နောက်ဆုံးတွင် လီချန်းထျန် နှင့် လီမြောင်လင်တို့သည် သေကြရမည်ဖြစ်သည်။ ထိုအခါ လီမိသားစုသည် ခေါင်းဆောင်မရှိတော့လျှင် ပုံမှန်အတိုင်း လီချန်းဖန်ကိုသာ ခေါင်းဆောင်တင်ကြမည်ဖြစ်သည်။

အစီအစဉ်တစ်ခုလုံး ချို့ယွင်းချက်မရှိခဲ့ပေ။ လီမိသားစုသည် ၎င်းတို့၏မိသားစုခေါင်းဆောင်ကို သေဆုံးစေသည့် အကြောင်းအရင်းမှာ နေဝင်ဆည်းဆာဓားဂိုဏ်း၏ အကြံအစည်တစ်ခုဖြစ်သည်ဟုသာ ယူဆသွားကြမည်ဖြစ်သည်။ သူတို့သည် လီချန်းထျန်၏ ညီအရင်းဖြစ်သူ လီချန်းဖန်ကို သံသယ ဝင်ကြမည် မဟုတ်ပေ။ ထိုနည်းဖြင့် နှစ်ဖက်စလုံးသည် ၎င်းတို့၏ ရည်မှန်းချက်များ အောင်မြင်ကြမည်ဖြစ်သည်။

လီမြောင်လင်ထံမှ ရရှိသော အချက်အလက် အနည်းငယ်နှင့် ပေါင်းစပ်ပြီး ရီချန်းဂျီသည်အရာအားလုံးကို ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။ လီမြောင်လင်လည်း ထိုသို့ မှန်းဆနိုင်မည်ဟု သူ ယုံကြည်သည်။

မှန်သည်။ ထိုအချိန်တွင် လီမြောင်လင်၏ အမူအရာမှာ သုန်မှုန်လျှက် ရှိလေသည်။

သို့သော် ယခုချက်ချင်းတော့ ဖခင်ဖြစ်သူအား ထိုအကြောင်းကို မပြောခဲ့ပေ။ ပထမအချက်မှာ အထောက်အထားမရှိပေ။ နောက်တစ်ချက်မှာ သူမအဖေ၏ ပင်ကိုယ်စရိုက်မှာ ယုံကြည်တတ်ပြီး ရိုးသားသည်။ သူရိုးသားသလို အခြားသူများ ရိုးသားမည်ဟု ထင်တတ်သည်။ ဤအရာအားလုံးကို သူ၏ ညီရင်းဖြစ်သူကလုပ်ကြံခဲ့သည်ဟု ယုံမည်မဟုတ်ပေ။ သူ့ဦးလေးကို ဖမ်းမိချင်လျှင် အရှည်ကို ကြည့်၍တွေးရန် လိုပေသေးသည်။

ထို့နောက်တွင် လီချန်းထျန်မှာ ရီချန်းဂျီတို့အား ကျေးဇူးတင်သဖြင့် ညစာစားပွဲခင်းကျင်းရန် အမိန့်ပေးခဲ့ပြီး သူတို့အား စကားစမြည်ပြောပြီး သူ့သမီးနှင့် ဧည့်ခံထားခဲ့ခိုင်းကာ ထွက်သွားတော့သည်။ မိသားစုတစ်ခု၏ အကြီးအကဲ တစ်ယောက်အနေနှင့် သူ့တွင် လုပ်စရာများ အများအပြားရှိသည်မှာ ပုံမှန်ပင် ဖြစ်သည်။

ရီချန်းဂျီသည် လီမြောင်လင်အား မေးခွန်းအချို့ကို မေးမြန်းခဲ့ပြီးနောက် လီမြောင်လင်မှာ ရီချန်းဂျီတို့အတွက် သူမတို့ ခြံဝင်းအတွင်းမှ အိမ်ငယ်လေးတွင် တည်းခိုနိုင်ရန် စီစဉ်ပေးခဲ့သည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now