《 Chapter 60 》

1.4K 296 4
                                    

{Unicode}

အခန်း (၆၀) - အဆက်အသွယ်ပြတ်တောက်ခြင်း

အဘွားကုရဲ့သဘောထားက အလွန်အမင်း ခိုင်မာနေခဲ့ပြီး ရှန်မုအန်းခမျာ ရွေးချယ်စရာမရှိဘဲ ကဒ်ကို လက်ခံလိုက်ရတော့တယ်။

"ဒါဆိုလဲ ဒီကဒ်ကို ယွေ့ယွေ့လေးအတွက် အချိန်အတိုင်းအတာတခုအထိ ကျွန်တော်သိမ်းထားပေးပါ့မယ်။ ယွေ့ယွေ့လေးကြီးလာရင်တော့ ကျွန်တော် သူ့ကို ပြန်ပေးလိုက်မှာပါ" ရှန်မုအန်းက အဘွားကုကို အလေးအနက် ပြောလိုက်တယ်။

အဘွားကုက သူပြောသမျှကို ယုံကြည်ပေမဲ့ ဒီဟာက အဘွားကုလိုချင်တဲ့ ရလဒ်မျိုးတော့မဟုတ်ဘူး။ သို့ပေသည့် သူမ ဘယ်လိုဘဲနားချပါစေ၊ ရှန်မုအန်းရဲ့ဆုံးဖြတ်ချက်က ခိုင်မာနေခဲ့ပြီဖြစ်တယ်။

အဘွားကုခမျာ ဒီကိစ္စအကြောင်း ဆက်ပြောနေတာကို ရပ်ဖို့ကလွဲပြီး ရွေးစရာမရှိတော့ချေ။ သူမက ရှန်မုအန်းနဲ့ ယွေ့ယွေ့တို့ ခပ်လှမ်းလှမ်းရောက်သွားတဲ့အထိ စောင့်ကြည့်နေခဲ့ပြီး သက်ပြင်းရှည်ကြီး ချလိုက်တယ်။ စိတ်အခြေအနေက ဖော်မပြနိုင်လောက်အောင် ရှုပ်ထွေးနေခဲ့တယ်၊ သူမ ပျော်လည်းပျော်မိသလို စိတ်လည်းပျက်မိတယ်။

အဘိုးကုပြန်ရောက်လာချိန်မှာ အဘွားကုက ခေါင်းယမ်းပြလိုက်တာကို မြင်တွေ့သွားပြီး သူသဘောပေါက်လိုက်တယ်။

"ဒီကလေးနှစ်ယောက်က တကယ့်ကို ကြင်နာတတ်တဲ့သူတွေဆိုတော့ သူတို့ကို နားချရတာ သိပ်ခက်တယ်"

ညအမှောင်ထဲမှာ ရှန်မုအန်းက ယွေ့ယွေ့ရဲ့လက်ကိုကိုင်ရင်း လမ်းမကြီးပေါ်မှာ လျှောက်နေခဲ့တယ်။

"ငါတို့တွေ အိမ်ဝယ်တော့မယ်လို့ ပြောလိုက်တာမို့လို့လား?" ရှန်မုအန်းက ခေါင်းငုံ့ထားတဲ့ ကောင်ငယ်လေးကို ကြည့်လိုက်တယ်။ တလမ်းလုံး ယွေ့ယွေ့က စကားတခွန်းမှ မပြောဘူး။

ရှန်မုအန်းရဲ့မေးခွန်းကို ကြားတဲ့အခါ ယွေ့ယွေ့က ခေါင်းညိတ်ပြလိုက်တယ်။ သူ့ကြောင့် သူတို့တွေ အိမ်ပြောင်းရတယ်ဆိုတာကို သူခံစားမိတယ်။ ယွေ့ယွေ့က ငယ်သေးတယ်ဆိုသော်ငြား လက်ရှိအိမ်ဈေးတွေက ဈေးကြီးလွန်းတယ်လို့ သူ့မိဘတွေ ညည်းတွားဖူးတာကိုလည်း သူကြားထားခဲ့တယ်။ သူတို့တွေက အလုပ်အရမ်းကြိုးစားကြပေမဲ့ အိမ်တလုံးဝယ်ဖို့အတွက် ငွေအလုံအလောက် မစုဆောင်းနိုင်သေးပါဘူး။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now