《 Chapter 55 》

1.5K 280 4
                                    

{Unicode}

အခန်း (၅၅) - ပြိုင်ပွဲ

ဖျော်ဖြေတင်ဆက်မှု အောင်မြင်စွာ ပြီးဆုံးသွားတဲ့နောက် မိဘ-ကလေးလှုပ်ရှားမှုပြိုင်ပွဲတွေကို စတင်ကျင်းပတော့မှာဖြစ်တယ်။

ကလေးတွေနဲ့ ၎င်းတို့မိဘတွေက သူတို့ရဲ့ခန္ဓာကိုယ်တွေကို အတူတကွ လှုပ်ရှားနေကြပြီး မကြာခင်ကျင်းပတော့မဲ့ [ ခြေဖမိုးအကြီးကြီးနဲ့ ခြေဖဝါးငယ်လေး လှုပ်ရှားမှု ] အတွက် ကြိုတင်ပြင်ဆင်နေကြလေတယ်။ [ T/N : Media မှာ ပုံထည့်ပေးထားပါတယ်။ ]

ကျီးကျီးက သူ့ဗိုက်ပေါ်က အဆီတွေကို ထိကြည့်လိုက်ပြီးမှ သူ့အဖေထံ လှမ်းကြည့်လိုက်တယ်။ သူ့အဖေက သူ့ထက်တောင် ပိန်နေသေးတယ်လို့ ခံစားလိုက်ရတယ်။ တကယ်လို့ သူ့အဖေရဲ့ခြေထောက်ကို သူတက်နင်းလိုက်မိရင် ကျိုးများကျိုးသွားမလားဘဲ?

ကံကောင်းထောက်မစွာနဲ့ ရှောင်းချီတယောက် သူ့သားဖြစ်သူရဲ့ လောလောလတ်လတ် အတွေးတွေကို ဘာမှမသိရှာလေဘူး၊ မဟုတ်ရင်တော့ စကားတောင်ဆက်မပြောနိုင်တဲ့အထိ ဒီဖက်တီးပုတ်လေးကို သူဟားတိုက်ရယ်မောနေမိလိမ့်မယ်။ သူက ဘယ်လိုလုပ် ဒီလိုဟာမျိုးတွေကို စိတ်ပူနေပါလိမ့်နော်?

ကလေးတွေက လုံးလုံးတုတ်တုတ်နဲ့ ချစ်စရာကောင်းကြသော်ငြား ကျီးကျီးရဲ့ကိုယ်အလေးချိန်ကတော့ စံသတ်မှတ်ချက်ထက် အသိသာကြီးကို ကျော်လွန်နေတာဖြစ်တယ်။ ကလေးတွေရဲ့ကျန်းမာရေးအတွက် သူတို့အနေနဲ့ သူ့ရဲ့ကိုယ်အလေးချိန်ကို သာမန်စံနှုန်းအတွင်း ရှိနေအောင် သေချာစေရမှာဖြစ်တယ်။

ခြုံပြောရရင်ဖြင့် သားအဖတွေက အတော်လေးကို သဟဇာတဖြစ်လှတယ်။

သို့သော် ချူစစ်ယွမ်အတွက်ကတော့ လေထုက ဆန့်ကျင်ဘက်ဖြစ်နေခဲ့တယ်။

ချူစစ်ယွမ်က ရှန်မုအန်းရဲ့ခြေထောက်ကို ပွေ့ဖက်လိုက်ပြီး အရှုံးပေးဖို့ ငြင်းဆန်နေခဲ့တယ်၊ "သားဦးလေးနဲ့ ဝင်မပြိုင်ချင်လို့လေ။ ဆရာအန်းအန်းက သားနဲ့အတူတူ ပြိုင်ပွဲကို ဝင်ပြိုင်ပေးလို့မရဘူးလားဟင်၊ မရဘူးလားလို့?"

ရှန်မုအန်းက ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့တယ်၊ "ဆရာအန်းအန်းက ဒိုင်လူကြီးလုပ်ရမှာလေ၊ ပြိုင်ပွဲကို ဘယ်လိုလုပ်ဝင်ပြိုင်လို့ရပါ့မလဲ?" ချူယီထံ သူလှမ်းကြည့်ပြီး ဒီကပ်ပါးကောင်ငယ်လေးကို ခပ်ဝေးဝေး ခေါ်သွားခိုင်းလိုက်တယ်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now