ရိုက်ကွင်းပြီးချိန်မှာတော့ ရှရှင်းချန် ဝေ့ဇယ်ဟွေး ဖုန်းကို အချိန်ပေးကာ ပြန်ဆက်လိုက်သည်။ ဘယ်လိုပဲ ဖြစ်ပါစေသူ ဒီအနုပညာ အသိုင်းအဝိုင်းထဲ ဆက်ရှိနေသမျှ ကာလပတ်လုံး ပေါင်းသင်းဆက်ဆံရေးသည် အရာအားလုံးထက် အရေးကြီးနေမှာပင်။
အခုရက်ပိုင်းအတွင်း ဝေ့ဇယ်ဟွေးကိုယ်တိုင် ရှရှင်းချန်တို့ ရိုက်ကွင်းအနီးအနားမှာ ဇာတ်ကားရိုက်ရန် ရောက်နေသည်။ သူ အိုင်ဒေါ ဒရမ်မာ ဇာတ်လမ်းမှာ ဒုတိယမင်းသားနေရာမှ သရုပ်ဆောင်ထားပြီး သူ့ဇာတ်ကောင်သည်သိပ်အရေးမပါလှ။ သူကိုယ်တိုင်ကလည်း သရုပ်ဆောင်ရန် ရည်ရွယ်ချက် ကြီးမားလှသူ မဟုတ် - သူသရုပ်ဆောင် လောကထဲသို့ ဝင်ခဲ့ခြင်းမှာ သရုပ်ဆောင် လောကမှ အချောအလှလေးများနှင့် ဝင်ငွေကောင်းမှုကြောင့်သာ ဖြစ်သည်။ ရှရှင်းချန်နှင့် သူ တစ်နေရာထဲတွင် ရောက်နေမှန်း သိသည့်အခါ အပြင်တွင် ပျော်ပါးရန် ဖုန်းဆက်လှမ်းခေါ်ခြင်းပင် ဖြစ်သည်။
ရှရှင်းချန် ထိုအကြောင်းကို ကြားသော် တန်းကာ ငြင်းလိုက်သည်။ သူ ရိုက်ကူးရေးတစ်လျှောက်လုံး ဖိအားများ ပိနေသည်။ ဇာတ်ကားသည်လည်း ဖန်းကျန်းယွမ် အကြောင်းကို အဓိက ထား၍ ရိုက်ထားသောကြောင့် သူ ဝင် သရုပ်မဆောင်ရသည့် sceneသည် မရှိသလောက်ပင်။ ရိုက်ကွင်းမှ ပြန်ရောက်သည့် အချိန်တိုင်း ဇာတ်ညွှန်း ဖတ်လိုက်ပြောရမည့် စာကြောင်းများကို အလွတ်မှတ်လိုက်ဖြင့်သာ သူ အချိန်ကုန်ရသည်။ သို့သော် ဝေ့ဇယ်ဟွေးသည် သူ့အား ဘယ်လောက်ပဲ နောက်ကျပါစေ ပါတီပွဲကို လာကို လာရမည်ဟု အတင်း ပြောနေတော့သည်။
နောက်ဆုံးတွင်တော့ ရှရှင်းချန် ဝေ့ဇယ်ဟွေး ဖိတ်ကြားမှုကို မငြင်းဆန်နိုင်ခဲ့။ ထိုည ဟော်တယ်ပြန်ရောက်သည်နှင့်ရှရှင်းချန် မနက်ဖြန် ရိုက်ရမည့် Sceneများကို ရင်းနှီးအောင် လုပ်ကာ ရေချိုး အဝတ်အစားလဲပြီး သူ့လက်ထောက်ကို ပါတီပွဲသို့ လိုက်ပို့ခိုင်းလိုက်တော့သည်။
ဝေ့ဇယ်ဟွေး ပါတီအတွက် သီးသန့် အပန်းဖြေအိမ်တစ်ခုကို ငှါးထားသည်။ ရှရှင်းချန် ကားပေါ်က ဆင်းလိုက်သည်နှင့် နွေဦးလေညင်းသည် အရက်နံ့နှင့် ရေမွှေးနံ့များကို သယ်ဆောင်လာပြီး ရင်းနှီးနေသည့် အခြေအနေလေးက သူ့ကို စိတ်ကူးယဉ် ဘဝမှ လက်တွေ့ဘဝသို့ ပြန်ခေါ်သွားသလို ခံစားလိုက်ရသည်။
အခုတလောအတွင်း သူ အမြဲ ဇာတ်ကားအတွက် ရိုက်ကွင်းမှာပဲ ရှိနေခဲ့ရသည်။ ဇာတ်ကားမရိုက်ခင်ဆိုရင်လည်းစိတ်ငြိမ်ရအောင် ဖန်းကျန်းယွမ် အခန်းထဲရှိ ခုံလေးမှာ အချိန်အတော်ကြာ ထိုင်နေရတတ်သည်။
ပြောရမည်ဆိုပါက သူဆိုသည့် ရှရှင်းချန်သည် ဒီရှုပ်ထွေးလှသည့် အနုပညာ အသိုင်းအဝိုင်းထဲ ကျင်လည်နေရသည်မှာ ၆နှစ်မျှပင် ရှိနေပြီ ဖြစ်ပြီး သူ သရုပ်ဆောင်နေရသည့် ဖန်းကျန်းယွမ်သည် တက္ကသိုလ် ရောက်ကာစကလေးသာသာပင် ရှိသေးသည်။
ဖန်းကျင်းယွမ်သည် သူ့ထက် အများကြီး ပိုကာ အေးအေးဆေးဆေး နေတတ်သူ ဖြစ်သည်။ သူ နေရာမှာ ရပ်နေရင်း မနီးမဝေးက ထိန်လင်းနေသည့် အပန်းဖြေအိမ်ကို ကြည့်ရင်း သူ ဘာလို့ ဒီရောက်လာတာပါလိမ့် ဟု တွေးနေမိတော့သည်။
ထိုအချိန် ဝေ့ဇယ်ဟွေး သူ့အနားသို့ ရောက်လာသည်။
ဝေ့ဇယ်ဟွေးနှင့် ရှရှင်းချန်သည် အသက် သိပ်မကွာကြပဲ နှစ်ယောက်လုံးက ချောကြသူများ ဖြစ်သည်။ သို့ပေမယ့်ဝေ့ဇယ်ဟွေးတွင်တော့ နာမည်ကျော်ရလောက်သည်အထိ အရည်အချင်းကောင်းများမရှိ။ သူ ရှရှင်းချန် အနားသို့ရောက်လာကာ ပုခုံးကို ပုတ်ရင်း ပြောလိုက်သည်။
"ဘာဖြစ်တာလဲ? မင်း ဘာလို့ ဝင်မလာသေးတာလဲ?"
သူ့လုပ်ရပ်က ရှရှင်းချန်ကို အသိပြန်ကပ်စေတော့သည်။ ရှရှင်းချန် သူက ဘယ်သူဖြစ်ပြီး ဘာလို့ ဒီကို ရောက်နေသည် ဆိုသည့် အကြောင်းများကို မှတ်မိလာတော့သည်။ ဝေ့ဇယ်ဟွေးကို ပြုံးပြကာ သူပြောလိုက်သည်။
"သွားကြစို့"
အပန်းဖြေ စံအိမ်ထဲတွင် သီချင်းသံသည် အနည်းငယ်မျှ ကျယ်လောင်နေပြီး လူများကလည်း စုံလင်နေပြီဖြစ်သည်။ အချို့သော သရုပ်ဆောင်များသည် ရှရှင်းချန် မြင်ဖူးသူများ ဖြစ်ပေမယ့် သူတို့နာမည်ကို ရှရှင်းချန် မမှတ်မိ။ သူ လုံးဝပင် မသိသည့် သရုပ်ဆောင် ကောင်မလေးငယ်များလည်း ရှိနေလေသည်။ ဒီလို ပါတီမျိုးတွင်လှပသော ကောင်မလေး မရှားသည်မှာ သာမန်ပင်။
ဒီလို ပတ်ဝန်းကျင် အခြေအနေမျိုးသည် ဝေ့ဇယ်ဟွေး အကြိုက် ဖြစ်သည်။
ရှရှင်းချန်လည်း သူ ရှောင်းယွီနှင့် ဒီလိုတွေ့ဆုံပွဲမှာ စတွေ့ပြီး ရင်းနှီးခဲ့ကြောင်း ရုတ်တရက် မှတ်မိသွားတော့သည်။
တိုက်ဆိုင်စွာပဲ ဝေ့ဇယ်ဟွေး သူ့ကို မေးလာသည်။ "ငါကြားတာ မင်းနဲ့ ရှောင်းယွီ ပြတ်သွားပြီဆို?"
"အင်း" ရှရှင်းချန် သူ့မေးခွန်းကို ပြန်ဖြေဖို့ သိပ် စိတ်မပါ။
ဝေ့ဇယ်ဟွေး ရှရှင်းချန် ပုခုံးပေါ် လက်တင်လိုက်ပြီး ပြုံးစိစိလုပ်ကာ ပြောလိုက်သည်။ "ငါလည်း မင်းကို မိတ်ဆက်ပေးစရာ ကောင်မလေး တွေ့ထားတာနဲ့ အတော်ပဲ။ မင်း သူ့ကို သေချာပေါက် ကြိုက်မှာ ငါ အာမခံရဲတယ်။"
သူတို့နှစ်ယောက် အခန်းထောင့်မှာ ရပ်နေကြပြီး လူအများက သူတို့ကို မကြာခဏ လာနှုတ်ဆက်နေကြသည်။
ရှရှင်းချန် အခန်းထဲမှ အရက်သောက်လိုက် ပျော်ပါးလိုက် လုပ်နေကြသည့် လူငယ်များကို လှမ်းကြည့်ကာ သူ့နေ့စဉ်ပုံမှန် ဘဝထဲ ပြန်ရောက်လာသလို ခံစားရတော့သည်။ သို့ပေမယ့်လည်း သူ ငြင်းလိုက်သည်။
"မလိုဘူး။"
သူ ဒီလိုပြောလိုက်တာ မသင့်တော်မှန်း သိနေပေမယ့် ဘာကြောင့်ဆိုသည့် အကြောင်းပြချက် ရှာမရ။
ဝေ့ဇယ်ဟွေး သူ့ကို လှည့်ကြည့်ကာ ပြောလိုက်သည်။ "တစ်ခုခု ဖြစ်လာလို့လား? မင်း စိတ်အခြေအနေ ဘာလို့ မကောင်းနေတာလဲ?"
ရှရှင်းချန် သူ့ကို စူးကနဲ လှမ်းကြည့်ကာ ပြောလိုက်သည်။
"ငါ့ပုံစံက စိတ်အခြေအနေ မကောင်းတဲ့ပုံနဲ့ တူနေလို့လား?"
ဝေ့ဇယ်ဟွေး ခေါင်းရှုပ်သွားသည်။
"ငါလည်း မပြောတတ်ဘူးပဲ။ မင်း ကြည့်ရတာ စိတ်နဲ့ လူနဲ့ မကပ်ဘူး။ ဟောကျန်းနဲ့ ယန်ယိုမင် .. သူတို့နှစ်ယောက်နဲ့အတူတွဲအလုပ်လုပ်ရတာ အာ့လောက်တောင် Pressure ပိတာလား?"
ဒီအချိန်တွင်တော့ ရှရှင်းချန် ပြန်မဖြေတတ်တော့။
ဝေ့ဇယ်ဟွေး သူ အကြောင်းအရင်း သိသွားသလို ရယ်လိုက်ပြီး ရှရှင်းချန် ပုခုံးကို ဆွဲကိုင်ကာ ပြောလိုက်သည်။ "အဲ့တာဆို မင်း နားသင့်တယ်မလား? ဟိုနားက မိန်းမလှလေးတွေ မြင်လား? မင်းက အခု ငါ့အဖွဲ့သားတွေနဲ့ အတူရှိနေတာပဲဟာ။မင်းအကြိုက်ပုံစံ မတွေ့ဘူးလား?"
"နားသင့်"ဆိုသည့် စကားသည် ရှရှင်းချန် ရင်ထဲ တစ်မျိုး ဖြစ်သွားစေသည်။ အခုတလောအတွင်း သူ့နှလုံးသားတစ်ခုလုံး ဖိအားများဖြင့် ကြီးစိုးနေကာ တစ်ခါတစ်ရံ အသက်ရှု မဝသလိုပင် ခံစားရသည်။ ယန်ယိုမင် သူ့ကို ဖန်းကျန်းယွမ်လိုနေရန် အကြံပြုသည့် အချိန်မှ စကာ သူ ဖိအားများ လျော့သွားရန်အတွက် ယန်ယိုမင် ပြောသည့်အတိုင်း နေနိုင်အောင် ကြိုးစားခဲ့သည်။
နေ့တိုင်း သူ နိုးလာသည်နှင့် သူသည် ၂၄နှစ်တောင် အသက်ရှင်ပြီးနေသည့် ရှရှင်းချန် မဟုတ်ပဲ ဖန်းကျန်းယွမ်ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ပြောနေမိသည်။
နောက်ဆုံးမှာ သူ လုပ်နေတာတွေက မှန်ရဲ့လား?
ဝေ့ဇယ်ဟွေး သူ့ကို ဝိုင်ခွက်တစ်ခွက် ကမ်းပေးလာသည်ကို ရှရှင်းချန် လှမ်းကာ ယူလိုက်သည်။ ထပ်ပြီး အတွေးများမနေပဲ သူ တစ်ကြိုက်တည်း သောက်ချလိုက်သည်။ ကောင်းသည့် အကျင့်တော့ မဟုတ်ပေမယ့် အရက်သည်စိတ်ဖိစီးမှုကို လျော့ချပေးနိုင်သည်ပင်။
ဝေ့ဇယ်ဟွေး ညွှန်းပေးနေသည့် ကောင်မလေးသည် ဆံပင်ရှည်လေးဖြင့် လုံးဝ ဖြူစင် တက်ကြွနေသော ပုံစံဖြစ်သည်။ သူမသည် ဘယ်သူ့ကိုမှ ဂရုစိုက်နေခြင်း မရှိပဲ တစ်ယောက်တည်း ဆိုဖာမှာထိုင်ကာ အရက်သောက်နေသည်။ သူမသည် တကယ်ကို ရှရှင်းချန် အကြိုက် ကောင်မလေး ပုံစံ ဖြစ်သည်။
ရက်ပေါင်းများစွာ ရိုက်ကူးပြီးသည့်နောက် သူ့ဘဝ အစစ်သို့ ပြန်ရောက်နေချိန်အတွင်း ထိုအချိန် ခဏလေးသည် ရှရှင်းချန်ကိုယ်ကို ပူလောင်လာစေတော့သည်။ သူ နောက်ထပ် ဝိုင်ခွက်တစ်ခုကို ယူလိုက်ကာ ထိုကောင်မလေးဆီလျှောက်သွားလိုက်တော့သည်။
-
မနက်အစောအချိန်တွင် ရှရှင်းချန် ဖုန်းသံကြောင့် နိုးလာတော့သည်။ သူ မျက်လုံးဖွင့်လိုက်ချိန်တွင် ရင်းနှီးနေသည့်ဟော်တယ် မျက်နှာကြက်ကို မြင်လိုက်ရသည်။ သူ့ခေါင်းကတော့ မနေ့က သောက်ခဲ့သည့် ဝိုင်ခွက်များ ကျေးဇူးဖြင့် ကိုက်ခဲနေစေပင်။ သူ့နဖူးကို ဖိနှိပ်ဖို့ သူ့လက်ကို မြှောက်လိုက်ပေမယ့် သူ့ဘေးမှ လူကို မတော်တဆ ရိုက်မိသွားသည်။
သူ့ဘေးမှ ကောင်မလေးက တိုးတိုးလေး ငြီးလိုက်ချိန်တွင် ရှရှင်းချန် အမူးလုံးဝ ပြေသွားတော့သည်။
သူ့လက်ထောက်သည်လည်း သူ့ကို အမြန်ထဖို့ ထပ်ကာ ဖုန်းဆက်ပြီး လောနေပြန်သည်။
ရှရှင်းချန် အိပ်ယာပေါ်မှ ထလိုက်ရင်း သူ့ဘေးမှာ အိပ်ပျော်နေသည့် ကောင်မလေးကိုလည်း နိုးလိုက်ကာ သူနှင့်အတူ အခန်းထဲမှ ထွက်နိုင်ရန် လုပ်လိုက်သည်။
သူ အခန်းတံခါးကို ဖွင့်လိုက်ချိန်တွင် ကောင်မလေးက သူ့အခန်းမှ ထွက်သွားလိုက်သည်။ ရှရှင်းချန် အခန်းတံခါးကို ပြန်ပိတ်ရင်း လော့ချမလို့ ကြံနေတုန်းမှာပဲ ထိုကောင်မလေး ရုတ်တရက် ပြန်လှည့်လာကာ သူ့ လည်ပင်းကို ဖက်လိုက်ရင်း မေးလာသည်။
"ရှောင်းရှင်းကော, ညီမ နာမည်ကို မှတ်မိလား?"
အမှန်ကတော့ ရှရှင်းချန် ကိစ္စတစ်ခုလုံးကို မမှတ်မိ။ ရှရှင်းချန် ဝတ်ကျေတမ်းကျေ ပြုံးကာ ပြောလိုက်သည်။
"မှတ်မိတာပေါ့။ ညီမနာမည်က "ကလေးလေး"လေ"
ကောင်မလေး အော်လိုက်သည်။ "အဓိပ္ပါယ် မရှိတာ!"
ထိုအချိန်မှာပဲ အခြားအခန်းတံခါးသည် ရုတ်တရက် ပွင့်လာပြီး ဒီမြင်ကွင်း တစ်ခုလုံးကို မြင်သွားသူသည် အခြားမဟုတ်ပဲ ယန်ယိုမင်ပင် ဖြစ်နေတော့သည်။
KittyKitling