
"ရှောင်းရှင်းကော"
ရှရှင်းချန် သူ့အား ခေါင်းငြိမ့်ပြပြီးနောက် ချိုင်မိန့်တင်း ထိုင်နေရာဘက်သို့ တုန်ရီစွာ လျှောက်သွားရင်း ခေါ်လိုက်မိသည်။
"ခေါင်းဆောင်ချိုင်"
ချိုင်မိန့်တင်းသည် အလွန်တရာ လှပသော အမျိုးသမီးတစ်ယောက်တော့ မဟုတ်။ သူမ အသက်အရွယ် အခြားအမျိုးသမီးများနှင့် ယှဉ်လိုက်ရင်တော့ သွယ်လျကာ လုပ်ဆောင်နိုင်မှု အပြည့်နှင့် အလုပ် အတွေ့အကြုံအများအပြား ရှိသော အမျိုးသမီးပင်။
သူမ ဆေးလိပ် မီးညှိရင်း ရှရှင်းချန်အား ဖျက်ကနဲ ကြည့်လိုက်သည်။
"ငါ အရင်က နင့်ကို ပါးနပ်တဲ့ ကောင်လေးလို့ပဲ အမြဲတွေးထားတာ။ ဒီနေ့ကျမှ ဘယ်လိုဖြစ်ပြီး ရူးမိုက်သွားရတာလဲ။"
ရှရှင်းချန် တကယ် နားမလည်ဖြစ်နေသည်။ ချိုင်မိန့်တင်းကို မြင်ရသောကြောင့် မဟုတ်။ ယန်ယိုမင် ရှိနေခြင်းကိုဖြစ်သည်။
ချိုင်မိန့်တင်း ဆေးလိပ်ကို လက်မှာကိုင်ရင်း စားပွဲပေါ်ကို တံတောင်ဖြင့် ထောက်ပြီး ပြောလိုက်သည်။
"နောက်ကျမှ ရောက်လာတဲ့သူတွေက ဘာလုပ်ရမှာလဲ။ ငါ သင်ပေးဖို့ လိုသေးတာလား ရှောင်းရှ။"
ရှရှင်းချန် ချက်ချင်းပင် အရက်သောက်ရန် သုံးသည့် ဖန်ခွက် အသေးလေးကို ယူပြီး စားပွဲပေါ်မှ အရက်ဘူးကို ယူကာ ဖြည်းဖြည်းချင်း တစ်ခွက် လောင်းထည့်ရင်း ပြောလိုက်သည်။
"ကျွန်တော် နောက်ကျမှ ရောက်လာတာ .. သုံးခွက်သောက်ပြီး အပြစ်ဒဏ် ခံသင့်ပါတယ်"
ယန်ယိုမင်သည် ချိုင်မိန့်တင်း ဘေးတွင် သူ့နေနေကျပုံစံအတိုင်း ယဉ်ကျေးသိမ်မွေ့သော အမူအရာဖြင့် ထိုင်နေသည်။ သူ့ပါးသည် နီရဲမနေတော့။ သို့ပေမယ့် အနီးကပ် ကြည့်ပါက အနည်းငယ် ဖူးရောင်နေသေးသည်ကို မြင်ရမည်ပင်။
ရှရှင်းချန် အရက် သုံးခွက်အား တစ်ကျိုက်တည်း သောက်လိုက်သည်။
ဟွမ်းကျီစင်း ရှရှင်းချန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ သူ့မျက်နှာသည် ရှုံတွနေပြီး စိတ်ထဲတွင်တော့သက်ပြင်း ခိုးကာ ရှိုက်လိုက်မိသည်။
ရှရှင်းချန် ဖန်ခွက် ပြန်ချလိုက်သည်နှင့် ချိုင်မိန့်တင်းက စပြောသည်။
"ငါ နင့်အပြုအမူတွေ ယဉ်ကျေး မနေဘူးလို့ ကြားတယ်။ ဇာတ်ကားရိုက်နေတုန်း ဇာတ်ညွှန်းကို နင့်စိတ်ကြိုက်ပြောင်းပြီး ယန်ယိုမင်ကို ပါးရိုက်လိုက်တယ်ဆို"
ရှရှင်းချန် ပြင်းသော အရက်များကို သောက်ခဲသည်။ ထို့ကြောင့် သောက်ပြီးသည်နှင့် သူ့မျက်နှာ တစ်ခုလုံး နီရဲလာကာ နားရွက်များပင် ပန်းရောင် သန်းနေလေသည်။ သူ တိုးညင်းစွာ သက်ပြင်း ရှိုက်ရင်း ပြောလိုက်သည်။
"ကျွန်တော် မရည်ရွယ်ပါဘူး။ တကယ်ပါ"
သူ အခု ယန်ယိုမင်ကို ရှင်းပြနေမိသည်လား။ ချိုင်မိန့်တင်းကို ဖြေရှင်းချက် ပေးနေမိသည်လား မသိတော့။
သို့သော် သူ မရွယ်ရွယ်ပါဆိုသည့် စကားမှ လွဲပြီး ဘာပြောရမလဲ မသိ။ ကျွန်တော် ဇာတ်ကောင်ထဲ အရမ်း နစ်ဝင်သွားပြီး ကျွန်တော်တောင် မသိလိုက်ပဲ ကျွန်တော့်ကိုယ်က သူ့ဘာသာ လုပ်မိပြီးသား ဖြစ်နေတယ်?? အာ့အချိန်တုန်းက ခင်ဗျားကို ယွီဟိုင်ယန်လား ကျွန်တော် ကိုယ်တိုင်က ဖန်းကျန်းယွမ်လား ဆိုတာကို ခွဲခြား မပြောတတ်တော့ဘူး?? ဘယ်လိုပြောပြော မသင့်တော်သည်မှာ အမှန်ပင်။
ထိုအချိန်က ရှရှင်းချန် အပြုအမူသည် ကျိုးကြောင်းဆီလျော်မှု မရှိ။ ထိုအကြောင်း အင်တာနက်ပေါ် ဒါမှမဟုတ်သတင်းစာပေါ်သာ ရောက်သွားပါက အသေးစိတ် စောင့်ကြည့်တတ်သော လူများ၏ အမြင်ဖြင့် သူ့နာမည် လုံးဝနစ်မြှပ်သွားမည်မှာ အမှန်ပင်။
ချိုင်မိန့်တင်း ပင်ပန်းစွာ သက်ပြင်းချလိုက်သည်။ သူမ ရှရှင်းချန်ကို နားမလည်နိုင်တော့။ သူ့သိတတ်ပါးနပ်မှုတွေဘယ်ရောက်သွားပြီလဲ?
သူမကပဲ စပြီး သတိပေးလိုက်ရတော့သည်။
"နင် အမှားလုပ်ထားတယ်လေ။ အခုထိ မတောင်းပန်သေးဘူးလား။"
သူမ ပြောသည်ကို ကြားလိုက်သည့်အခါ ရှရှင်းချန် ဖန်ခွက်ကို တစ်ဖန် ပြန်ကောက်ကိုင်လိုက်ပြီး အရက်ထပ်ဖြည့်လိုက်သည်။ လက်နှစ်ဖက်ဖြင့် သေချာကိုင်ပြီးနောက် ယန်ယိုမင်အနားသို့ ကပ်သွားကာ ခါးညွတ်ပြီး တိုးညင်းစွာပြောလိုက်သည်။
"မင်ကော ၊ ကျွန်တော် မှားသွားပါတယ်။ ကျွန်တော် တောင်းပန်ပါတယ်"
သူ့အရက်ခွက်ကို ယန်ယိုမင် လက်ခံဖို့ ဒူးထောက်မတတ်ပင် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချထားရသလို ခံစားလိုက်ရသည်။
ယန်ယိုမင် သူ့ကို မော့ကြည့်ပြီး လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ ခပ်ပြတ်ပြတ် ပြောလိုက်သည်။
"ဒါ မလိုပါဘူး"
ချိုင်မိန့်တင်း ရှရှင်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
"မင်ကောက နင့်အရက်ခွက်ကို လက်မခံဘူးတဲ့။ အဆင်ပြေသလို ရှင်းလိုက်"
ရှရှင်းချန် ယန်ယိုမင် လက်ထဲမှ ရုန်းထွက်ကာ ဖန်ခွက်ကို မြှောက်ပြီး တစ်ငုံတည်းဖြင့် အကုန်သောက်လိုက်သည်။ထို့နောက် နောက်တစ်ခွက် ထပ်လောင်းထည့်ကာ ခါးကို ကိုင်းရင်း ထပ်ပြောလိုက်သည်။
"မင်ကော ၊ ကျွန်တော် တောင်းပန်ပါတယ်။"
သူ ထိုစကားများကို ပြောနေရသည်မှာ တကယ်ကို အဆင်မပြေ။ သူ ယန်ယိုမင်၏ နှာခေါင်းထိပ်ကို ကြည့်လိုက်မိသည်။ ထို့နောက် မျက်လုံး ပြီးနောက် နှုတ်ခမ်း။ ဒါက တကယ်ကို ယန်ယိုမင်ပါပဲ ဒါပေမယ့်လည်း သူက သူမဟုတ်ပေ။
သူ တကယ် ယွီဟိုင်ယန်ကို လွမ်းလှသည်။
ဒီတစ်ကြိမ်တွင်တော့ ယန်ယိုမင် ဘာမှ မပြောရသေးခင်မှာပဲ သူ့ဘက်မှ စကာ အရက်ခွက် တစ်ခွက်လုံး ကုန်အောင်သောက်လိုက်တော့သည်။
//KittyKitling//