《 Chapter 3 》

5K 765 13
                                    

{Unicode}

အခန်း (၃) - Scam Call

ရှန်မုအန်း ဖုန်းခေါ်လာပြီးတဲ့နောက် ရှန်ဖန်းချီက တစ်စုံတစ်ယောက်အား ကလေးရဲ့မိသားစုကို ဆက်သွယ်ရမယ့် အချက်အလက်တွေကို ချက်ချင်းရှာခိုင်းလိုက်တယ်။ သူတို့မြို့မှာ Ferraris စီးနိုင်တဲ့သူ သိပ်အများကြီးမရှိတာကြောင့် ရှာဖို့မခက်ခဲလှဘူး။ ဒါ့အပြင် သူတို့တွေက လူကြီးရော၊ ကလေးရော နှစ်ယောက်စလုံးရဲ့နာမည်တွေကို သိရှိပြီးဖြစ်တာကြောင့် ရှာဖွေရတာ ပိုမိုလွယ်ကူသွားစေတယ်။

မကြာခင်မှာပဲ ရှန်ဖန်းချီက ဖန်းရွှိရဲ့ဆက်သွယ်ရမယ့်အချက်အလက်ကို ရှာတွေ့သွားခဲ့တယ်။ သူ့မိုဘိုင်းဖုန်းကိုကောက်ကိုင်ပြီး ဖုန်းခေါ်လိုက်တယ်။

ဖုန်းက အကြိမ်အနည်းငယ်မြည်ပြီးနောက် ချိတ်ဆက်သွားခဲ့တယ်။

"ဟယ်လို၊ မစ္စတာဖန်းရွှိ ဟုတ်ပါသလားခင်ဗျာ?" ရှန်ဖန်းချီ မေးလိုက်တယ်။

"ဟုတ်ပါတယ်" ဖန်းရွှိက သူစိမ်းတစ်ယောက် ဖုန်းခေါ်လာတာကိုတွေ့ရတော့ အံ့သြသွားမိတယ်။ "ဘာကိစ္စများရှိလို့လဲဗျ?"

"ကျွန်တော်က ဇီကျင်းပြည်သူ့လုံခြုံရေးဗျူရိုကပါ။ ချွမ်ထျန်း ဟွားဟွား မူကြိုကျောင်းက ဆရာရှန်မုအန်းက ကျွန်တော်တို့ဆီ ဆက်သွယ်လာပြီးတော့ ခင်ဗျားရဲ့တူလေး ရှောင်းရှုကျီးကို ကျောင်းမှားပို့လိုက်တယ်လို့ ပြောလာပါတယ်" ရှန်ဖန်းချီကတော့ ဒါက မဖြစ်စဖူးဖြစ်တာပဲလို့ တွေးနေမိတယ်။ သို့သော်လည်း ဒီလိုကိစ္စမျိုးတွေက ဖြစ်လေ့ဖြစ်ထမရှိပေမယ့် ပုံမှန်ဆိုရင်တော့ ဒီဟာက သူတို့လက်ထဲရောက်လာမှာ မဟုတ်ဘူး။

ဖုန်းတစ်ဖက်ခြမ်းက ဖန်းရွှိခမျာ စက္ကန့်အနည်းငယ်လောက် နှုတ်ဆိတ်သွားပြီး ပြောလာတယ်၊ "ခင်ဗျားက လူလိမ်ပဲ" ပြီးနောက် ဖုန်းချသွားတော့တယ်။

ရှန်ဖန်းချီ : "..."

ဘာသံမှထွက်မလာတော့ဘဲ ကြိုးဖုန်းတစ်လုံးအဖြစ်ပြောင်းသွားတဲ့ သူ့မိုဘိုင်းဖုန်းကိုကြည့်ရင်း နောက်တစ်ကြိမ်ထပ်ခေါ်လိုက်ပြန်တယ်။

သို့ပေမဲ့ ဖုန်းက နှစ်ခါမြည်ပြီးတာနဲ့ အချခံလိုက်ရတယ်။ ရှန်ဖန်းချီတစ်ယောက် အံ့ဩသွားရပြီး ဒီလူ့ဆီမှာ ပြင်းထန်တဲ့ ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်ခြင်းတွေ ဘာတွေရှိနေတာများလား...? ဒါမှမဟုတ် ကလေးကို ကျောင်းတောင်မှားပို့ရလောက်အောင် ဂရုမစိုက်တာလို့ပဲ ပြောရမလားတောင် မသိတော့ဘူး။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now