《 Chapter 9 》

3.4K 590 1
                                    

{Unicode}

အခန်း (၉) - ဆက်ဆံရေး

"အာ... ဟယ်လို။ ဒါဆရာရှန်ရဲ့အိမ်ဟုတ်ပါသလားခင်ဗျာ?" ချူယီ အိမ်နံပါတ်ကို တချက်လှမ်းကြည့်ပြီး သူနေရာမှားလာမိတာမဟုတ်ကြောင်း သေချာစေလိုက်တယ်။ သူ့ရှေ့ကလူဆီကနေ ဖိနှိပ်လိုတဲ့ အရှိန်အဝါခပ်ပါးပါးကို သူခံစားမိနေတယ်၊ အဲ့ဒါက ရှန်မုအန်းရဲ့စိတ်နေစိတ်ထားနဲ့ လုံးဝကို ကွဲပြားနေတယ်။

"ဟုတ်ပါတယ်၊ ခင်ဗျားက မစ္စတာချူမဟုတ်လား?" ရှန်ဖန်းချီ ချူယီကိုကြည့်လိုက်တယ်။ သူ့ညီလေးက အခုလေးတင် ချူ Group နဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို ဖတ်နေတဲ့ဟာကို၊ ချူ Group ရဲ့တာဝန်ရှိပုဂ္ဂိုလ်က သူ့အိမ်ကို တကယ်ကြီး ရောက်ချလာတာက ဒီနေ့ တခုခုဖြစ်ခဲ့သလားလို့တောင် သူ့ကို အံ့ဩတကြီးဖြစ်သွားစေတယ်။

"ဟုတ်​ပါတယ်​ခင်ဗျ၊ ကျွန်တော် စစ်ယွမ်လေးကိုလာ​ခေါ်တာပါ" ချူယီက ပြောလိုက်တယ်။

ရှန်မုအန်း ခဏစောင့်နေတာတောင် သူတို့ဝင်မလာသေးတာကိုမြင်တော့ သူလျှောက်လာပြီး တချက်လှမ်းကြည့်လိုက်တယ်၊ "ခင်ဗျားဘာလို့ဝင်မလာသေးတာလဲ?"

ရှန်ဖန်းချီ ချူယီဝင်လို့ရအောင် ချက်ချင်း လမ်းဖယ်ပေးလိုက်တော့တယ်။

ရှန်မုအန်းက ချူယီ့ကို အိမ်တွင်းစီးဖိနပ်တရံပေးလိုက်ချိန်မှာ သူ့နောက်ကလူက သူ့ကိုကြည့်နေတယ်လို့ သူအရှင်းကြီး ခံစားမိလိုက်တယ်၊ တောကောင်ကြီးတကောင်က သူ့ကိုစိုက်ကြည့်နေသလိုမျိုး ခံစားနေရတယ်။

ဒီခံစားချက်ကြီးက မကောင်းဘူး။ ချူယီတယောက် သူအမဲလိုက်ခံရတော့မလို ခံစားနေရတယ်။

ရှန်မုအန်း ချူယီကို သူ့အခန်းထဲခေါ်သွားလိုက်တယ်၊ "စစ်ယွမ်က အိပ်ပျော်နေပြီ၊ အသံအရမ်းမကျယ်စေနဲ့နော်"

ချူစစ်ယွမ်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး သူအိပ်ပုံအိပ်နည်းက နည်းနည်းထူးဆန်းတယ်။ ခေါင်းအုံးပေါ်မှာ ခြေထောက်တစ်ဖက်တင်ထားပြီး သူ့အဝတ်အစားတွေက ဗိုက်ပေါ်လန်တက်နေတဲ့အပြင် စောင်တဝက်က ကြမ်းပြင်ပေါ်ပြုတ်ကျနေတယ်။ အနီးကပ်ကြည့်လိုက်မယ်ဆိုရင်ဖြင့် သူ့နှုတ်ခမ်းထောင့်လေးတွေက အနည်းငယ် တောက်ပြောင်နေတာကိုတောင် မြင်ရနိုင်တယ်။

မူကြိုကျောင်းက ဗီလိန် [ မြန်မာဘာသာပြန် ] { Completed }Where stories live. Discover now