အခန်း 228- မြောက်ပိုင်းဒေသလီမိသားစု
နီ-ဝါရောင် သဲကန္တာရတစ်ခု...။
လေသည် တစ်နေ့လုံး တိုက်ခတ်နေရင်း ကောင်းကင်တွင် အဝါရောင်သဲများဖြင့် ပြည့်နေစေ၏။ လေတိုက်သံမှာ တရွှီရွှီမည်နေကာ အေးစိမ့်သည့် အော်ရာတစ်ခုကို သယ်ဆောင်လာနေလေသည်။
ဤကဲ့သို့ ကျက်တီးမြေတွင် လူသူအရိပ်အယောင် မမြင်နိုင်ပေ။
အဆုံးမရှိသော လေတိုက်သံသာ ဖုံးအုပ်နေ၏။
ဤကဲ့သို့ ကြမ်းတမ်းသည့် နေရာတွင် မည်သည့် သစ်ပင်မျှလည်း မရှိပေ။
ထိုသဲကန္တာရထဲတွင် အဝါရောင်ပေါင်းမြက်ပင်များသာ ရှင်သန်နေလေသည်။
၎င်းအပင်များသည် တိုတောင်းသော အရွက်များနှင့် အဖိုးတန်မြေအောက်ရေကို ရှာဖွေရန်အတွက် မီတာပေါင်းများစွာရှည်သော အမြစ်များသည် မြေကြီးထဲသို့ နစ်ဝင်ကာ မထင်မှတ်လောက်အောင် ကြီးထွားနေသော အမြစ်စနစ်တစ်ခုဖြစ်နေသည်။
ကန္တာရသိုးကျောင်းသမားများက ထိုအပင်များကို ဟာလေလုယပင်များဟု ခေါ်ဝေါ်ကြပြီး နတ်ဘုရားမြင့်မြတ်မြက်ပင်ဟု အဓိပ္ပာယ်ရလေသည်။
ဤမာကျောသောအပင်များသည်ဤကန္တာရမြေတွင် အများဆုံး တွေ့ရသည့် အပင်များ ဖြစ်သည်။
လေပြင်းသည် သဲကန္တာရထဲတွင် အဝါဖျော့ဖျော့ မြက်ခင်းပြင်ကို တိုက်ခတ်နေလျှက်ရှိပြီး မြက်ရိုင်းများမှာ လေနှင့်အတူ လိုက်ပါ ယိမ်းနွဲ့နေကြ၏။
မြက်ခင်းပြင်တွင် အနက်ရောင် လူပူံသဏ္ဍာန်တစ်ခု ဝိုးတဝါး ပေါ်လာ၏။
ထိုလူပုံ၏ အဝတ်အစားများမှာ စုတ်ပြဲနေပြီး သူ့တစ်ကိုယ်လုံးမှာ သွေးများဖြင့် စိုရွှဲနေလေသည်။ ခပ်မျှဥ်းမျှဥ်းသာ အသက်ရှူနေပြီး သူ့ရင်ဘတ်ကသာ မောက်တက်လာလိုက် ပြန်ကျလာလိုက်နှင့် ရှိနေ၍သာ မဟုတ်လျှင် ထိုလူမှာ သဲကန္တာရထဲတွင် ပစ်ချခံထားရသည့် အလောင်းတစ်လောင်းဟု လူတိုင်း ထင်ကြပေလိမ့်မည်။
အတန်ကြာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် သွေးများဖုံးလွှမ်းနေသော ခန္ဓာကိုယ်ကြီးသည် ရုတ်တရက် တုန်ခါသွား၏။